သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူနေထူထပ်တဲ့ နေရာ ဗုံးနဲ့မတိုက်ခိုက်ရေး နိုင်ငံတကာ သဘောတူညီချက် ထွက်ပေါ်လာနိုင်ဖွယ်ရှိ


(Zawgyi/ Unicode)

လူနေထူထပ်တဲ့ နေရာတွေမှာ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ အသုံးမပြုဖို့ ကုလသမဂ္ဂမှာ သဘောတူညီချက်တရပ်အတွက် ဆွေးနွေးနေတာ ပြီးစီးအောင်မြင်တော့မှာဖြစ်ပြီး လာမယ့် ဇွန်လဆန်းပိုင်းမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ကုလသမဂ္ဂ ဥရောပဌာနချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ နိုင်ငံပေါင်း ၆၅ နိုင်ငံက ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်တက်ရောက်ပြီး ဆွေးနွေးခဲ့ ကြတာပါ။ Lisa Schlein ဂျီနီဗာကနေ သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်က ပြောပြပေးပါမယ်။

မကြာမီထွက်ပေါ်လာတော့မယ့် ဒီနိုင်ငံတကာ သဘောတူညီချက်အသစ်ဟာ စစ်ပွဲတွေ အတွင်း အရပ်သားတွေ အပေါ် ထိခိုက်မှု လျှော့ချနိုင်ဖို့ အတွက် ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ အသုံးပြု တိုက်ခိုက်တာကို ကန့်သတ်ဖို့ ဖြစ်ပါတယ်။ အဲဒီ အထဲမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာ၊ ရော့ကက်ပြောင်း အများအပြားပါပြီး တရစပ် ပစ်လို့ ရတဲ့ ရော့ကက်စနစ်၊ မော်တာလက်နက် စတာတွေနဲ့ လူနေမြို့ကြီးမြို့ငယ်တွေကို တိုက်ခိုက်တာကို တားမြစ်တာတွေပါဝင်ပါတယ်။

ဒီ လက်နက်အမျိုးအစားတွေဟာ လူသူမရှိတဲ့ စစ်မြေပြင်တွေမှာ အသုံးပြုဖို့ အတွက်ဖြစ်ပါတယ်။ ဒါတွေကို လူနေမြို့ရွာတွေလို နေရာတွေမှာ အသုံးပြုတိုက်ခိုက်ခဲ့ရင် သေကြေ ထိခိုက်ပျက်စီးမှုဟာ အလွန်ပြင်းထန်ပါတယ်။

ပေါက်ကွဲမှုပြင်းထန်တဲ့ လက်နက်ကြီးတွေနဲ့ မြိုကြီးမြို့ငယ်တွေကို ပစ်ခတ်တိုက်ခိုက်တဲ့ အတွက် နှစ်စဉ် ထောင်နဲ့ သောင်းနဲ့ချီတဲ့ အရပ်သားတွေ သေကြေဒဏ်ရာရပြီး အရပ်ဖက် အခြေခံ အဆောက်အဦတွေလည်း ပျက်စီးရတယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေ စုပေါင်းပါဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ပေါက်ကွဲစေတတ်သော လက်နက်များဆိုင်ရာ ကွန်ရက် INEW က အစီရင်ခံ တင်ပြထားပါတယ်။

ဒီ အစီရင်ခံစာဟာ မကြာသေးမီကမှ ယူကရိန်း၊ အီသီယိုးပီးယား၊ အီရတ်၊ ဂါဇာ၊ ယီမင်၊ ဆီးရီးယား စတဲ့နိုင်ငံတွေကနေ ရရှိတဲ့ အချက်လက်တွေကို အခြေခံ ဖေါ်ပြထားတာဖြစ်ပါတယ်။ အဲဒီ နိုင်ငံတွေက စစ်ပွဲတွေမှာ သေဆုံးဒဏ်ရာရခဲ့သူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အရပ်သားတွေဖြစ်ပါတယ်။

ဒီလိုလက်နက်တွေကြောင့် သေဆုံးဒဏ်ရာရသူတွေ အလွန်များပေမယ့် အခုဆွေးနွေး နေတဲ့ သဘောတူညီချက်ပါ အချက်လက်တွေကို အားနည်းသွားအောင်လုပ်တဲ့ နိုင်ငံ တချို့ ရှိပါတယ်။ အဲဒီ အထဲမှာ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ အစ္စရေး၊ တူရကီ၊ ဗြိတိန်နဲ့ အမေ ရိကန်ပြည်ထောင်စုလို နိုင်ငံတွေ ပါဝင်နေတယ်လို့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ဆိုင်ရာကွန်ရက် INEW ကပြောဆိုပါတယ်။

ပေါက်ကွဲစေတတ်တဲ့လက်နှက်တွေအသုံးပြုမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာလူသားခြင်းစာ နာမှုဆိုင်ရာသဘောညီချက်တွေရှိထားပြီး၊ အဲဒိသဘောတူညီချက်ပါ အချက်တွေကိုသာ သဘောတူညီမှု အသစ်မှာ ထပ်မံထည့်သွင်း အသုံးပြုဖို့နဲ့ ရှိပြီးသား သဘောတူညီချက်တွေထက် ကျော်လွန်ပြီး မလုပ်ဖို့ အဲဒီ နိုင်ငံတွေက တင်ပြငြင်းဆိုကြတယ်လို့ INEW အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး Laura Boillot ကပြောပါတယ်။

ရုရှားနိုင်ငံကို နာမည်တပ်ပြီး မပြောဆိုခဲ့ခြင်း မရှိပေမဲ့ သဘောတူညီချက် အသစ်မှာ ဒီထက်ပိုပြီး ပါဝင်သင့်တယ်လို့ Laura Boillot ကပြောဆိုပါတယ်။

“ယူကရိန်းမှာ လေကြောင်းကနေ ဗုံးကြဲတာ၊ မစ်ဇိုင်းဒုံးတွေ အပါအဝင် အပြင်းအထန် ပေါက်ကွဲတဲ့လက်နက်တွေကို အများအပြားနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး အဓိကကျတဲ့ မြို့ကြီး၊ မြို့ငယ်တွေကို တိုက်ခိုက်တာကို တွေ့မြင်ကြရပါတယ်။ ဒါကြောင့ ်ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ဒီကိစ္စကို အလေးအနက် မထားဘဲ မနေနိုင်ကြပါဘူး။”

လူသားချင်း စာနာမှုဆိုင်ရာ ဌာနတွေဖွင့်လှစ်နိုင်ဖို့ ဒီသဘောတူညီချက်ထဲမှာထည့်ဖို့ကို ချီလီ၊ မက္ကဆီကို၊ တိုဂို၊ နိုက်ဂျီးရီးယား၊ သြစတြေးလျ၊ နယူးဇီလန် စတဲ့နိုင်ငံတွေအပါ အဝင် နိုင်ငံတချို့က အလေးအနက် တောင်းဆိုကြပါတယ်။

သေကြေထိခိုက်ဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး ကူညီထောက်ပံ့ရေး ကိစ္စတွေကု ိဆွေးနွေးနေဆဲဖြစ်ပြီး ဘယ်လို အကူအညီ အထောက်အပံ့မျိုး မဆို ဒဏ်ရာရသူ၊ သေဆုံးသူရဲ့ မိသားစုနဲ့ ဒဏ်ရာရသူရဲ့ မိသားစုတွေ ပါဝင်သင့်တယ်လို့ INEW ရဲ့ အရပ်သားများဆိုင်ရာ အကျိုးဆောင်ဌာန မန်နေဂျာ Alma Taslidzan ကပြောပါတယ်။

“ ထိခိုက်ဒဏ်ရာရသူ အတွက် ကူညီထောက်ပံ့မှုတွေထဲမှာ သူတို့ အတွက် အခြေခံလို အပ်ချက်တွေ ပြည့်ပြည့်စုံစုံရဖို့ လိုပါတယ်။ အရေးပေါ်ဆေးဝါးကုသမှု ရရှိဖို့ စတာတွေ ပါဝင်ရပါမယ်။ ဒါတွေဟာ အလွန်အရေးကြီးပါတယ်။ ကိုယ်လက်အင်္ဂါ ဆုံးရှူံသွားသူတွေကို ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ပြုစု ပျိုးထောင်ပေးရပါမယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးအရ ကူအညီပေးဖို့ ဆိုတာကို အမြဲလိုလို မေ့နေတတ်ကြပါတယ်။ ကတယ်တော့ ဒီအချက်ဟာ အလွန်ရေးကြီးပါတယ်။ ဒီကိစ္စမျိုးတွေ ပါဝင်ဖို့ လိုအပ်ပါတယ်။”

ဒီသဘောတူညီချက် အသစ်အတွက် ဆွေးနွေးမှုထဲမှာ ရုရှားနဲ့ ဆီးရီးယားက မပါဝင်ပါဘူး။ တရုတ်ကတော့ အစောပိုင်းမှာပါဝင်ခဲ့ပေမဲ့ နောက်ပိုင်း ညှိနှိုင်း ဆွေးနွေးမှုတွေမှာ ပါဝင်ခြင်းမရှိတော့ပါဘူး။ INEW ကွန်ရက်အဖွဲ့ကတော့ ဇွန်လထဲလောက်မှာ သဘောတူညီချက် နောက်ဆုံးအဆင့် အပြီးသတ် ဆွေးနွေးတဲ့ အခါ တရုတ်ကို ပါဝင်စေချင်ကြပါ တယ်။

တိုက်ရိုက် လင့်ခ်

(Unicode)












XS
SM
MD
LG