သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ဆိုင်ရာ နိုင်ငံတကာအကြံပေးအဖွဲ့ မြန်မာနိုင်ငံရောက်


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့နှင့် နိုင်ငံတော်အတိုင်ပင်ခံတွေ့ဆုံ (Myanmar State Counsellor Office)
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့နှင့် နိုင်ငံတော်အတိုင်ပင်ခံတွေ့ဆုံ (Myanmar State Counsellor Office)

ရခိုင်ပြည်နယ် ပဋိပက္ခ ပြဿနာကို ကူညီဖြေရှင်းနိုင်ဖို့အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့ တနင်္လာနေ့က တွေ့ဆုံခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရာမှာ ဒီအကြံပေးအဖွဲ့အနေနဲ့ ဘယ်လောက်ထိ ပါဝင်ဆောင်ရွက်နိုင်သလဲ၊ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ကော်မရှင်အဖွဲ့လို ဆောင်ရွက်နိုင်မှုရှိပါ့မလားဆိုတာကို သံသယဖြစ်မိတယ်လို့ မြန်မာအရေးကျွမ်းကျင်သူတဦးက သုံးသပ်လိုက်ပါတယ်။ အပြည့်အစုံကို ရှားဖောင် တင်ပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စု New Mexico ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း လည်းဖြစ်တဲ့ Bill Richardson နဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ Surakiart Sathirathai တို့ ပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္လာနေ့တုန်းက နေပြည်တော် နိုင်ငံခြားရေးဌာနမှာ တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို ပထမဦးဆုံးလာရောက်တဲ့ ဒီအကြံပေးအဖွဲ့နဲ့ တွေ့ဆုံမှုအတွင်း ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရေးတွေကို ရှင်းလင်း ပြောဆိုခဲ့ပြီး အကြံပေးအဖွဲ့ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ တွေဆုံပွဲကို မြန်မာအစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ဦးသောင်းထွန်း၊ ဒေါက်တာဝင်းမြတ်အေးနဲ့ ဦးကျော်တင်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီအကြံပေးအဖွဲ့ဟာ နိုင်ငံတကာ အကြံပေးအဖွဲ့လိုဖြစ်တာကြောင့် ကိုဖီအာနာနန် ကော်မရှင်အဖွဲ့လို ဆောင်ရွက်နိုင်မှုရှိပါ့မလား ဆိုတာ သံသယဖြစ်စရာဖြစ်မိပေမယ့် အခုချိန်မှာတော့ ဝေဖန်သုံးသပ်ဖို့ စောနေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်အဖွဲ့အကြီးအကဲဟောင်း Priscilla Clapp က ဗွီအိုအေ မြန်မာပိုင်းကိုအခုလိုပြောပါတယ်။

“ ဒီခရီးစဉ်ဟာ အစပိုင်းပဲ ရှိသေးတာမို့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အကဲခတ်နိုင်ဖို့က စောပါသေးတယ်။ အထူးသဖြင့် ပထမဦးဆုံးခရီးစဉ်မှာ ပထမခြေလှမ်းအဖြစ် သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက်သူတို့ ရခိုင်ပြည်နယ်ကိုသွားပြီး အခြေအနေကို လေ့လာမှာဖြစ်ပါတယ်။ ပြီးတော့ နေပြည်တော်ကိုပြန်လာပြီး တခြားအဆင့်မြင့်အရာရှိတွေ နဲ့ ထပ်တွေ့ကြမယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ တော့ ပြောဖို့ ခက်ပါသေးတယ်။”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို ၂၀၁၇ ဒီဇင်ဘာလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်တွင်းပြည်ပက ပဋိပက္ခရေးရာ အတွေ့အကြုံရှိသူတွေ၊ ပညာရှင်တွေ စုစုပေါင်း ၁၀ ဦးနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲမှာ Bill Richardson နဲ့ ဒေါက်တာ Surakiart Sathirathai နဲ့အတူ ဆွီဒင်လွှတ်တော်အမတ် Urban Ahlin၊ ဗြိတိန် ဘုရင့်ကောင်စီအဖွဲ့ဝင်ဟောင်း ပါမောက္ခ Lord Derzi၊ တောင်အာဖရိကကာကွယ်ရေးဝန်ကြီးဟောင်း Meyere တို့ ပါဝင်ပါတယ်။

ဒီအကြံပေးအဖွဲ့ဟာ ကိုဖီအာနန် ကော်မရှင်အဖွဲ့ရဲ့ အကြံပြုချက်တွေ အကောင်အထည်ဆောင်ရွက်ရာမှာ စောင့်ကြည့် လေ့လာရတဲ့အဖွဲ့ဖြစ်တာကြောင့် ဒီအဖွဲ့နှစ်ဖွဲ့ရဲ့ လုပ်ကိုင်နိုင်စွမ်း ကွာခြားနိုင်တဲ့ အခြေအနေကိုလည်း Priscilla Clapp က အခုလိုပြောပါတယ်။

“ဒီအကြံပေးကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ အတော်များများပါဝင်တဲ့အတွက် နိုင်ငံတကာအကြံပေးကော်မရှင်ဖြစ်နေပြီး ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပေးချက်တွေကို မြန်မာနိုင်ငံက အကောင်အထည်ဖော်ရာမှာ လေ့လာစောင့်ကြည့်ဖို့ ဖြစ်ပါတယ်။ သူတို့က အခြေအနေကို အကဲခတ်သုံးသပ်မှာဖြစ်ပြီး ကုလသမဂ္ဂ နဲ့ တခြားနိုင်ငံတကာအဖွဲ့တွေရဲ့ ပြောဆိုလုပ်ကိုင်မှု တွေအပေါ်မှာလည်း ဖြည့်စွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ဟာ လာရောက်လေ့လာခွင့်ရတဲ့အတွက် မြေပြင်အခြေအနေနဲ့ ပတ်သက်လို့ အချက်အလက်အကြောင်းအရာတွေကို ကိုယ်တွေ့လေ့လာ နိုင်ကြမှာဖြစ်ပါတယ်။ ကိုဖီအာနန်ကော်မရှင်ကတော့ တာဝန်ပိုပြီး ကြီးပါတယ်။ ရခိုင်ပြည်နယ် အခြေအနေကို ခြုံငုံလေ့လာသုံးသပ်ပြီး သိပ်ကို ခက်ခဲနက်နဲတဲ့ ပြဿနာ ရှိနေတဲ့ ရိုဟင်ဂျာ ကိစ္စအပြင် ပြည်နယ်ဖွံ့ဖြိုးရေး လူမှုဆက်ဆံရေး အစရှိတဲ့ ပြဿနာတွေအတွက် ရေရှည်အဖြေရှာနိုင်ရေးကို စဉ်းစားပေးရတာလည်း ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးကြတဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ ဖော်ပြတာ မရှိသေး ဘာဘူး။ ဒါပေမယ့် အကြံပေးအဖွဲ့မှာပါဝင်တဲ့ Bill Richardson ကတော့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရေးအတွက် မြန်မာအစိုးရကို ဖိအားပေးပြောဆိုသွားဖို့ရှိတယ်လို့ ပြောဆိုထားခဲ့တာရှိပါတယ်။ Bill Richardson ဟာ မြန်မာ့ဒီမိုကရေစီရေးမှာ တက်တက်ကြွကြွ ထောက်ခံကူညီခဲ့သူဖြစ်သလို၊ အကျဉ်းကျနေတဲ့ အမေရိကန်နိုင်ငံသားတွေ လွှတ်မြောက်ရေးအတွက် အီရတ်နဲ့မြောက်ကိုရီးယားတို့မှာ စေ့စပ်ညှိနှိုင်းရေးပေးနိုင်ခဲ့တဲ့ အတွေ့အကြုံရှိသူ တဦးဖြစ်ပါတယ်။

လက်ရှိ အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ရိုက်တာ သတင်းဌာနရဲ့ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးဟာ ရခိုင်ပဋိပက္ခကိစ္စနဲ့ပတ်သက်ပြီး သတင်းချက်အလက်ရယူရင်း နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီးတရားစွဲခံထားရတာပါ။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့ညက ရဲတပ်ဖွဲ့တွေနဲ့ ချိန်းဆိုထားပြီး အသွားမှာပဲ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လက်ဝယ်တွေ့ရှိမှုနဲ့ ရန်ကုန်မြို့ ထောက်ကြန့် နယ်မြေရဲစခန်းမှာ သူတို့ကို ဖမ်းဆီးခဲ့ပြီး၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃နဲ့ ပုဒ်မ ၅ ကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခံရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG