နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးကို ဒီကနေ့ပဲ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ တရားခွင်မှာ တရားလိုဘက်ကို စစ်ဆေးရာမှာ ထွက်ဆိုချက်တွေဟာ ကွဲလွဲချက်တွေ ရှိနေတယ်လို့လည်း သတင်းသမားတွေရဲ့ အကျိုး ဆောင်ရှေ့နေက ပြောပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့ မှာ ရုံးချိန်းပေးပြီး စစ်ဆေးသွားဦးမှာပါ။အပြည့်အစုံကိုတော့ ရန်ကုန်မြို့က တရားခွင်ကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခ က ပြောပြပေးမှာ ဖြစ်ပါတယ်။
Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ ၂ ဦးကို ရုံးထုတ်စစ်ဆေးတဲ့ ဒီကနေ့ တရားခွင်မှာ တရားလိုဘက်ကထွက်ဆိုချက်တွေကို ကြားနာခဲ့တာပါ။ တရားခွင်မှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးကြီး ယုနိုင်ကို ပြန်လှန်မေးခွန်း ထုတ်ရာမှာတော့ အမှုဖြစ်စဉ်နဲ့ ကွဲလွဲမှုတွေ ရှိနေတာ တွေ့ခဲ့ရကြောင်း၊ မြန်မာသတင်းသမားတွေရဲ့ ဥပဒေအကျိုးဆောင် ဦးခင်မောင်ဇော် ကပြောပါတယ်။
"ရဲတွေနဲ့နာမည်တွေကွဲလွဲတယ်၊ နောက်တွေ့တဲ့နေရာပေါ့ဗျာ၊ သူကိုယ်တိုင်က ဖမ်းတဲ့အချိန်မှာ မပါဘူး တွေ့တုန်းက လူတော့မဟုတ်ဘူးပေါ့။ SIR ၂ခု ( ဖြစ်စဉ်အတွက် စစ်မေးချက်) မှာလည်းနေရာ ၂ခုကွဲနေတယ်။ အဲနေရာ၂ခုဖြစ်နေ တာကို သူဝန်ခံသွားတယ်ပေါ့ဗျာ၊ နောက်တခါဆိုရင်ဗျာ တရားစွဲမိန့်တင်တဲ့အခါမှာလည်း ဖမ်းပြီးတဲ့ နာရီပိုင်း အတွင်း မှာလည်း နာရီပိုင်းအတွင်း တရားစွဲတင်တာကလည်း တွေ့ရတယ်။ တရားစွဲတင်တာက ဒီလောက်ကြီး မြန်ရမှာမဟုတ် ဘူးပြန်သုံးသပ်ရမယ်။ official secret act နဲ့ငြိ မငြိဆိုတာ အဆင့်ဆင့်တင်ပြပြီး သုံးသပ်ရမယ်။ အဲဒါဒီလောက်မမြန် နိုင်ဘူးဗျ။ ဘာကြောင့်ဒီလောက်မြန်လဲဆိုတာ စဉ်းစားရမယ့် အချက်တွေ ပေါ်လာတာပေါ့ဗျာ"
Reuters သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကိုတော့ ပြီးခဲ့တဲ ဒီဇင်ဘာ ၁၂ ရက်နေ့မှာပဲ ရန်ကုန်မြို့မှာ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံက မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အပါအ၀င် အစိုးရရဲ့ လျို့ဝှက်သတင်းအချက်အလက်တွေကို ဥပဒေနဲ့ ဆန့်ကျင်ပြီး ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့ တရားခွင်မှာ စစ်ဆေးမေးမြန်းချက်တွေအရ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က သက်သေမပြနိုင်ခဲ့ဘူးလို့လည်း အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
" ပြည်တွင်းပြည်ပရန်သူကို ဆက်သွယ်တယ်ဆိုတဲ့ အထောက်အထားပြနိုင်သလား ဒီအမှုတွဲထဲမှာ ဘယ်နေရာမှာ သက်သေပြနိုင်လဲဆိုတာ မေးတော့လည်း မပြောနိုင်ဘူး ဝိုးတိုးဝါးတား သူကိုယ်တိုင်သိတာမဟုတ်ဘူးသူ့အောက်က လက်ထောက်ကနေပြီး တော့မှပေါ့။ သူတို့က အဓိက ဒီလျို့ဝှက်စာရွက်စာတမ်းကိုဘဲ အဓိကထားပြောတယ်။ ဒီလိုအမှုမျိုးက လျို့ဝှက်စာတမ်း ဖြစ်ပါစေ၊ အဲဒါကို ရန်သူကိုပို့ဖို့ပေးဖို့လုပ်တာက အဓိကကျတာပေါ့၊ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့မပြနိုင်ဘူး။ နောက်ဆုံး အပိတ်မှာလည်း သူ့တပည့်ပြောတာမှာ ဒီအချက်တွေ မပါပါဘူးလို့ ပြောသွားပါတယ်"
ဒီဇင်ဘာလ ၁၂ ရက်နေ့က သတင်းထောက် ၂ ယောက်ကို ရဲတာဝန်ရှိသူတွေက တွေ့ဆုံဖို့ ချိန်းဆိုပြီးနောက် ဖမ်းဆီးခံလိုက်ရတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ဖမ်းဆီးဖို့ အကွက်ချ စီစဉ်ခဲ့တာလားဆိုပြီး သံသယတွေလည်း ထွက်ပေါ်နေတာပါ။ သတင်းထောက်တွေကို သာမက လျို့ဝှက်အချက်အလက်တွေ ပေးအပ်ခဲ့တယ်လို့ဆိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီး အရေးယူထားကြောင်း အာဏာပိုင်တွေက ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း သတင်းထောက် ၂ ဦးရဲ့ အမှုနဲ့ ဆက်နွယ်နေ တယ်လို့ဆိုတဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို တရားခွင်မှာ မတွေ့ခဲ့ရသလို၊ အမှုစစ်ဆေး ရာမှာလည်း ဖမ်းဆီးထားတယ်လို့ဆိုတဲ့ ဒုရဲမှုး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့နဲ့ ဖမ်းဆီးခံရတဲ့နေ့မှာ တွေ့ဆုံမှုမရှိခဲ့ကြောင်း တွေ့ရှိခဲ့ရတယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။
ဒါနဲ့ပတ်သတ်လို့ တရားခွင်မှာ ဗွီအိုအေက ရိုက်တာ သတင်းထောက် ကိုဝလုံး ကို အခင်းဖြစ်နေ့ က အစိုးရထုတ်ပြန် ထားတဲ့ ရဲအရာရှိ တွေဖြစ်တဲ့ ဒုရဲမှုး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့နဲ့တွေ့ခဲ့တာ ရှိမရှိမေးရာမှာ ကိုဝလုံး ဘက်က မရှိကြောင်း ခေါင်းခါငြင်းဆန်ပြီး ကျန်တာကို ရှေ့နေကိုသာမေးဖို့ ပြောဆိုခဲ့ပါတယ်။
Reuter သတင်းဌာနကတော့ ဖမ်းဆီးခံသတင်းထောက် ၂ ယောက်ကို အာမခံပေးဖို့ လျှောက်လဲထားပြီး၊ တရားရုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျို့ဝှက်ချက် အက်ဥပဒေနဲ့ သတင်းသမားတွေအပေါ် အရေးယူဖို့ စီစဉ်နေတဲ့ အပေါ်မှာတော့ ပြည်တွင်းပြည်ပက သတင်းသမားတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကလည်း မြန်မာအစိုးရအပေါ် ဝေဖန်နေကြသလို၊ သတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ဖို့လည်း တောင်းဆိုနေကြတာပါ။
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့ကတော့ သတင်းသမားတွေ တာဝန်ရှိတဲ့အတိုင်း ဆောင်ရွက်တာကို ဖမ်းဆီးအရေးယူတာဟာ လက်ခံနိုင်စရာ မရှိသလို ချက်ခြင်းပြန်လွှတ်ဖို့လည်း ဒီကနေ့ တရားခွင် မတိုင်ခင်မှာပဲ ကြေညာချက်တစောင် ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။ တရားစွဲ လိုက်တဲ့အပေါ်မှာ နိုင်ငံတကာ သတင်းမီဒီယာတွေကကော နိုင်ငံတော်အသိုင်းအဝိုင်းကပါ ထောက်ပြ ဝေဖန် နေကြပါတယ်။