သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် လူမှုအသိုင်းအဝိုင်းအကြား ထိတ်လန့်မှုများ ရှိနေဆဲ


ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ နိုင်ငံတကာ လုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူး Dominik Stillhart။
ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ နိုင်ငံတကာ လုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူး Dominik Stillhart။

ပြီးခဲ့တဲ့လပိုင်းတွေက အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေက ပြန်လည် တည်ငြိမ်လာနေပြီ ဆိုပေမဲ့လည်း၊ လူမှုအသိုင်းအဝိုင်းတွေကြား စိုးရိမ်မှုတွေ ကြီးထွားနေဆဲဖြစ်ပြီး လူတွေရဲ့ နေ့စဉ် ရှင်သန်သွားလာနေထိုင်မှု ဘဝတွေ မရှိတော့သလောက် ဖြစ်နေတယ်လို့ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ နိုင်ငံတကာလုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူး Dominik Stillhart က ပြောပါတယ်။ နယ်စပ်ဖြတ်ကျော်ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေ ဆက်ပြီး ရှိနေဆဲပဲလို့လည်း ဆိုပါတယ်။ မစ္စတာ Stillhart ရဲ့ သုံးရက်ကြာ ရခိုင်ပြည်နယ်ခရီးစဉ် လေ့လာတွေ့ရှိချက်တွေနဲ့ပတ်သက်လို့ အေပီသတင်းကို အခြေခံပြီး မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ တကြော့ပြန် ပြန်လည်ဖြစ်ပွားပြီး ရိုဟင်ဂျာမူစလင် ဒုက္ခသည် သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးကြရတဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့ပြီးတဲ့နောက် သုံးလကျော်ကြာ လာချိန်မှာတော့ အခြေအနေ တည်ငြိမ်စပြုပြီး အကြမ်းဖက်မှုတွေ မတွေ့ရတော့ပေမဲ့လည်း လူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ အများကြီးရှိနေတုန်းပဲလို့ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို သုံးရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ ICRC နိုင်ငံတကာကြက်ခြေနီ အဖွဲ့ရဲ့ နိုင်ငံတကာလုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူး Dominik Stillhart က ပြောပါတယ်။ ဒီစိုးရိမ်မှုတွေကြောင့်ပဲ လူတွေရဲ့ နေ့တဓူ၀ သွားလာနေထိုင်ရှင်သန်မှုတွေ မရှိတော့သလောက် ဖြစ်နေတယ်လို့ မစ္စတာ Stillhart က ပြောပါတယ်။

"ရခိုင်ပြည်နယ်အတွင်းထဲမှာ ဒုက္ခသည် ဘယ်လောက်များများ ကျန်နေသေးလဲ ဆိုတာ သေချာသိရဖို့ ခက်ပါတယ်။ ကျနော်တို့ သိထားတာက ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က အဖြစ်အပျက်တွေ ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၆ သိန်းကျော် ရှိတယ်ဆိုတာနဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု လိုအပ်ချက်တွေ အကြီးအကျယ် လိုအပ်နေတယ် ဆိုတာပါ။ အထူးသဖြင့် အကြမ်းဖက်မှုတွေက လူမှုအသိုင်းအဝိုင်း အားလုံးအပေါ်မှာ အပြင်းအထန် သက်ရောက်မှုတွေ ရှိနေပြီး အားလုံးက စိုးရိမ်ကြောက်ရွံ့နေကြရတာကြောင့် ဖြစ်ပါတယ်။ လူတွေရဲ့ နေ့တဓူ၀ ဘ၀ ရှင်သန် သွားလာနေထိုင်မှုတွေအားလုံး ရပ်တန့်သွားတာကို ကျနော့်ခရီးစဉ်အတွင်းမှာ တွေ့ခဲ့ရပါတယ်။ လူတွေက ရွာထဲကနေအပြင်ကို မသွားရဲကြတော့သလို၊ လယ်ထဲကိုင်းထဲ ဆင်းရမှာ၊ ဈေးသွားရမှာကိုတောင်မှ စိုးရိမ်ထိတ်လန့်နေကြတာပါ။ ဘယ်ကိုမှ မသွားရဲကြတော့ဘဲ လူတွေရဲ့ နေ့စဉ် သွားလာနေထိုင်မှု ဘဝတွေ အားလုံး ရပ်သွားတာပါပဲ။”

လက်ရှိမှာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို နှစ်ဘက်အစိုးရ တာဝန်ရှိသူတွေ ကြိုးပမ်းနေကြပေမဲ့လည်း၊ ဒီဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှု ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်တဲ့ အခြေအနေမျိုး မဖြစ်မှာကို စိုးရိမ်တဲ့အကြောင်းလည်း မစ္စတာ Stillhart က ပြောပါတယ်။

"နေရပ်ပြန်ပို့ရေး ပြောကြတဲ့အခါ အရေးကြီးဆုံးကတော့ - ဒုက္ခသည်တွေ ကိုယ့်သဘောကိုယ့်ဆန္ဒနဲ့ ဘေးကင်းလုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်ရေး ဆိုတာပါ။ ကျနော်တို့ မမြင်ချင်ဆုံးကတော့ အခုမြင်တွေ့နေရတဲ့ ဒုက္ခသည်စခန်းတွေလို၊ တနေရာတည်းမှာ စခန်းချပြီး နေရာချပေးတဲ့ ပုံစံမျိုးပါ။ လူတွေ လွတ်လွတ်လပ်လပ် သွားလာနိုင်တာမရှိ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလည်း ဘာမှမလုပ်နိုင်ဘဲ လူသားချင်းစာနာမှု အကူအညီအပေါ်မှာပဲ မီခိုနေထိုင်ရတဲ့ အခြေအနေမျိုးပါ။ ဒီလို နေရပ်ပြန်ရောက်သွားတာမျိုးကို ကျနော်တို့ လုံး၀ မတွေ့ချင်ပါဘူး။”

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ဘယ်လောက်အထိ ကြီးမားခဲ့တယ်ဆိုတာကိုလည်း သူ့ရဲ့ ခရီးစဉ်အတွင်း တွေ့မြင်ခဲ့ရတယ်လို့ မစ္စတာ Stillhart က ပြောပါတယ်။

"ရခိုင်ပြည်နယ်မြောက်ပိုင်းကိုသွားခဲ့တဲ့ သုံးရက်တာခရီးစဉ်အတွင်း ကျနော် တွေ့ခဲ့ရတဲ့အထဲမှာတော့ လမ်းတလျှောက်က ကျေးရွာတွေ အများအပြား လုံး၀ ပျက်ဆီးနေတာပါပဲ။ ဒါကိုကြည့်ရင် ထိခိုက်ပျက်စီးမှု ပမာဏ ဘယ်လောက်အထိ ကြီးမားခဲ့တယ် ဆိုတာကို သိနိုင်ပါတယ်။”

လက်ရှိမှာ အကြမ်းဖက်မှုတွေ ရှိမနေပေမဲ့လည်း ရခိုင်ပြည်နယ်တွင်းမှာပဲ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရှိနေဆဲ ဖြစ်သလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာနေတဲ့ ဒုက္ခသည်တွေလည်း ရှိနေတုန်းပဲလို့ မစ္စတာ Stillhart က ပြောပါတယ်။ အစောပိုင်း အချိန်တွေတုန်းကလောက် ထွက်ပြေးသူ ဒုက္ခသည်အရေအတွက် မများပေမဲ့လည်း တနေ့ ပျမ်းမ အယောက် ၃၀၀ လောက်ကတော့ ရောက်လာနေဆဲပဲလို့ ဆိုပါတယ်။

ဒီအတောအတွင်း နယ်စည်းမထားဆရာဝန်များအသင်း MSF ကလည်း - သူတို့ လေ့လာတွေ့ရှိထားတဲ့ စာရင်းကောက်ယူမှုတွေအရ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပထမ တလအတွင်းမှာကိုပဲ ရိုဟင်ဂျာ မူစလင် ၆၇၀၀ ထက်မနည်း သတ်ဖြတ်ခံ ခဲ့ရတယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ဒီအထဲမှာ ၇၃၀ ထက်မနည်းက အသက် ၅ နှစ်အောက် ကလေးငယ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့သြဂုတ်လထဲ တကျော့ပြန် ပြန်လည်ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းမှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာမူစလင်ဒုက္ခသည် ၆ သိန်းကျော်ရှိပြီး၊ ဒီလို အခြေအနေရောက်အောင် မြန်မာစစ်တပ် လုံခြုံရေးတပ်ဖွဲ့တွေက စနစ်တကျ အကွက်ချ လုပ်ဆောင်ခဲ့တာဖြစ်တယ်၊ ဒါဟာ ရိုဟင်ဂျာတွေကို လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားတာဖြစ်တယ် ဆိုပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုထားပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ နိုင်ငံတကာရဲ့ စွပ်စွဲပြောဆိုချက်တွေကို တစိုက်မတ်မတ် ငြင်းပယ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG