သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဦးတည်ရာမရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ


မီးရှို့ခံထားရတဲ့ပုလောမြို့နယ်ထဲကနေအိမ်များ (ဖေဖော်ဝါရီ ၂၀၂၃) ဓာတ်ပုံ - Crocodile Column
မီးရှို့ခံထားရတဲ့ပုလောမြို့နယ်ထဲကနေအိမ်များ (ဖေဖော်ဝါရီ ၂၀၂၃) ဓာတ်ပုံ - Crocodile Column

စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းက တိုကျေးရွာနဲ့ သင်္ကန်းတောကျေးရွာဘက် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဦးတည်ရာမရှိ မကြာခဏ ပစ်ခတ်နေပြီး စစ်ရှောင်ပြည်သူတွေ အမြဲတမ်း စိုးရိမ်ကြောက်လန့်နေရတယ်လို့ ပြောပါတယ်။ ဒါကြောင့် စစ်ပြေးဒုက္ခသည် ၄ ရွာထက်မနည်း ခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူး။ စစ်ရှောင်အများစုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုန်းရှောင်နေကြပြီး အကူအညီလည်း မရကြပါဘူး။ သူတို့ တိမ်းရှောင်ကြတဲ့နေရာနဲ့ တဖက်ကမ်းကို မြစ်ချောင်းဖြတ်ကူးပြီးမှ လိုအပ်တဲ့ပစ္စည်းကို ဝယ်ခြမ်းရတာမို့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတဲ့ အကြောင်း သတင်းပေးပို့ထားတာကို တင်ပြပေးပါမယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ တည်ငြိမ်နေပေမယ့် စစ်ကောင်စီဘက်က စစ်ကြောင်းဆင် သွားလာလှုပ်ရှားမှုတွေ ဆက်လုပ်နေပါတယ်။

စစ်​ကောင်စီတပ်တွေက ပုလောမြို့နယ်၊ တိုကျေးရွာဘက်မှာ တပ်စွဲနေရာယူထားပြီး လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာမို့ အမြဲတမ်း စိုးရိမ်ထိတ်လန့်နေရတယ်လို့ စစ်ရှောင်တဦးက VOA ကို ပြောပါတယ်။

“သူတို့က တိုမှာလည်းစွဲထားတယ်၊ ပုလောမှာလည်း တပ်စွဲထားတယ်၊ တိုရွာနဲ့ ညီမလေးတို့ရွာနဲ့ဆို တစ်မိုင်ကွာတယ်၊ ပုလောနဲ့ဆို နှစ်မိုင်ကွာတယ်၊ အဲ့ဒီဘက်က ညီမလေးတို့ဘက်ကို ညဘက်ဆို လက်နက်ကြီးတွေနဲ့ တအားထုတာလေ၊ ထိတဲ့နေရာထိ၊ ကျတဲ့နေရာကျ၊ သူတို့ကလေ တချက်ဆိုထုတာ အဲ့လို ဘယ်ဆီကိုရောက်ရောက် ကျချင်တဲ့နေရာကျပေါ့။ လက်နက်ကြီးက သူတို့ ထုတဲ့အချိန်ကျရင် တခါတလေကျရင် ထုရင် ၄လုံး၊ ၅လုံးလောက် ဆက်တိုက်ထုတယ်။”

လက်နက်ကြီးတွေက ဦးတည်ရာမရှိ ပစ်ခတ်နေတာမို့ စစ်ရှောင်ပြည်သူတွေက သတိနဲ့ နေထိုင်နေရတာလို့ ဆိုပါတယ်။

“မနီးမဝေးမှာ လာကျတယ်ဆိုတော့ အခန့်မသင့်လာကျနိုင်တယ်လေ၊ ညီမလေးတို့ နေတဲ့နေရာနဲ့ အဲ့ဒီမှာ တစ်နေရာပြီး တစ်နေရာ ရွှေ့အိပ်ကြတဲ့အချိန်တွေလည်း ရှိတာပေါ့။ ညဘက်ကြီးဆို ဒီလိုပဲ သတိထားပြီး နေနေရတာပေါ့။”

စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းဆင်း သွားလာ လှုပ်ရှားရင်း ကာကွယ်ရေးတပ်ဘက်က ထောင်ထားတဲ့ မိုင်းကွင်းနင်းမိလို့ ပေါက်ကွဲ ထိခိုက်တာတွေရှိပါတယ်။ ဒါကြောင့် သူတို့ဘက်က အထိနာပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာဖြစ်နိုင်တယ်လို့ ပုလောကာကွယ်ရေးတပ် သတင်း ပြန်ကြားရေးတာဝန်ခံတဦးက VOA ကို ပြောပါတယ်။

“နှစ်ဖက်ပစ်ခတ်မှုရယ်လို့တော့ မဟုတ်ဘူး၊ သူတို့က အဲ့လိုပေါ့နော် မိုင်းပေါ့၊ ဒီဘက်က မိုင်းထောင်တာကို မိုင်းထိသွားတဲ့အခါကျတော့ အဲ့ဒါ သူတို့ဘက်ကနေပြီးတော့ ပြန်ပြီးတော့ လက်နက်ကြီးနဲ့ ပြန်ပစ်တာပေါ့၊ အဲ့လိုမျိုးလုပ်တာ။ ထိပ်တိုက် တိုက်ပွဲဖြစ်တာမျိုးတော့ မဟုတ်ဘူး။”

တိုက်ပွဲကြောင့် သင်္ကန်းတောကျေးရွာ၊ တိုကျေးရွာ၊ ကဒဲကျေးရွာ၊ ပဝတ်ကုန်းကျေးရွာတို့က ဒေသခံတွေဟာ ပြေးရှောင်နေကြရတာ လနဲ့ချီ ကြာလာပြီဖြစ်ပေမယ့် ခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။

စစ်ရှောင်အများစုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုန်းရှောင်နေကြပြီး အကူအညီတွေ မရကြပါဘူး။ စစ်ရှောင်နေတဲ့နေရာနဲ့ တဖက်ကမ်းကို မြစ်ချောင်းဖြတ်ကူးပြီးမှ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ခြမ်းရတာမို့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“ဆန်၊ ဆီ၊ ဆား အခက်အခဲတွေ တော်တော်ရှိတာပေါ့။ ဒီမှာ ဝယ်စားစရာမရှိဘူးလေ။ တဖက်ကမ်းမှာ ရေကြောင်းနဲ့သွားပြီးမှ သွားဝယ်ရတာ ပင်လယ်ထဲကူပြီးမှ။”

အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်ဟာ ပုံမှန်အခြေအနေ မရောက်သေးဘူးဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်အုပ်ချုပ်ရေး ထပ်တိုး ကြေညာတဲ့ထဲမှာ၊ ပုလောမြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက ပုလောမှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေ ပိုပြီး ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG