သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာ Surakiart Sathirathai ရဲ့ ရခိုင်အရေး ပထမဆုံးပြောဆိုချက်များ


ကိုဖီအာနန်(ဝဲ) နှင့် Surakiart Sathirathai (ယာ)။ ဘန်ကောက်၊ ထိုင်းနိုင်ငံ။ (၂၆ မေ ၂၀၀၆)
ကိုဖီအာနန်(ဝဲ) နှင့် Surakiart Sathirathai (ယာ)။ ဘန်ကောက်၊ ထိုင်းနိုင်ငံ။ (၂၆ မေ ၂၀၀၆)

ရခိုင်ပြည်ကို သတင်းမီဒီယာနဲ့ အကူအညီပေးသူတွေ ဝင်ခွင့်ပြုဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် ထိုင်း ဒုတိယဝန်ကြီးချုပ်ဟောင်း ဒေါက်တာ Surakiart Sathirathai က ပြောပါတယ်။ ဒါ့အပြင် အဖမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးကိစ္စ မြန်မာအစိုးရ တာဝန်ရှိသူတဦးနဲ့ တွေ့ဆုံချိန် သူပြောဆိုခဲ့ တယ်လို့လဲ ဆိုပါတယ်။ ဒီအကြံပေးအဖွဲ့ကို ဖွဲ့စည်းပြီး ကတည်းကဆိုရင် ရခိုင်အရေးနဲ့ ပတ်သက်ပြီး သတင်း မီဒီယာတခုနဲ့ ပထမဆုံးလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါက်တာ Surakiat က အဲဒီလိုပြောထားတာပါ။

ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်းချိန်အတွင်း ဒေါက်တာ Surakiat ပြောထားတာတွေကို စုစည်းပြီး မအင်ကြင်းနိုင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ လူသားစာနာမှု အကူအညီပေးသူတွေ၊ သတင်းသမားတွေကို အကန့်အသတ်မရှိ လွတ်လပ်စွာ သွားလာခွင့်ပေးသင့် တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ နိုင်ငံတကာအကြံပေးအဖွဲ့ ခေါင်းဆောင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း Surakiart Sathirathai ကပြောပါတယ်။

Reuters သတင်းဌာနက မြန်မာသတင်းထောက် နှစ်ဦး ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြေအနေကို သူ့အနေနဲ့ စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ ဒီဖြစ်ရပ်ဟာ နိုင်ငံတကာ သတင်းမီဒီယာတွေအပေါ် ကြီးမားတဲ့ ကန့်သတ်မှုတွေကို ရှေ့ရှုနေတဲ့ အလားအလာမဟုတ်ဖို့ သူ့အနေနဲ့ မျှော်လင့်မိကြောင်း Mr. Sathirathai ကဆိုပါတယ်။

Reuters သတင်းဌာနနဲ့ ဘန်ကောက်မှာ တွေ့ဆုံမေးမြန်းစဉ် သူက အဲဒီလို ပြောတာပါ။ ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာသတင်းရယူခွင့် နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေရောက်ရှိဖို့အရေးပါသလို အခြား သက်ဆိုင်ရာပုဂ္ဂိုလ် အဖွဲ့အစည်းတွေအနေနဲ့လည်း လွတ်လွတ်လပ်လပ် ဝင်ရောက်စုံစမ်းလေ့လာခွင့်ရဖို့ အရေးကြီးတယ်လို့ Surakiart Sathirathai ကပြောပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခတွေအကြောင်း သတင်းရေးနေတဲ့ Reuters သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အစိုးရလျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုမှာ သံသယရှိသူတွေအဖြစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ဆင်ခြေဖုန်းဘက်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခုလို သူတို့ နှစ်ဦးဖမ်းဆီးခံရမှုကို စိုးရိမ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကို တင်ပြထားတယ်လို့ Mr. Sathirathai က Reuters သတင်းဌာနကို ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖို့နဲ့ စီလျော်တဲ့ တရားဥပဒေနဲ့ အညီဆောင်ရွက်ဖို့ ဦးသောင်းထွန်းကို အကြံပြုထားတယ်လို့ Surakiart Sathirathai က ဆိုပါတယ်။

သတင်းထောက် နှစ်ဦး ဖမ်းခံရတဲ့ ဖြစ်ရပ်ဟာ နိုင်ငံတကာသတင်းမီဒီယာတွေအတွက်ရော မြန်မာအစိုးရအတွက်ပါ ပြောင်းပြန်အကျိုး သက်ရောက်မှုတွေ မဖြစ်စေဖို့ သူမျှော်လင့်မိကြောင်း Mr. Sathirathai ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို နေရပ်ပြန်လာရေးနဲ့ ပြန်လည်နေရာချထားရေး ကိစ္စမှာ နိုင်ငံတကာဘက်က စိုးရိမ်မှုတွေရှိနေတယ်လို့ Surakiart Sathirathai ကပြော ပါတယ်။ ဒုက္ခသည်တွေကို တည်ဆဲဥပဒေအရ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရရင်တောင် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး အသေအချာဆောင်ရွက်ပေးနိုင်တဲ့ နည်းလမ်းတွေကို သူဦးဆောင်တဲ့ ရခိုင်အကြံပေးအဖွဲ့အနေနဲ့ ရှာဖွေဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အခုလို ရခိုင်အကြပ်အတည်းကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဝိုင်းဝန်းဝေဖန်နေကြတဲ့အပေါ် Mr. Sathirathai ရဲ့ အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းနိုင်ငံရေး အကန့်အသတ်ထဲ ရောက်နေတယ်လို့ သုံးသပ်ပါတယ်။ ရခိုင် ပြဿနာမှာ လက်ညှိုးထိုး အပြစ်တင်ဖို့ထက် အတွင်းမှာ အများသဘော တူညီချက်နဲ့ ဖြေရှင်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားခဲ့တယ်လို့ Surakiart Sathirathai က ပြောပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေကို ကြည့်ရာမှာ ပြည်တွင်းနဲ့ နိုင်ငံတကာက သုံးသပ်ရှုမြင်ပုံ ကြီးကြီးမားမားကွာခြားနေကြောင်းနဲ့ ဒီအချက်ကို ပေါင်းကူးအနေနဲ့ ချိတ်ဆက်မပေးနိုင်ဘူးဆိုရင် အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ အနှောင့်အယှက်အဟန့်အတားအဖြစ် ရှိနေ လိမ့်မယ်လို့Surakiart Sathirathai က သုံးသပ်ပါတယ်။ သူရဲ့ ရခိုင်အကြံပေးအဖွဲ့ဟာ စစ်တပ်အပါအဝင် ရခိုင်ပြည်နယ်မှာရှိတဲ့ အဖွဲ့ အားလုံးနဲ့ ညှိုနှိုင်းဆွေးနွေး တိုင်ပင်ဖို့ ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်ဟောင်းက ပြောပါတယ်။ ရခိုင်အကြံပေးအဖွဲ့ကို အပြောသက်သက် အဖွဲ့တဖွဲ့ မဖြစ်ချင်ကြောင်း၊ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုတွေ ရလာအောင် ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့ဖြစ်ချင်ကြောင်း Surakiart Sathirathai က ဆိုပါတယ်။

ဒါအပြင် ရခိုင်အကြံပေးအဖွဲ့ဟာ အစိုးရအာဘော်ကိုပြောမှာ မဟုတ်သလို မြန်မာအစိုးရဘက်က ဒါမှမဟုတ် နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်က ကိုယ်စားပြုပြောဆိုမှာလည်း မဟုတ်ကြောင်း Mr. Sathirathai ကပြောပါတယ်။ ဒီအကြံပေးအဖွဲ့ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မြန်မာအစိုးရနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပက ပဋိပက္ခရေးရာ အတွေ့အကြုံရှိသူတွေ၊ ပညာရှင်တွေ ပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆာင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို ဦးဆောင်သူအဖြစ် အသက် (၅၉)နှစ်အရွယ် Mr. Sathirathai ကို မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခဲ့တာပါ။ အဲဒီအကြံပြုအဖွဲ့မှာ ဝါရင့်အမေရိကန်နိုင်ငံရေးသမားနဲ့ သံတမန်ဟောင်းတဦးဖြစ်သူ Bill Richardson နဲ့အတူ နိုင်ငံတကာက ပဋိပက္ခဆိုင်ရာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်ငါးဦးနဲ့ မြန်မာနိုင်ငံက ငါးဦး စုစုပေါင်း ၁၀ ဦး ပါဝင်ပါတယ်။

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင် တို့ရဲ့ အကြံပြုချက် အသီးသီးကို အကောင်အထည်ဖေါ်ဖို့ ဖွဲ့စည်းထားတဲ့ မြန်မာအစိုးရရဲ့ ကော်မတီကို ကူညီအကြံပြုဖို့ Surakiart Sathirathai ဦးဆောင်တဲ့ နိုင်ငံတကာဆိုင်ရာ ရခိုင်အကြံပေးအဖွဲ့ကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က သမ္မတဦးထင်ကျော်ခွင့်ပြုချက်နဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG