သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အကြံပေးနောက်တဖွဲ့ ထပ်ဖွဲ့စည်း 


ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (Foreign and Commonwealth Office)
ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (Foreign and Commonwealth Office)

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနဲ့အတူ ပြည်တွင်းပြည်ပက ပဋိပက္ခရေးရာ အတွေ့အကြုံရှိသူတွေ၊ ပညာရှင်တွေ စုစုပေါင်း ၁၀ ဦး ပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆာင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာလ ၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

နိုင်ငံတကာထိ ရိုက်ခတ်နေတဲ့ ရခိုင်ပြည်နယ်ပဋိပက္ခအရေးကိုင်တွယ်ဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်အသီးသီးရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရက အကောင်အထည်ဖေါ်နေရာမှာ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အခုလို ပြည်တွင်း၊ ပြည်ပ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ ကြေညာချက်မှာတော့ အဲဒီအဖွဲ့ကို ဘယ်သူက ဦးဆောင်မယ်ဆိုတာ ဖေါ်ပြထားခြင်းမရှိပေမယ့် ပါဝင်သူတွေရဲ့ အမည်စာရင်းထိပ်ဆုံးမှာတော့ ထိုင်း နိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ Surakiart Sathirathai ကို ရေးသားထားပါတယ်။ သူဟာ အရင် ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်အစိုးရအဖွဲ့မှာ ပါဝင်ခဲ့သူဖြစ်သလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် နေရာမှာ အာရှသားတဦးအနေနဲ့ ပါဝင်အရွေးခံဖို့ အမည်စာရင်း တင်သွင်းခံရသူလည်းဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပဋိပက္ခကိုင်တွယ်ရာမှာ မြန်မာအစိုးရအတွက် ပြည်ပ အကြံပေးပုဂ္ဂိုလ်အဖြစ် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ်လို့ မြင်ကြောင်း ထိုင်းအခြေစိုက် TACDB ထိုင်းမြန်မာ မဟာမိတ်ဖောင်ဒေးရှင်းရဲ့ လက်ထောက်ညွန်ကြားရေးမှူး ဦးမြင့်ဝေက ဗွီအိုအေကို ပြောပါတယ်။

“ပါမောက္ခတယောက်ဖြစ်တဲ့အတွက် သူကတော့ သူ့ကိုပေးတဲ့ တာဝန်နဲ့တော့ သူလည်းဆောင်ရွက်နိုင်တယ်လို့တော့ မျှော်လင့်လို့ရပါတယ်။ သူကထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်အနေနဲ့ ဆောင်ရွက်ခဲ့တော့ ထိုင်းနိုင်ငံတွေ့ကြုံရတဲ့ အတွေ့အကြုံတွေ ဆောင်ရွက်နည်းတွေမှာ အများကြီးပါဝင်ပတ်သက်နိုင်တယ်။ နောက်သူ့ ဗဟုသုတနဲ့ အတွေးအခေါ်နဲ့ စဉ်းစားပုံ တွေ သူတို့ အုပ်ချုပ်မှုအပိုင်းမှာ ဦးဆောင်ခဲ့တဲ့လူတွေဆိုတော့ ဒီကိစ္စတွေမှာ ကိုင်တွယ်ခဲ့တာ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဖြစ်နိုင်ခြေမှာ ပါဝင်ခဲ့တဲ့လူတယောက်ဖြစ်တဲ့အတွက် အဲဒီတော့ မျှော်လင့်လို့ရတာပေါ့။”

အထူးသဖြင့် ဒေါက်တာ Surakiart Sathirathai အနေနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းတဲ့ အတွေ့အကြုံရှိခဲ့တဲ့အတွက် မြန်မာအစိုးရကို တစုံတရာ အတိုင်းအတာထိ ထိရောက်တဲ့ အကြံပေးနိုင်လိမ့်မယ်လို့ ယူဆကြောင်း ဦးမြင့်ဝေက ဆိုပါတယ်။

“ဒီထိုင်းက ဒုတိယဝန်ကြီးချုပ်အနေနဲ့ ထိုင်းနိုင်ငံသား ဗုဒ္ဓဘာသာကိုးကွယ်တာဆိုတော့ ထိုင်းနိုင်ငံကလည်း မြန်မာပြည်လိုပဲ အလားတူ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဒီလို မွတ်စလင်တွေနဲ့ ထိုင်းအစိုးရကြားထဲမှာလည်း အတော်လေး အခက်အခက်ဖြစ်တဲ့အတွက် သူ့မှာ လုံလောက်တဲ့ သတင်းအချက်အလက်နဲ့ အသိစဉ်းစားတွေးခေါ်နိုင်တဲ့ လူတယောက်ဖြစ်တယ်လို့ မျှော်လင့်ကြည့်လို့ ရတာပေါ့နော်။”

အသစ်ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့မှာ ဒေါက်တာ Surakiart Sathirathai နဲ့အတူ ဆွီဒင်လွှတ်တော်အမတ် Urban Ahlin၊ အမေရိကန်ပြည်ထောင်စု New Mexico ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson၊ ဗြိတိန် ဘုရင့်ကောင်စီအဖွဲ့ဝင်ဟောင်း ပါမောက္ခ Lord Derzi၊ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း Meyere စတဲ့ ပြည်ပ ဝါရင့် အတွေ့အကြုံရှိသူ ငါးဦးပါဝင်ပါတယ်။

အဲဒီလူတွေဟာ ပဋိပက္ခရေးရာသာမက မြန်မာ့အရေးမှာပါ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson ဆိုရင် မြန်မာ့ဒီမိုကရေစီရေးမှာ တက်တက်ကြွကြွ ထောက်ခံကူညီခဲ့သူဖြစ်သလို အရင် နအဖ စစ်အစိုးရလက်ထက် မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး အဲဒီအချိန်က အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အကြံပေးအဖွဲ့မှာပါဝင်တဲ့ ပြည်တွင်းပုဂ္ဂိုလ်တွေကတော့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၊ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဟောင်း ဦးထွန်းမြတ်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် သံအမတ်ကြီးဟောင်း ဦးလှမြင့်နဲ့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစားဖွံဖြိုးတိုးတက်ရေးကော်မတီဝင် ဒေါက်တာဒေါ်ခင်ညိုတို့ ဖြစ်ပါတယ်။

အောက်တိုဘာလ ၉ ရက် ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းစဉ် ထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ ကြေညာချက်မှာ ပြည်တွင်း ပြည်ပ ပညာရှင်တွေ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ အတွေ့အကြုံရှိသူတွေ ပါဝင်တဲ့ အခုလို အကြံပေးအဖွဲ့ကို ဖွဲ့စည်းဖို့ ရှိကြောင်း ဖေါ်ပြထားပြီးဖြစ်ပါတယ်။

ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်၊ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် စတဲ့ ကော်မရှင်အသီးသီးရဲ့ အကြံပြုချက်တွေ အကောင်အထည်ဖေါ်ဖို့ ဖွဲ့စည်းထားတဲ့ ဒီကော်မတီမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပုတို့ကို ပူးတွဲ ဥက္ကဌတွေအဖြစ် ခန့်အပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG