သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ Reuters သတင်းသမား ၂ဦး အာမခံ လျှောက်ထားမှု ပယ်ခံရ


Reuters သတင်းထောက်ကိုဝလုံးကို ရုံးထုတ်လာစဉ် ( ဖေဖော်ဝါရီ ၁-၂၀၁၈)
Reuters သတင်းထောက်ကိုဝလုံးကို ရုံးထုတ်လာစဉ် ( ဖေဖော်ဝါရီ ၁-၂၀၁၈)

နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းသမား ၂ ဦးကို အာမခံ-မပေးဖို့ ဒီကနေ့မြောက်ပိုင်း ခရိုင်တရားရုံး ကနေ ဆုံးဖြတ်လိုက်ပါတယ်။ ဖမ်းဆီး ခံထားရစဉ် အမှုနဲ့ပတ်သတ်ပြီး ခြိမ်းခြောက် ဝန်ခံခိုင်း တာတွေ ရှိခဲ့တယ်လို့ သတင်း ထောက် တွေက တရားရုံးမှာပြောဆိုခဲ့ပါတယ်။ အစိုးရ ဘက်က ပြောဆိုထားတဲ့ လ ျှို့ဝှက် အချက်အလက် တွေရယူမှု ဆိုတာမှာလည်း အချက် အလက်တွေဟာ ပြည်သူတွေသိဖို့ဆိုပြီး တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက် တွေဟာတွေသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

ကိုကျော်စိုးဦးကို ရုံးထုတ်လာစဉ်
ကိုကျော်စိုးဦးကို ရုံးထုတ်လာစဉ်

ဖမ်းဆီးခံထားရတာ ရက်သတ္တပတ် ၆ ပတ်ကျော်ခဲ့ပြီဖြစ်တဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးဟာ အရေးကြီးတဲ့ လျှို့ဝှက်အထောက်အထားတွေကို ရဲနှစ်ဦးဆီက ရယူခဲ့တယ်လို့ ရဲဘက်စွပ်စွဲ ထားပြီး အရေးယူခံထားရတာဖြစ်ပါတယ်။

အရေးယူခံထားရတဲ့ သူတို့တွေအတွက် အာမခံလေ ျှာက်ထားချက်ကို မြောက်ပိုင်းခရိုင် တရားသူကြီးက အာမခံမပေးသင့်တဲ့ အထူးဥပဒေဖြစ်နေတာကြောင့်ဆိုပြီး အာမခံ လေ ျှာက်ထားမှုကို ပယ်ချခဲ့တာပါ။

လာရောက်ဖမ်းဆီးတဲ့နေရာမှားယွင်းဖော်ပြထားမှုအပါအဝင် ကွဲလွဲ မှုတွေနဲ့ အမှုတင် ရုံးတင်စစ်ဆေးနေမှုတွေကို တရားရုံးမှာ စစ်ဆေးတွေရှိနေတာနဲ့ပတ်သတ်လို့ ဖမ်းဆီး ခံထားရချိန်မှာ သူတို့ကို စစ်ဆေးတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မေးမြန်းစဉ် သတင်းထောက် ကိုဝလုံးက အခုလိုဖြေကြားခဲ့ပါတယ်။

" ကျနော်တို့ သက်သေခံပစ္စည်း လက်မှတ်ထိုးတုန်းကလည်း သူတို့ လက်မှတ်မထိုးရင် တခြားပြစ်မှုတွေနဲ့စွဲမယ်ဆိုတာမျိုး ပြောသွားတယ်။ ဒီနေ့ ကျနော်တို့ကို တရားလိုဘက်က ရဲအရာရှိလာပြီးတော့ စစ်ဆေးတယ်ပေါ့နော် စစ်ဆေးတဲ့အခါကျတော့ ကျနော်တို့ကို သူတို့ တကယ်လာဖမ်းဆီးတာနဲ့ သူတို့ ဒီမှာ လာထွက်ဆိုသွားတာနဲ့ လုံးဝကို ဆန့်ကျင်မှု ရှိတယ်လို့ ကျနော်တို့သိပါတယ်။ ကျနော်တို့ ဒီနေ့ လာထွက်တဲ့ရဲအရာရှိကို အဲ့တုန်းက မမြင်ခဲ့ရဘူးခင်ဗျ။ "

ဒီကနေ့ တရားခွင်မှာတော့ သတင်းထောက်၂ဦးကို ဖမ်းဆီးခဲ့တယ်လို့ဆိုတဲ့ ရဲမှုး မင်းသန့် ကိုစစ်ဆေးတာဖြစ်ပြီး စစ်ဆေးတာမှာ ကွဲလွဲမှုတွေရှိတဲ့ အပြင် အမှုမဖြစ်ခင် ကတည်းက ဒီအမှုဟာ လူစိတ်ဝင်စားမှု ခံရနိုင်တဲ့ အမှုတခုအနေနဲ့ သတ်မှတ် ထားတာ ကို စစ်ဆေးတွေ့ရှိရတယ်လို့ သတင်းသမားတွေရဲ့အကျိုး ဆောင်ရှေ့နေက ပြောပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၆ရက်နေ့ မှာ ရုံးချိန်းပေးပြီး စစ်ဆေးသွားဦးမှာပါ။

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ကြားနာ စစ်ဆေးမှု အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းသမားတွေ ရဲ့ အကျိုးဆောင် ဦးသန်းဇော် အောင်က ပြောပြလာပါတယ်။

" ဒီနေ့ သက်သေ ရဲမှူးမင်းသန့်ကို စစ်တယ်။ ကျနော့်ကိုပြောပြတာကတော့ ရဲမှူးကို မမြင်ဖူးဘူး။ ရှာဖွေတဲ့နေရာမှာ မပါဘူး။ ဒါပေမဲ့ ဒီနေ့ သူထွက်ဆိုတာမှာတော့ သူကိုယ်တိုင် ဦးဆောင်ပြီးဖမ်းဆီးခဲ့ပါတယ်လို့ ပြောတယ်။ နောက်ပြီးတော့ သူတို့ကို အမှတ် ၃ လမ်းဆုံမှာ တာဝန်ချထားတယ်ဆိုတဲ့ အထောက်အထား တစုံတရာ ရုံးတော်ကို မတင်ပြနိုင်ဘူး။ ရှာဖွေပုံစံမှာ နေရာကွဲတာနဲ့ပတ်သက်ပြီးတော့ မြေပြင်နဲ့ဆန့်ကျင်လို့ ထည့်သွင်းရေးပေးတယ်ဆိုတာကို သူ ထွက်ပါတယ် ဒီမှာ ဖြစ်သမျှ ကိစ္စ အဲ့အထဲမှာ ပါတဲ့အကြောင်းအရာ အားလုံးသည် အများပြည်သူ သိရှိပြီး ဖြစ်တဲ့အကြောင်းအရာတွေ ဆိုတာ သူဝန်ခံတယ်။ နောက်တခါ ရှာဖွေတွေ့တဲ့ စာရွက်စာတမ်းတွေနဲ့ သတင်းစာမှာပါတဲ့အကြောင်းအရာ တွေ တူညီတယ်ဆိုတဲ့ဟာကို သူက ထွက်ဆိုပါတယ်။ အကြမ်းဖျင်းကတော့ အဲ့လောက်ပါပဲ။"

ဒီအပြင် ကြားနာစစ်ဆေးမှုတွေမှာ အစိုးရ ဘက်က ပြောဆိုထားတဲ့ လ ျှို့ဝှက် အချက် အလက် တွေရယူမှုဆိုပြီး ပုဒ်မတပ်တရားစွဲတာမှာ ရိုက်တာ သတင်းထောက် ၂ ဦး လက်ဝယ်တွေ့ရပါတယ်ဆိုတဲ့ လ ျှို့ဝှက် အချက်အလက်တွေက အစိုးရဘက်က နိုင်ငံ ပိုင်သတင်းစာတွေမှာ တရားဝင် ထုတ်ပြန်ပေးထားပြီးဖြစ်တဲ့ အချက်အလက်တွေ ဖြစ်တယ် ဆိုတာကို သတင်းထောက်တွေကို ဖမ်းဆီးခဲ့တယ်ဆိုတဲ့ ရဲမှုး မင်းသန့် ကိုယ်တိုင်လည်း သိရှိခဲ့ပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဦးသန်းဇော် အောင်က ပြောပါတယ်။

"မောင်တောကိစ္စဖြစ်စဉ်တွေ အားလုံးကို မီဒီယာတွေကိုလည်းရှင်းပြပြီး သံတမန်တွေကိုလည်း ရှင်းပြပြီး အများပြည်သူကိုလည်း ရှင်းပြပြီးပြီ။ အသေးစိတ် လက်နက်စာရင်းတွေ ကျဆုံးတဲ့စာရင်းတွေကအစ အကုန်လုံး ကြေညာပြီးသား ကိစ္စတွေဖြစ်တယ်။ လောလောဆယ် အခြေအနေ သက်သေထွက်ဆိုချက်တွေအရတော့ တကယ့်ဖြစ်စဉ်နဲ့တော့ နည်းနည်းတော့ ကွဲနေတာပေါ့နော်။ သူတို့ဘက်ကတော့ လျှို့ဝှက်ချက်ကို ယူဆောင်သွားတယ်ပြောတယ်။ ယူဆောင်သွားတယ်ဆိုတာ ဘယ်သူ့ဆီက ယူဆောင်တယ်ဆိုတာလည်း တိတိကျကျ မပြောနိုင်ဘူးဆိုတော့ စာရွက်စာတမ်းမှာပါတဲ့အကြောင်းအရာ အားလုံးကလည်း အများပြည်သူ သိရှိပြီးသား သတင်းစာမှာပါပြီးသားကိစ္စပဲဖြစ်တယ်။"

ဒီကနေ့ တရားခွင်မှာ စစ်ဆေးမေးမြန်းချက်တွေအရ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က သက်သေမပြနိုင်တာ မရှိသလို တခြားသက်သေတွေ တင်ထား တာတွေလည်း ရှိတယ်လို့ ရှေ့နေကဆိုပါတယ်။ ငြိမ်းချမ်းရေးလက်မှတ်မထိုးရသေး တဲ့ ရက္ခိုင့်တပ်မတော် AA တို့လိုအဖွဲ့တွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း သက်သေအဖြစ်တင်ပြ လာတယ်လို့ဆိုပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က သတင်းထောက် ၂ ယောက်ကို ရဲတာဝန်ရှိသူတွေက တွေ့ဆုံဖို့ ချိန်းဆိုပြီးနောက် ဖမ်းဆီးခံလိုက်ရတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ဖမ်းဆီးဖို့ အကွက်ချ စီစဉ်ခဲ့တာလားဆိုပြီး သံသယတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသလို လက်ရှိကြားနာစစ်ဆေးတာမှာလည်း အစိုးရဘက်က စွပ်စွဲချက်တွေ ကို တိကျတဲ့ အဖြေပေနိုင်ခြင်းမရှိတာ၊ စစ်ဆေးမှုတွေမှာ ကွဲလွဲနေတာတွေ ကြောင့် ပြည်တွင်းပြည်ပက သတင်းသမားတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကလည်း မြန်မာအစိုးရအပေါ် ဝေဖန်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG