သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီဆိုင်ရာ ကန်အထူးကိုယ်စားလှယ် တရုတ်ရောက်ရှိ


အမေရိကန်အထူးကိုယ်စားလှယ် John Kerry(ဝဲ) နဲ့ တရုတ်အထူးကိုယ်စားလှယ် Xie Zhenhua (ယာ)၊ ဂျူလိုင် ၁၇၊ ၂၀၂၃
အမေရိကန်အထူးကိုယ်စားလှယ် John Kerry(ဝဲ) နဲ့ တရုတ်အထူးကိုယ်စားလှယ် Xie Zhenhua (ယာ)၊ ဂျူလိုင် ၁၇၊ ၂၀၂၃
အမေရိကန် သမ္မတရဲ့ ဥတုရာသီဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း John Kerry ဟာတရုတ်ပြည်ကို ရောက်ရှိနေပြီး ဘေဂျင်းမှာ တရုတ်တာဝန်ရှိသူတွေနဲ့ တနင်္လာနေ့ကတွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြားမှာ ရာသီဥတု ဆိုင်ရာ ဆွေးနွေးပွဲတွေ ရပ်တန့်နေတာ ၁ နှစ် နီးပါး ရှိနေပြီ ဖြစ်ပါတယ်။
နှစ်နိုင်ငံကြားကုန်သွယ်ရေး မပြေမလည်မှုတွေရှိနေချိန် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ အပြင် ထိုင်ဝမ်အရေးနဲ့ တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အငြင်းပွားနေတာတွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေတာကို ပြန်လည် ဖြေလျော့နိုင်ဖို့ အမေရိကန်ဖက်က ဆက်တိုက် ကြိုးပမ်းနေချိန်မှာပဲ အခု John Kerry ရဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ခရီးစဥ်ဖြစ်ပေါ်လာတာပါ။
အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံဟာ ကမ္ဘာမှာ ဥတုရာသီ ညစ်ညမ်းမှုအများဆုံးပေါ်ပေါက်စေတဲ့ နှစ်နိုင်ငံ လည်းဖြစ်ပါတယ်။ John Kerry နဲ့ တရုတ် ကိုယ်စားလှယ် Xie Zhenhua တို့ ဦးဆောင်တဲ့ နှစ်နိုင်ငံ အဖွဲ့တွေဟာ ဥတုရာသီဆိုင်ရာဆွေးနွေးမှုတွေကို မျက်နှာချင်းဆိုင် ကျင်းပခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

ဒီခရီးစဥ်အတွင်းမှာ ကယ်ရီက တရုတ်နိုင်ငံရဲ့ ကျောက်မီးသွေးအပေါ် မှီခိုအားထားနေတာနဲ့ ကမ္ဘာကြီး ကို အဓိက ပူနွေးလာစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ မီသိန်း ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ရေး တွန်းအားပေးဖို့ မျှော်လင့်ရပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးထုတ်လုပ်၊ သုံးစွဲတဲ့ နိုင်ငံဖြစ်သလို စက်ရုံ အသစ်တွေ လည်းဆက်ပြီးတည်ဆောက်နေပါတယ်။ တပြိုင်တည်းမှာပဲနေရောင်ခြည်နဲ့ လေစွမ်းအင်လို ပြန်ပြည့်မြဲစွမ်းအင် တိုးချဲ့ထုတ်လုပ်နိုင်ဖို့လည်း ဆောင်ရွက်နေပြီး လာမယ့် ၂၀၆၀ ခုနှစ်မှာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုနဲ့ စုပ်ယူဖယ်ရှားနိုင်မှု တထပ်တည်းကျဖို့ ကတိပြုထားပါတယ်။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG