သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာပြေလည်ရေး ကမ္ဘာ့ကြက်ခြေနီ အမြင်


ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့ ကမ္ဘာတလွှား အကူညီပေးရေး လုပ်ငန်းဆိုင်ရာ ဒါရိုက်တာ Dominik Stillhart (၂၀၀၈၊ ဧပြီလ)
ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့ ကမ္ဘာတလွှား အကူညီပေးရေး လုပ်ငန်းဆိုင်ရာ ဒါရိုက်တာ Dominik Stillhart (၂၀၀၈၊ ဧပြီလ)

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာကို ကျော်လွှားနိုင်ဖို့ တရားဥပဒေစိုးမိုးရေးနဲ့အတူ ဒေသတွင်း နေထိုင်တဲ့ လူမှုအသိုင်း အဝိုင်းတွေကြား ယုံကြည်မှု ရှိလာဖို့ လိုအပ်တယ်လို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့ ကမ္ဘာတလွှား အကူညီပေးရေး လုပ်ငန်းဆိုင်ရာ ဒါရိုက်တာ Dominik Stillhart က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရတဲ့ ဒေသခံ အသိုင်းဝိုင်း အားလုံးဟာ အခုအခါမှာ ကြောက်ရွံ့မှုနဲ့ မရေရာမှုတွေကို ခံစားနေရတယ်လို့ ဖေါ်ပြထားပါတယ်။ ထွက်ပြေးရင် အန္တရာယ်ရှိတယ်လို့ ယူဆတဲ့ လူတွေက ထွက်မပြေးကြပေမယ့် သူတို့ ဒေသမှာ ကျောင်းကောင်းကောင်း မတက်နိုင်သလို၊ ကျန်းမာရေးစောင့်ရှောက်မှု မကောင်းတာနဲ့ အသွားအလာမှာပါ အကန့်အသတ် ရှိနေတဲ့ အတွက် မိသားစု ရှေ့ဆက်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း နေထိုင်သူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှု မရှိပဲ ဆင်းရဲတွင်းနက်မှုဒဏ်ကို ခံခဲကြရတဲ့ အပြင် ဒေသခံ အသိုင်းဝိုင်း တွေကြား အကြမ်းဖက်မှုတွေရဲ့ ဒဏ်ကိုပါ ခံခဲ့ရတာမို့ ဒါတွေ ရပ်ဆိုင်းဖို့ သူတို့ရဲ့ မကြေနပ်ချက်တွေကို တင်ပြဖို့ လိုတယ်လို့ ဆိုပါတယ်။ သူတို့ ဒီလိုခံစားနေရတာတွေကို ကျော်လွှားနိုင်ဖို့၊ နယ်စပ်ကျော်ဖြတ်ပြီး တဖက်နိုင်ငံကို မသွားဖို့၊ သူတို့ နေထိုင်ရာ နေရာတွေကို ပြန်ဖို့ အတွက် အဲဒီဒေသမှာ နေထိုင်တဲ့ အသိုင်းအဝိုင်းတွေကြား ယုံကြည်မှုပြန်တည်ဆောက်မှ အတူတွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လို့ ရမှာဖြစ်ကြောင်း ပြောပါတယ်။

ဒီဒေသတွင်း ဒုက္ခသည်က သိန်းနဲ့ ချီရှိနေတာမို့ ပြဿနာကို ရေရှည်ဖြေရှင်းရာမှာ လူသားချင်းစာနာမှု အကူညီတွေ ပေးတာနဲ့ ချက်ချင်း ပြေလည်မသွားနိုင်ပဲ တရားဥပဒေ စိုးမိုးမှုရှိဖို့ အရေးကြီးကြောင်း ထောက်ပြတဲ့ အပြင် ကျန်းမာရေးလို လူထုဝန်ဆောင်မှုက အရေးပါကြောင်း ပြောပါတယ်။

လက်ရှိမှာ အစိုးရရဲ့ Red Cross Movement- ကြက်ခြေနီလှုပ်ရှားမှုနဲ့ အကူညီပေးတာတွေနဲ့ အတူ ICRC က လူသားချင်းစာနာမှု အကူညီတွေ ပေးခွင့်ရလို့ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသမှာ နေသူတွေ အပါအဝင် ဒုက္ခသည်တွေကို သောက်ရေသန့်၊ စားနပ် ရိက္ခာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ပို့ပေးနိုင်ခဲ့ပေမယ့် ကြက်ခြေနီ အဖွဲ့တခုထဲနဲ့ မလုံလောက်ဖူးလို့ ပြောပါတယ်။

အခု ပေးခွင့်ရတဲ့ အကူအညီဟာ ရေတိုအတွက် အထောက်အကူရပေမယ့် ရေရှည်အတွက် လိုအပ်တာက တရားဥပဒေ စိုးမိုးမှုနဲ့ အသိုင်းဝိုင်း တွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဖြစ်ပြီး ဒါမှ သူတို့တွေ အကြောက်တရားကင်းကင်းနဲ့ နေနိုင်မယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG