သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အဆင့်မြင့်သံ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံ


အမေရိကန်အဆင့်မြင့်သံ မြန်မာအစိုးရ အကြီးတန်း တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ်။ ( သတင်းဓာတ်ပုံ-U.S. Embassy Rangoon)
အမေရိကန်အဆင့်မြင့်သံ မြန်မာအစိုးရ အကြီးတန်း တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ်။ ( သတင်းဓာတ်ပုံ-U.S. Embassy Rangoon)

မြန်မာပြည်ကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Kristie Kenny ဟာ မြန်မာအစိုးရ အကြီးတန်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး၊ မြန်မာနိုင်ငံသားတွေ အတွက် စီးပွားရေးအခွင့်အလမ်းတွေ ရရှိစေဖို့ ငြိမ်းချမ်းရေး ရရှိစေဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်ပြီး ထောက်ခံ ကူညီသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အထူး အကြံပေးပုဂ္ဂိုလ် Kristie Kennyရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့တော့ ဗွီအိုအေ ရန်ကုန်ရုံးကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။

သုံးရက်ကြာခရီးစဉ်အဖြစ်နဲ့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး ဌာန အကြံပေးပုဂ္ဂိုလ် Kristie Kenny ဟာ ဒီကနေ့မှာတော့ အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံပါတယ်။

ပြန်ကြားရေးဝန်ကြီးနဲ့ ကန် အဆင့်မြင့်သံ တွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးနဲ့ ကန် အဆင့်မြင့်သံ တွေ့ဆုံ

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံဖြိုးမှု ကိစ္စရပ်တွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်ပြီး ထောက်ခံကူညီမယ့် အကြောင်း ဆွေးနွေးပြောဆိုခဲ့တယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

“အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Kristie Kenney နဲ့ အမေရိကန် သံအမတ်ကြီး Scot Marciel တို့ဟာ နေပြည်တော်ကို သွားရောက်ပြီး မြန်မာအစိုးရ အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံတဲ့နေရာမှာတော့ အစိုးရဘက်က ကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေနဲ့ လူမှုအသိုင်းအဝိုင်း အားလုံးအတွက် စီးပွားရေး ဖွံ့ဖြိုးမှုကိစ္စတွေအပေါ် အမေရိကန်ပြည်ထောင်စုက ဆက်ပြီး ထောက်ခံ ကူညီသွားမယ်ဆိုတာကို အမေရိကန်တာဝန်ရှိသူတွေဘက်က ဆွေးနွေးခဲ့ပါတယ်။”

ဘယ်သူနဲ့ တွေ့ဆုံခဲ့သလဲ ဆိုတာကို သံရုံးဘက်က အတိအကျ ပြောဆိုခဲ့ခြင်း မရှိပေမယ့်၊ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် ဒီနေ့ တွေ့ဆုံဖို့ရှိတဲ့ အထဲ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဦးဝင်းထိန်နဲ့ အဆင့်မြင့်သံ တွေ့ဆုံစဉ်။
ဦးဝင်းထိန်နဲ့ အဆင့်မြင့်သံ တွေ့ဆုံစဉ်။

အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Kristie နဲ့ သံအမတ်ကြီး Marciel တို့ဟာ မနေ့တုန်းကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့တွေ့ဆုံပြီး အမေရိကန်အစိုးရနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့အကြား ဆက်ဆံရေး ပိုမိုမြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့လည်း အမေရိကန် သံရုံး ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Kristie Kenny နဲ့ သံအမတ်ကြီး Marciel တို့ဟာ မနေ့မနက်ကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ တွေ့ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးအစိုးရအကြား ဆက်ဆံရေး ပိုမြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးပါတယ်။ ဒေသတွင်း အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးနိုင်မယ့် အမေရိကန်ရင်းနှီးမြုပ်နှံမှုတွေ ပို တိုးမြှင့်နိုင်ဖို့ သူ့အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း အကြံပေးပုဂ္ဂိုလ် Kenny က ပြောခဲ့ပါတယ်။ ရန်ကုန်နဲ့ မြန်မာတပြည်လုံးက ပြည်သူတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ မြှင့်တင်ဆောင်ရွက်ဖို့ မြန်မ်ာအစိုးရရဲ့ ရည်မှန်းချက်ကိုလည်း အမေရိကန်ပြည်ထောင်စုက ဆက်ပြီး ထောက်ခံ ကူညီသွားမယ်လို့ ပြောခဲ့ပါတယ်။”

ရန်ကုန်မှာရှိစဉ် မနေ့တုန်းကတော့ အကြံပေးပုဂ္ဂိုလ် Kenny ဟာ လွှတ်တော်အမတ် အချို့နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းပိုင်းက လူငယ်တွေကို တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးရဲ့ စိန်ခေါ်ချက်တွေနဲ့ အခွင့်အလမ်းကောင်းတွေကို အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် IT ကုမ္ပဏီကြီးတွေဖြစ်တဲ့ ဂိုလ်ဂယ်နဲ့ မက်ကရိုဆော့ဖ်တို့က အကူအညီပေးနေတဲ့ ဖန်တီးရာဆိုတဲ့ နည်းပညာဆိုင်ရာအဖွဲ့အစည်းနဲ့လည်း သွားရောက်တွေ့ဆုံပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်တာဝန်ဟာ အမေရိကန်နိုင်ငံခြားရေး မူဝါဒဆိုင်ရာ မဟာဗျူဟာမြောက်အကြံပေး လမ်းညွှန်သူဖြစ် သလို၊ နိုင်ငံခြားရေးဝန်ကြီးက တိုက်ရိုက်တာဝန်ပေးတဲ့ သီးသန့် သံတမန်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရသူဖြစ်ပါတယ်။ အကြံပေးပုဂ္ဂိုလ် Kenny ဟာ အရင်တုန်းကတော့ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ အမေရိကန်သံအမတ်ကြီး တာဝန်ယူခဲ့သူဖြစ်ပြီး၊ အခု အကြံပေးပုဂ္ဂိုလ်တာဝန်မယူခင်မှာတော့ အာရှ ပစိဖိတ်ဆိုင်ရာ အမေရိကန် ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG