သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂါဆာကီ အနုမြူဗုံးကြဲမှုနှစ်ပတ်လည်အခမ်းအနား အစ္စရေးကိုမဖိတ်လို့ နိုင်ငံတချို့ သပိတ်မှောက်

ယခင်မှတ်တမ်းရုပ်ပုံ | ဂျပန်နိုင်ငံ နာဂါဆာကီမြို့ ငြိမ်းချမ်းရေးပန်းခြံမှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ်အတွင်း အနုမြူဗုံးကြဲချခံခဲ့ရတဲ့ ၇၇ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနား (ဩဂုတ် ၉၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | ဂျပန်နိုင်ငံ နာဂါဆာကီမြို့ ငြိမ်းချမ်းရေးပန်းခြံမှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ်အတွင်း အနုမြူဗုံးကြဲချခံခဲ့ရတဲ့ ၇၇ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနား (ဩဂုတ် ၉၊ ၂၀၂၂)

ဂျပန်နိုင်ငံ နာဂါဆာကီ (Nagasaki) မြို့အပေါ် ဒုတိယကမ္ဘာစစ်အတွင်း အနုမြူဗုံးကြဲချခံခဲ့ရတဲ့ နှစ်ပတ်လည်အခမ်းအနားကို အစ္စရေးကို မဖိတ်တဲ့အတွက် အမေရိကန်အပါအဝင် နိုင်ငံတချို့ကသံအမတ်ကြီးတွေ မတက်ဘူးလို့ ပြောကြားခဲ့ကြပါတယ်။ နာဂါဆာကီမြို့မှာ မနက်ဖြန်သောကြာနေ့ ကျင်းပမယ့်အခမ်းအနားတက်ဖို့ အစ္စရေးသံအမတ်ကြီးကို မဖိတ်တာဟာ နိုင်ငံရေးကြောင့်ဖြစ်တာမို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Rahm Emanuel က အခမ်းအနားကို တက်မှာမဟုတ်ဘူးလို့ အမေရိကန်သံရုံးက ပြောပါတယ်။ အမေရိကန်အပြင် တခြား ၇ နိုင်ငံနဲ့ EU ဥရောပသမဂ္ဂတို့က သံအမတ်ကြီးတွေအစား အငယ်တန်းသံတမန်တွေကိုပဲ အခမ်းအနားကို စေလွှတ်မယ်လို့ ကြေညာခဲ့ကြပေမဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်မှာ မဟုတ်ဘူးလို့ နာဂါဆာကီမြို့တော်ဝန် Shiro Suzuki က ဒီနေ့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးနဲ့ လုံးဝမဆိုင်ပါဘူး။ အနုမြူဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူတွေကို အောက်မေ့တဲ့အခမ်းအနာကို ငြိမ်းငြိမ်းချမ်းချမ်း ငြိမ်ငြိမ်သက်သက်နဲ့ ကျင်းပသွားနိုင်ဖို့ကို အဓိကထားပြီးဆုံးဖြတ်တာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ နာဂါဆာကီမြို့အခမ်းအနားကို ဖိတ်ကြားခြင်းမခံရတာက အစ္စရေးအပြင် ရုရှားနဲ့ ဘဲလာရုစ်နိုင်ငံတို့ပဲရှိပါတယ်။ ခုလို အစ္စရေးကို ရုရှား၊ ဘဲလာရုစ်တို့နဲ့ တန်းတူထားပြီး မဖိတ်တဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ EU ဥရောပသမဂ္ဂသံတမန်တွေက ပူးတွဲကြေညာချက်ထုတ်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအနေနဲ့ နာဂါဆာကီ အခမ်းအနားကို မတက်ပေမဲ့ တိုကျိုမြို့က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတခုမှာကျင်းပမယ့် အခမ်းအနားကို တက်မယ်လို့ ပြောပါတယ်။ နာဂါဆာကီမှာကျင်းပမယ့် အခမ်းအနားကို ဖူကိုအိုကာမှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတယောက် တက်မယ်လို့ အကြောင်းကြားကြောင်း နာဂါဆာကီမြို့တာဝန်ရှိသူတွေက ပြောပါတယ်။

အင်္ဂါနေ့က ဟီရိုရှီးမား (Hiroshima) မြို့မှာကျင်းပခဲ့တဲ့ အထိမ်းအမှတ်အခမ်းအနားတုန်းကတော့ အစ္စရေး သံအမတ်ကြီးကို ဖိတ်ကြားခဲ့ပေမဲ့ ပါလက်စတိုင်းကိုယ်စားလှယ်တွေကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။ အဲဒီအခမ်းအနားကို အမေရိကန်သံအမတ်ကြီး Emanuel အပါအဝင် ပရိတ်သတ် ၅ သောင်းတက်ရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေစဉ် ၁၉၄၅ ခုနှစ်က အမေရိကန်ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေအပေါ် အနုမြူဗုံး ကြဲချခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အာရှကို ကျူးကျော်နေတဲ့ ဂျပန်တို့ စစ်ရှုံးကြောင်း ကြေညာခဲ့ပြီး ဒုတိယကမ္ဘာစစ်ပွဲလည်း အဆုံးသတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG