သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ဆင့်ကဲပေါက်ကွဲဗုံးတွေပေးမယ့် ဆုံးဖြတ်ချက် အမေရိကန်ရှင်းလင်း


FILE - A Ukrainian military serviceman holds a defused cluster bomb among a display of pieces of Russian army rockets that a Ukrainian munitions expert said did not explode on impact, in Kharkiv region, Ukraine, Oct. 21, 2022.
FILE - A Ukrainian military serviceman holds a defused cluster bomb among a display of pieces of Russian army rockets that a Ukrainian munitions expert said did not explode on impact, in Kharkiv region, Ukraine, Oct. 21, 2022.

ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster Bomb ဗုံးလက်နက်တွေကို ယူကရိန်းနိုင်ငံကို ပို့ပေးမယ့် ဆုံးဖြတ်ချက်နဲ့ပါတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ကာကွယ်ပြောဆိုနေပါတယ်။ ဗုံးသေးလေးတွေ အမြောက်အများပါဝင်ပြီး နေရာကျယ်ကျယ်ပြန့်ပြန့် ထိခိုက်နိုင်တဲ့ Cluster ဗုံးတွေထဲက မပေါက်ကွဲဘဲ ကျန်နေနိုင်တဲ့ ဗုံးသီးလေးတွေက အရပ်သားပြည်သူတွေကို ထိခိုက်နိုင်တဲ့အတွက် နိုင်ငံပေါင်း ၁၀၀ ကျော်မှာတားမြစ်ထားတာပါ။

အဲဒီလက်နက်မျိုးကို ယူကရိန်းကိုပေးဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဘိုင်ဒန်အစိုးရက ပြောပါတယ်။ အမေရိကန်ပေးမယ့် ဆင့်ကဲပေါက်ကွဲဗုံးတွေက ပေါက်ကွဲနိုင်ချေများတဲ့အတွက် အရပ်သား ထိခိုက်နိုင်မှုကို နည်းအောင်လုပ်နိုင်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က သောကြာနေ့က အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ရုရှားနိုင်ငံက Cluster ဗုံးတွေကို စစ်ပွဲစကတည်းက အသုံးပြုနေပါတယ်။ ဒါကြောင့်လည်း ယူကရိန်းက သူတို့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်နိုင်ဖို့အတွက် ဆင့်ကဲပေါက်ကွဲ ဗုံးလက်နက်တွေပေးဖို့ တောင်းဆိုနေခဲ့တာပါ။ ရုရှားတို့ရဲ့ Cluster ဗုံးတွေရဲ့ မပေါက်ကွဲတဲ့နှုန်း ၃၀% ကနေ ၄၀% အကြားမှာ ရှိပါတယ်။

အမေရိကန်က‌ ယူကရိန်းကိုပေးမယ့် Cluster ဗုံးတွေကတော့ မကွဲနိုင်တဲ့နှုန်းပိုနည်းပြီး ၂.၅% လောက်ပဲ ရှိတာကြောင့် ပိုပြီးထိရောက်မှုရှိမှာပါလို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ယူကရိန်းမှာ လက်နက်တွေ နည်းနေတဲ့အတွက် ဆင့်ကဲပေါက်ကွဲဗုံးတွေအပါအဝင် ဒေါ်လာသန်း ၈၀၀ ဖိုး ယူကရိန်းကို စစ်ရေးအကူအညီတွေ ထပ်ပေးတာဖြစ်တယ်လို့ သမ္မတ Joe Biden ကလည်း ပြောကြားခဲ့ပါတယ်။

Lithuania နိုင်ငံမှာ NATO စစ်ရေးမဟာမိတ်အဖွဲ့ ထိပ်သီးစည်းဝေးပွဲ ဒီရက်ပိုင်းကျင်းပမှာမို့ ဒီကိစ္စက သမ္မတ Joe Biden ကို ဆွေးနွေး မေးခွန်းထုတ်စရာ ကိစ္စတခုဖြစ်နိုင်ပါတယ်။ NATO စစ်ရေးအဖွဲ့အကြီးအကဲ Jens Stoltenberg ကတော့ Cluster ဗုံးတွေ ယူကရိန်းကို ပေးဖို့က တနိုင်ငံချင်းစီရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲဆိုင်တယ်လို့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ဆင့်ကဲပေါက်ကွဲနိုင်တဲ့ Cluster ဗုံး ထုတ်လုပ်၊ သုံးစွဲ၊ သိမ်းဆည်သိုလှောင်၊ လွှဲပြောင်းခြင်းမပြရလို့တားမြစ်ထားတဲ့ သဘောတူစာချုပ်မှာ အမေရိကန်၊ ယူကရိန်း၊ ရုရှားတို့ ပါဝင်လက်မှတ်ထိုးထားခြင်းမရှိသေးပါဘူး။ ဗုံးတလုံးထဲကနေ ဧရိယာနေရာ ကျယ်ဝန်းအထိ ထိခိုက်ပေါက်ကွဲနိုင်တဲ့ Cluster ဗုံးတွေဟာ ရုရှားကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့နေရာမှာ ယူကရိန်းအတွက် အရေးပါတဲ့ လက်နက်ဖြစ်မယ်လို့ အမေရိကန်က ယူဆထားတာပါ။ ဒီဗုံးတွေ ယူကရိန်းကို ထောက်ပံ့ပေးရေး၊ မပေးရေးအတွက် အမေရိကန် အရာရှိတွေအကြား လနဲ့ချီ အခြေအတင် ဆွေးနွေးခဲ့ကြပြီးမှ သမ္မတ Biden က ပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG