သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ချိုမြို့နယ် ဟိုခိုရွာနား တိုက်ပွဲပြင်းထန်


နောင်ချိုမြို့အထွက် ဆိုင်းဘုတ်
နောင်ချိုမြို့အထွက် ဆိုင်းဘုတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေ နေရာယူထားတဲ့ လယ်သမားခေါင်းဆောင် ဆရာစံ ခိုအောင်းခဲ့ဖူးရာ သမိုင်းဝင်ကျောက်ဂူနား တဝိုက်က ဒေသခံတွေကို စစ်တပ်က ဖယ်ရှားခိုင်းနေတာကြောင့် ကျောက်ဂူအနီးမှာရှိတဲ့ ဟိုခိုကျေးရွာက ပြည်သူ ၅၀၀ ကျော်လောက် တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဟာ အခု ဧပြီလ ၅ရက်နေ့လောက်က ပြန်လည် ဖြစ်ပွားခဲ့ပြီး ဒီကနေ့ သောကြာနေ့အထိ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဟိုခိုကျေးရွာအနီးက အင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ တောင်သူလယ်သမားခေါင်းဆောင် ဆရာစံ ခိုအောင်းခဲ့ရာ ကျောက်ဂူနဲ့ မဝေးတဲ့ ဟိုခိုကျေးရွာက ပြည်သူတွေကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်မှာမို့ နေရာ ပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဂူထဲမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ နေရာယူထားတာကြောင့် တိုက်ခိုက်ဖို့ ပြင်နေပုံရတယ်လို့ ဒေသခံတဦးက VOA ကို ခုလိုပြောပါတယ်။

“ဟိုခို ကျေးရွာ၊ ရွာပြင်မှာ ဆရာစံ ပုန်းခဲ့တဲ့ လှိုဏ်ဂူ အကြီးကြီးရှိတယ်လေ။ သူတို့က လေယာဉ်နဲ့ ဗုံးကြဲတော့ PDF တွေက အဲဒီအထဲကို ခိုတယ်ဆိုပြီးတော့ လှိုဏ်ဂူပါ ဗုံးကြဲဖို့ အခု ဒေသခံတွေကို ဖယ်ခိုင်းနေတယ်။ သူတို့ လေယာဉ်နဲ့ ကြဲချင်ကြဲမှာပါ။ ကြဲမယ်ဆို အခု ဖယ်ခိုင်းနေတာ။ လှိုဏ်ဂူက ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဆိုပြီး ယဉ်ကျေးမှုဝန်ကြီးဌာနက လာပြီးတော့ တရားဝင် သတ်မှတ်ထားတာ။ ဦးသိန်းစိန် အစိုးရလက်ထက်ပေါ့။”

ဒီနေ့ သောကြာနေ့ မနက်ထဲက ဟိုခို ကျေးရွာ အနီးအဝိုက်ကိုလည်း သုံးဆယ် ရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း ပြောပါတယ်။ အခြားဒေသခံတစ်ဦးကတော့ ဟိုခို ကျေးရွာနဲ့ အနီးအနားက ရွာတွေဟာ မနေ့ညနေတည်းက တိမ်းရှောင်တာတွေ ရှိနေကြောင်း ပြောပါတယ်။

“ဟိုခိုနဲ့ ဟိုခိုတဝိုက်က ဒေသခံတွေကတော့ မနေ့ညနေကထိ တခြားဘက်ကို ရွှေ့ခိုင်းထားတယ်ဗျ။ အခြေအနေကတော့ အခုချိန်ထိ လက်နက်ကြီးသံတွေရော၊ ဟတ်စကီးတွေရော၊ လေယာဉ်တွေရော အမြဲတမ်းလိုလို ဝဲနေတာ၊ နေ့တိုင်းလိုလို သွားနေတယ်ဗျ။ ဗုံးသံလား၊ လေယာဉ်ကြဲတာလားတော့ မသိဘူး။ တအုံးအုံးနဲ့ ကြားနေရတာဗျ။ ဟိုခို ဘက်က ကြားတာဗျ။ ရှောင်နေတဲ့လူတွေကတော့ ၅၀၀ လောက်တော့ ရှိမယ်ထင်တယ်။ ဟိုခို တရွာတည်းတော့ မဟုတ်ဘူးဗျ။ အဲဒီနားက ရွာနီးချုပ်စပ်က တခြားရွာတွေရော ရှောင်ခိုင်းတယ်ဆိုတော့ အင်အားတော့ ကျနော် တိတိကျကျ မပြောတတ်ဘူးပေါ့။”
ဒီလဆန်းပိုင်းက တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာနဲ့ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေကြောင့် ဟိုခို၊ သုံးဆယ်၊ သံဘို စတဲ့ကျေးရွာ အုပ်စုအတွင်းက ရွာပေါင်း ၁၀ ရွာလောက်က ပြည်သူတွေဟာ စစ်ဘေးလွတ်ရာ နောင်ချိုနဲ့ ပြင်ဦးလွင် စတဲ့မြို့ပေါ်တွေနဲ့ အခြားကျေးရွာတွေကို တိမ်းရှောင်နေကြရပါတယ်။
တောင်သူလယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံဟာ ပဲခူးတိုင်း သာယာဝတီမြို့နယ်က စတင်ပြီး အင်္ဂလိပ်အစိုးရကို တော်လှန်ခဲ့ရာမှာ နောက်ပိုင်း အရေးနိမ့်ခဲ့တဲ့နောက် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကို တိမ်းရှောင်ခဲ့ပါတယ်။ ၁၉၃၁ သြဂုတ်လအတွင်းမှာ နောင်ချိုမြို့နယ် ဟိုခို ကျေးရွာအနီးက ထုံးကျောက်ဂူအတွင်းမှ ဖမ်းဆီးခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG