သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ သားငယ်ထပ်မံတောင်းဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ် (ဝဲ) တို့ နှစ်ဦးကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ တုန်းက မြန်မာပြည်တွင်း ခရီးစဥ်တခုမှာ အတူ တွေ့မြင်ရစဥ်။ မှတ်တမ်း ဓာတ်ပုံ(ဓာတ်ပုံ-စိုးသန်းဝင်း/AFP)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ် (ဝဲ) တို့ နှစ်ဦးကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ တုန်းက မြန်မာပြည်တွင်း ခရီးစဥ်တခုမှာ အတူ တွေ့မြင်ရစဥ်။ မှတ်တမ်း ဓာတ်ပုံ(ဓာတ်ပုံ-စိုးသန်းဝင်း/AFP)

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် (Kim Aris) က ထပ်မံ တောင်းဆိုလိုက်ပြီး အကျဥ်ထောင်ထဲမှာ ၄ နှစ်နီးပါး ကြာနေပြီ ဖြစ်တဲ့ မိခင်ဖြစ်သူ အတွက် စိုးရိမ်ပူပန်နေကြောင်း ဗြိတိန် အခြေစိုက် The Independent သတင်းစာမှာ စနေနေ့က ဖော်ပြပါတယ်။ 

လာမယ့်နှစ်ဆို အသက် ၈၀ ပြည့်တော့မယ် မိခင် ဖြစ်သူကို အချုပ်အနှောင်ကနေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကင်မ်က မေတ္တာရပ်ခံထားပါတယ်။ မြန်မာ စကားလုံး “မေမေ” ဆိုတာကို သုံးနှုန်းပြီး “မေမေဟာ ပင်ပန်းနွမ်းနယ်လှပါပြီ၊ ကျန်းမာရေး မကောင်းတဲ့အတွက် သူ့ကို ပြန်လွှတ်ပေးဖို့ အလေးအနက် မေတ္တာရပ်ခံ ထပ်မံ တောင်းဆိုလိုက်ပါတယ်” လို့ ကင်မ်အဲရစ်က ပြောပါတယ်။ စစ်တပ်ရဲ့ ဖမ်းဆီး အကျဥ်းချခံရပြီး ဘဝရဲ့ သက်တမ်း ၄ ပုံ တ ပုံကို ဖြတ်သန်းနေရတဲ့ မိခင်ဖြစ်သူ ပြန်လွတ်ဖို့နဲ့ ကျန်းမာစေကြောင်း ဆုမွန်ကောင်းနေတယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ရည်ညွှန်းပြီး “ ဖခင်ဖြစ်သူက နိုင်ငံ့လွတ်လပ်ရေးကို ဆောင်ကြဥ်းပေးပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူကတော့ တိုင်းသူပြည်သားတွေရဲ့ အခြေခံလူ့အခွင့်အရေး ရရှိဖို့ သူ့ဘဝကို အများကြီး စတေးခဲ့ပြီးပါပြီ” လို့လည်း ကင်မ်အဲရစ်က ပြောပါတယ်။

သားငယ်ဖြစ်သူ ကင်မ်အဲရစ်ရဲ့ တောင်းဆိုချက်ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ၃ ဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုချက်အပြီး ရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာတာပါ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း William Hague က Independent သတင်းစာရဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း မှတ်တမ်းရုပ်ရှင်မှာ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုံဆော်ရမယ်” လို့ ပြောအပြီးမှာ နောက်ထပ် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Andrew Mitchell နဲ့ Sir Alan Duncan တို့ကလည်း “ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာက စစ်အာဏာရှင်တွေဟာ ပြည်သူအများ အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်နေတယ် ဆိုတာကို ညွန်ပြနေတယ်” လို့ ပြောကြောင်း The Independent သတင်းစာမှာ ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြဟာ ဆိုးရွားတဲ့ အခြေအနေမှာ ချုပ်နှောင်ခံနေရပြီး ဒီမိုကရေစီစနစ်မှာ တိုင်းပြည်ကို ဦးဆောင်ခွင့်ရဖို့ ထိုက်တန်ကြောင်း ဖော်ပြထားပါတယ်။

သားဖြစ်သူ ကင်မ်ကလည်း မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ “လွတ်လပ်မှုနဲ့ အာဏာရှင်ကို တွန်းလှန်ဖို့ အတွက် ဘဝကို မြှုပ်နှံထားပြီး တရားမျှတတဲ့ တရားစီရင်မှုမရှိဘဲ ချုပ်နှောင်ခံထားရတာ နှစ်များစွာ ကြာမြင်ပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး ဒီမိုကရက်စီ စနစ် ထွန်းကားဖို့ ကြိုးစားအားထုတ်မှုက ဘယ်တော့မှ ယိမ်းယိုင်မသွားဘူး” လို့ ပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ဟာ သူနဲ့ သူ့ အကို ဖြစ်သူ တို့ရဲ့ မိခင် ဖြစ်ရုံသာမကဘဲ မြန်မာနိုင်ငံရဲ့ မိခင် ဖြစ်ပါတယ်” လို့လည်း ကင်မ်က Independent ကို ပြောပါတယ်။

ကင်မ်အဲရစ်ဟာ မိခင်ဖြစ်သူရဲ့ လက်ရေးနဲ့ ရေးထားတဲ့စာကို ဗြိတိန်နိုင်ငံခြားရေးဌာနတဆင့် ဇန်နဝါရီလလယ်ပိုင်းမှာ လက်ခံရရှိခဲ့ဖူးပြီး အဲဒီထဲမှာ သူ ပို့ပေးလိုက်တဲ့ ပစ္စည်းနဲ့ ဆေး အတွက် ကျေးဇူးတင်ကြောင်းနဲ့ ကျန်းမာရေး သိပ်မကောင်းတဲ့အပြင် သွားနာတဲ့ ဝေဒနာ ခံစားနေရတာကြောင့် အစာ မစားနိုင်ဘဲဖြစ်နေတယ်လို့ ရေးထားကြောင်း ကင်မ်အဲရစ်က ဗွီအိုအေမြန်မာပိုင်းကို အခုနှစ် အစောပိုင်းက ဖြေကြားခဲ့ဖူးပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG