သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း မဲခွဲမှု ၉ ရက် ကြာမည်


မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်

(Zawgyi/Unicode)

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်မှာ အပြန်အလှန်တင်းတင်းမာမာ ဆွေးနွေးနေကြရာမှာ မတ်လ ၁၀ ရက်နေ့ မနက်ဖြန်မှာတော့ မဲခွဲမှုတွေ စတင်မှာဖြစ်ပြီး ဥပဒေကြမ်းအားလုံးမဲခွဲဖို့ အချိန် ၉ ရက်ကြာမယ်လို့ သိရပါတယ်။ ဥပဒေကြမ်း ဘယ်နှစ်ခုလောက် သဘောတူပြင်ဆင်နိုင်မလဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဘယ်လောက်ထိ မျှော်လင့်ထားလဲ.. မမေခ စုံစမ်းမေးမြန်းထားပါတယ်။

လာမယ့် မတ်လ ၁၀ ရက်နေ့ မနက်ဖြန်ကစလို့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဒုတိယအကြိမ် ဥပဒေမူကြမ်း က ဥပဒေတွေကို မဲခွဲ ဆုံးဖြတ်တာတွေ လုပ်သွားတော့မှာပါ။ တနေ့မှာ ဥပဒေ ပုဒ်မ ၃ခုနှုန်းနဲ့ ၉ ရက်ကြာ မဲခွဲဆုံးဖြတ်သွားဖို့ လုပ်ဆောင်ထားတယ်လို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"ပြင်ဆင်ချက် က ၉ စောင်ရှိတယ်။ ၁၀ ရက်နေ့ကနေပြီးတော့ ဒီအပတ်မှာဆို ၄ရက် ရမယ်။ ပထမအပိုင်း ၄၃၆(က) အပိုင်းပြီးမယ်ပေါ့။ နောက်တပတ်မှာဆိုရင်တော့ ကျနော်တို့ ၅ရက်ရတယ်။ ၄၃၆(ခ) အပိုင်းပြီးမယ်။ အကုန် ၉ ရက်ပေါ့၊ မဲလက်မှတ်လည်း ၉ စောင် ဖြစ်တယ်။ အတည်ပြုမယ့် ကဏ္ဍလည်း ၉ ခု၊ မဲလက်မှတ် တစောင်မှာ ၁၀ချက်ပါချင် ပါမယ်။ ၁၅ချက် ပါချင်ပါမယ်။ အဲလိုသက်ဆိုင်ရာအလိုက်ပေါ့။"

ဥပဒေ ကြမ်း ၂ ခု လုံး အတွက် လျို့ဝှက် ဆန္ဒမဲ ၉ ကြိမ် ပေးဖို့ အပါအဝင် မဲခွဲဆုံးဖြတ်မှုလုပ်ဆောင်တာမှာ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပစဉ်က လုပ်ငန်းစဉ်များ အတိုင်း အခြေခံ၍ ဆန္ဒမဲအသုံးပြုပြီး လျှို့ဝှက်စွာ ဆန္ဒပြုတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေ မတ်လ ၅ ရက်အထိ ပြင်ဆင်ရေးနဲ့ ပတ်သတ်လို့ လွှတ်တော်တွင်း အကြိတ်အနယ်ဆွေးနွေးခဲ့ ကြတာပါ။ ၄၃၆(က)နဲ့ ၄၃၆(ခ)ဆို ပြီး ပြင်ဆင်တဲ့ ဥပဒေကြမ်း ၂ခု တင်ထားတာ မှာ ပြင်ဆင်မယ့်ပုဒ်မ ၁၃၇ ချက်ကို ၁၀ရက် ကြာဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အဓိကအဟန့်အတား ဖြစ်နေတယ်လို့ ဝေဖန်ခံနေရတဲ့ တပ်မတော် ဘက်က NLD ပါတီဘက်က တင်ပြလာတာတွေ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသလို NLD ပါတီဘက်ကလည်း တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး တင်လာတာတွေ ကို ကန့်ကွက်မှု ကြီးကြီးမားမား လုပ်ထားတာမို့ ဒီတခေါက် ဖွဲ့စည်းပုံပြင်ဆင်ရေး က နိုင်ငံအတွက် ထိရောက်မယ့် ဥပဒေတွေ ပြင်နိုင်ဖို့ခက်တဲ့ အပြင် ဘယ်တချက်ကိုမှ မပြင်နိုင်ဘဲ ပြီးမလားဆိုတဲ့ မှတ်ချက်ပေးတာတွေလည်း ရှိနေပါတယ်။

NLD ပါတီ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ရှေ့နေ တဦး ဖြစ်တဲ့ ဦးအောင်သိန်းကတော့ သူတို့ပါတီ တင်လာတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘယ်လောက် အောင်မြင်မယ်ဆိုတာနဲ့ ပတ်သတ်လို့ ခုလို ပြောပါတယ်။

"တကယ့်အရေးကြီးတာတွေ မပြင်နိုင်ဘူးဆိုတဲ့ သူတို့ ခန့်မှန်းပြောဆိုတာတွေ မှန်ကောင်းမှန်နိုင်တာပေါ့။ ပြင်နိုင်တဲ့ အတိုင်းတာတွေ တော်တော်များများတော့ ပြင်သွားမှာပဲ။ အဓိက ကီးတွေကတော့ ရဖို့ ခက်ခဲဖြစ်နိုင်ပါတယ်။ အဖြေဘယ်လို ထွက်မလဲဆိုတာတော့ ပြောလို့မရသေးဘူး။ ပြောရခက်တယ်လေ။ မဲက လျှို့ဝှက်မဲဆိုတော့ သူတို့ဘက်ကလူလည်း ကိုယ့်ဘက်ကို ကြိုက်ပြီး မဲပေးရင်လည်းပေးလိုက်မှာပေါ့။ ကိုယ့်ဒီဘက်ကလူကလည်း သူ့ဘက်က သဘောထားကို ကြိုက်ပြီး မဲပေးရင် ပေးလိုက်မှာပေါ့။ ကျနော်တို့က အဲ့ဒါကို ဘယ်လောက်မျှော်လင့်သလဲဆိုတာ ရာခိုင်နှုန်းနဲ့ ပြောရခက်တယ်။"

လွှတ်တော်တွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ် နဲ့ ပတ်သက်ပြီး ချင်းပြည်နယ်မဲဆန္ဒနယ် ၅ က ပူးဂင်ကမ်းလျန်က တော့ ပြင်ဆင်နိုင်ရေး မျှော်လင့်ချက်မဲ့နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

"(က)ရော (ခ)ပါ သိပ်တော့မလွယ်လောက်ဘူး ထင်တယ်လေ။ အဲ့ဒါလည်း တပ်မတော်များ ကိုယ်စားလှယ်များ လက်ထဲမှာပဲ ရှိတယ်။ သူတို့ လျှော့ ပေးမှ ပြင်လို့ရမယ် ထင်တယ်။ အများစု NLD လက်မခံရင်လည်း ပြင်လို့ရမှာတော့ မဟုတ်ပြန်ဘူး။ မျှော်လင့်ချက်မကြီးမားပါဘူး၊ ရှိတော့ ရှိလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံ အတွက် တကယ်အလုပ်လုပ်လို့ ရတဲ့ ပုဒ်မတွေတော့ ပြင်နိုင်မှာမဟုတ်ဘူးလို့ထင်တယ်။"

ပြင်ဆင်ရေး လုပ်ငန်းစဉ်နဲ့ပတ်သတ် တဲ့ ရည်ရွယ်ချက်ပျောက် နေတာမို့ အများကြီး မျှော်လင့်ဖို့ မရှိဘူးလို့ ဆိုလာသူက နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းပါ။
"ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ သူက ဆုံမှတ် ပျောက်နေတယ်။ အဓိက ဆုံးဖြတ်ပေးမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေန တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကြားမှာ ဆုံမှတ်ပျောက်နေသရွေ့တော့ ပြင်ဆင်ရေးက ထိရောက်အလုပ်ဖြစ်ပြီးတော့ အကောင်အထည်ဖော်လာဖို့ ခဲရင်းလိမ့်မယ်လို့ မြင်တယ်။ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ကြိုတင် ပြင်ထားဖို့ လိုအပ်မယ်လို့ ကျနော်မြင်ပါတယ်။"

၉ ရက်ကြာ မဲခွဲဆုံးဖြတ်မယ့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး က မနြက်ဖန်မှ စတင်မှာပါ။ မနက်ဖန်မှာတော့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုအပြင် လူထုဆန္ဒခံယူပွဲပါ ကျင်းပ အတည်ပြုမှ ပြင်နိုင်မယ့် ၄၃၆(က) ထဲက ပုဒ်မ ၁၅ခုနီးပါး မဲခွဲ ဆုံးဖြတ်မယ်လို့ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG