သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသခံပြည်သူ့စစ်တချို့ထံက NMSP-AD အဖွဲ့ လက်နက်သိမ်း 


မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ
မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ

စစ်ကောင်စီကို ဆန့်ကျင်ဖို့ မွန်ပြည်သစ်ပါတီက ခွဲထွက်ခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အဖွဲ့က ဒေသခံ ပြည်သူ့စစ်တချို့ကို မကြာသေးခင်ကစ ဖမ်းဆီးတာ၊ လက်နက်သိမ်းတာတွေ လုပ်နေကြောင်း အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ တချိန်တည်းမှာပဲ အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။ မွန်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်လေး က တင်ပြထားပါတယ်။

ဒေသခံ ပြည်သူ့စစ်တွေဟာ စစ်ကောင်စီကို အားပေးထောက်ခံနေတာကြောင့် မကြာသေးခင်ကစ ဖမ်းဆီးတာ လက်နက်သိမ်းတာတွေ စလုပ်ခဲ့တာလို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-ADရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့မှာပဲ မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ကော့ပီထော်ရွာ ပြည်သူ့စစ်ခေါင်းဆောင် ၃ဦးကို ဖမ်းဆီးပြီး သူတို့ရဲ့ သေနတ် ၁၅ လက်နဲ့ ကျည်ဆံတွေကို သိမ်းဆည်းလိုက်တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ဒီကော့ပီထော်နဲ့ ကမာဝက် စိန်တောင်ရှိ ပြည်သူ့စစ်ရဲ့ လက်နက်တွေကို ကျနော်တို့ သိမ်းလိုက်ပါတယ်။ သူတို့ခေါင်းဆောင် ၃ဦးလည်း ဖမ်းဆီးလိုက်ပါတယ်။ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေ ဖြစ်နေတဲ့ ပြည်သူ့စစ်တွေပေါ့နော်၊ ပြည်သူ့စစ်တွေ အားလုံးပေါ့နော်။ အခုချိန်ကစပြီး ဒီသူတို့ရဲ့ လက်နက်တွေကို ကျနော်တို့ အဖွဲ့ဆီကို လာရောက်အပ်နှံပေးဖို့ပေါ့နော်၊ အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင် ကျနော်တို့က possibility နော် နောက်ဖြစ်ပေါ်လာမယ့် အနေအထားမျိုးကို ကျနော်တို့က လုံးဝတာဝန်မယူနိုင်ဘူးဆိုတဲ့ သတင်းစကားပေးချင်တာပါ။ ဟုတ်ကဲ့။”

NMSP-AD အဖွဲ့ဟာ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နဲ့ ရေးမြို့နယ်တွေမှာ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတာပါ။ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးလက်နက်သိမ်းတဲ့ နေ့မှာပဲ အဖွဲ့ဝင်တချို့ရဲ့ မိသားစုဝင်တွေကို မုဒုံမြို့နယ် အဘစ်ကျေးရွာ အခြေစိုက် အမြောက်တပ်(၃၁၈)တပ်ရင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း့ NMSP-AD ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောပါတယ်။

“ဒီကိစ္စဖြစ်ပြီးနောက်ပိုင်း ၃၁၈ အဘစ်တပ်ရင်းပေါ့နော်။ ကျနော်တို့ရဲ့ အဖွဲ့ဝင်ရဲ့ မိသားစုပေါ့နော်၊ မိသားစုတွေကို ညီမတွေ နောက်ပြီးတော့ အမျိုးသမီးတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာ ၃ယောက်ပေါ့နော် ဖမ်းဆီးခေါ်ဆောင်သွားတာရှိပါတယ်။ သူတို့က ဒီလုပ်ငန်းနဲ့ ဘာမှပတ်သက်တာ မရှိပါဘူး။ ဒါပေမယ့် ၃၁၈ အဘစ်တပ်ရင်းက ဖမ်းဆီးခေါ်ဆောင်သွားတာရှိပါတယ်။”

ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောပါဘူး။ ဒေသခံ တိုင်းရင်းသတင်းဌာနဖြစ်တဲ့ Independent Mon News Agency ကတော့ ဖမ်းဆီးခံရသူတွေထဲမှာ NMSP-AD ရဲ့ နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ဝင် နိုင်ကြည်စန်း ရဲ့ ညီမဖြစ်သူ မုဒုံမြို့နယ် တောင်ပကျေးရွာမှာနေထိုင်တဲ့ ဒေါ်မြင့်စန်း တို့ ပါဝင်ကြောင်း ဖော်ပြပါတယ်။ ဒေသခံ တယောက်ကတော့ ဖမ်းဆီးခံရသူတွေ ပြန်လွတ်မလာသေးဘူးလို့ ပြောပါတယ်။

“သူတို့အခြေအနေက ပြန်လွတ်ပြီးလို့ မကြားရသေးဘူး။ (စစ်ကောင်စီက)သူတို့ဖုန်း ၂ လုံးလုံးရသွားတယ်။ ဆရာမဖုန်းရော သူ့အမျိုးသားဖုန်းရော အကုန်ယူသွားတယ် ပစ္စည်းတွေ အကုန်ယူသွားတယ် အဲ့လိုသတင်းကြားရတယ်။ အခု စစ်တပ်က ပြန်လွှတ်တော့မယ်ပေါ့နော်။ မိသားစုဝင်တွေက စစ်တပ်နဲ့ ညှိုနှိုင်းတာရှိတယ်ကြားတယ်၊ နိုင်ကြည်စန်းတို့က AD အဖွဲ့မှာ မပါဘူးပေါ့နော် ဆိုတော့ မကြာခင် လွှတ်နိုင်ခြေရှိတယ်ကြားတယ်။ ဒါပေမယ့် ဒီနေ့က သူတို့အိမ်မရောက်သေးဘူး၊ သူတို့အိမ်က ဘယ်သူမှမရှိဘူး ပိတ်ထားတယ်။”

ဒေါ်မြင့်စန်းဟာ ကွမ်ကဗွီးကျေးရွာ အစိုးရကျောင်းမှာ မူလတန်းပြသင်ကြားနေသူဖြစ်ပြီး နိုင်ငံရေးနဲ့ ဆက်နွယ်မှု မရှိဘူးလို့လည်း နီးစပ်သူတွေကပြောပါတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ ဒေါက်တာအောင်မြတ်ကျော်စိန် ကတော့ ဖမ်းဆီးမှုသတင်းကို အတည်မပြုနိုင်ကြောင်း ပြောပါတယ်။

“မဟုတ်လောက်ပါဘူး။ အခု ကျနော်သိသလောက်တော့ တချို့ဟာတွေက တချို့ ဟိုဟာဖြစ်ရင်တော့ လှမ်းပြောပါတယ်။ သူတို့ ဒီလိုမျိုးဟာတွေက တချို့ သတင်းအမှားအနေနဲ့ ပါပါလိမ်မယ် အဲ့လိုမျိုးနော်။ သူတို့ ဘာပစ်တယ်လို့ ခတ်တယ်လို့ နောက်ဒီဘက်က ဟိုဟာတွေ ဖမ်းတယ်ဘာတို့ ဒီဘက်ကို သူတို့စွဲစွပ်တတ်ပါတယ်။ အဲ့ဒါတော့ မဟုတ်လောက်ပါဘူးထင်ပါတယ်နော်။”

ဖမ်းဆီးခံရတယ်လို့ သတင်းထွက်နေသူတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မိသားစုတွေကို ဆက်သွယ်လို့တော့ မရသေးပါဘူး။ ဖမ်းဆီးမှုတွေ အပါအဝင် မွန်ပြည်နယ်က စစ်ရေး အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG