သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် ၂ဝ၁၈ စာနာမှုအကူအညီ ဒေါ်လာ သန်း ၁၈၀ ကျော်လိုအပ်


ကချင်ဒုက္ခသည်များ
ကချင်ဒုက္ခသည်များ

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွက် လူသားချင်းစာနာမှုအကူအညီ လိုအပ်တဲ့အခြေအနေနဲ့ပတ်သက်ပြီး အစီရင် ခံစာတစောင် ထွက်လာပါတယ်။ ကုလသမဂ္ဂနဲ့ မိတ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ UNOCHA လို့ခေါ်တဲ့ လူသား ချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့က ပြုစုထားတဲ့ ဒီအစီရင် ခံစာပါ အချက်တွေနဲ့ပတ်သက်ပြီး ပြောပြပါ့မယ်။ ကိုကျော်ကျော်သိန်းက မခွာညိုနဲ့အတူ တင်ဆက်ပေးမှာပါ။

မေး။ ။ မြန်မာနိုင်ငံလူဦးရေရဲ့ ဘယ်လောက်အရေအတွက်ဟာ အဲဒီလို လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ဖော်ပြထားပါလဲ။

ဖြေ။ ။ မြန်မာနိုင်ငံလူဦးရေ ၅၃.၈ သန်းမှာ ဘေးဒဏ်သင့်ဒေသတွေမှာ နေထိုင်နေသူပေါင်းက ၈.၃ သန်းရှိပြီး အကူအညီ လိုအပ်သူပေါင်းက ၈ သိန်း ၆ သောင်းကျော်ရှိတယ်လို့ ပြောထားပါတယ်။ အဲဒီထဲမှာ ပြည်တွင်းမှာပဲ အိုးအိမ်စွန့် ထွက်ပြေးနေရ သူ IDP အရေအတွက်က ၂ သိန်း ၄ သောင်းကျော်၊ အိုးအိမ်စွန့်ထွက်ပြေးနေရတာမဟုတ်ဘဲ အကူအညီလိုအပ်နေသူပေါင်းက ၆ သိန်း ၂ သောင်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

မေး။ ။ အဲဒီလူတွေက ဘယ်နေရာတွေမှာရှိနေကြတာပါလဲ၊ နေရာတခုချင်းစီက အကူအညီလိုအပ်သူ အရေအတွက်ကိုရော ဘယ်လိုပြောထားပါလဲ။

ဖြေ။ ။ ရခိုင်ပြည်နယ်မှာ လူပေါင်း ၇ သိန်းနီးပါး အကူအညီလိုအပ်နေပြီး IDP အရေအတွက်က ၁ သိန်း ၃ သောင်းနီးပါး၊ ကချင် ပြည်နယ်မှာ လူပေါင်း ၁၂၇၀၀၀ အကူအညီလိုအပ်နေပြီး IDP အရေအတွက်က ၉၂၀၀၀၊ ရှမ်းပြည်နယ်မှာ လူပေါင်း ၃၉၀၀၀ အကူအညီလိုအပ်နေပြီး IDP အရေအတွက်က ၁၅၀၀၀ နဲ့ ကရင်ပြည်နယ်မှာတော့ IDP ၆၀၀၀ အကူအညီလိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။ IDP အရေအတွက်ရဲ့ ၇၇% ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့လဲ ပြောထားပါတယ်။

မေး။ ။ ဘယ်လိုအခြေအနေတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးရပြီး အကူအညီလိုအပ်နေတယ်၊ အိုးအိမ်စွန့်ထွက်ပြေးရတာ မဟုတ်ဘဲ အကူအညီလိုအပ်နေတာက ဘာ့ကြောင့်ဆိုတာတွေနဲ့ပတ်သက်ပြီး ဘာပြောထားပါလဲ။

ဖြေ။ ။ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာကတော့ ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကဖြစ်ခဲ့တဲ့ အခြေ အနေတွေကြောင့်လို့ ပြောထားပါတယ်။

မေး။ ။ အဲဒီလူတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အကူအညီပေးသွားဖို့ စီစဉ်ထားပါလဲ။

ဖြေ။ ။ မဟာဗျူဟာမြောက် ရည်မှန်းချက်လေးခုနဲ့ အကူအညီပေးသွားမယ်ဆိုပြီး အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ၁ က IDP တွေရဲ့လိုအပ်ချက်တွေပြည့်မီစေပြီး ရေရှည်ခိုင်မာတဲ့နည်းလမ်းတွေ ထွက်လာစေရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီသွားပါမယ်တဲ့၊ ၂ က ပဋိပက္ခဘေးဒဏ်သင့် အကူအညီလိုအပ်နေသူတွေ အခြေခံဝန်ဆောင်မှုတွေနဲ့ အသက်မွေးဝမ်းကျောင်းအခွင့်အလန်းတွေ ရအောင် လုပ်သွားပါမယ်တဲ့၊ ၃ က အရပ်သားတွေ အကာအကွယ်ရစေဖို့ လုပ်သွားပါမယ်တဲ့၊ ၄ ကတော့ နိုင်ငံအဆင့် လုပ်ဆောင်နိုင်စွမ်းနဲ့ လူမှုအဝန်းအဝိုင်းတွေအနေနဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်း ခိုင်မာအားကောင်းအောင် လုပ်သွားမယ်ဆိုပြီး ရည်မှန်းချက် ၄ ခု ဖော်ပြထားပါတယ်။

မေး။ ။ အဲဒီလုပ်ငန်းတွေအတွက် ရန်ပုံငွေ စုစုပေါင်း ဘယ်လောက် လိုအပ်မယ်လို့ ပြောထားပါလဲ။

ဖြေ။ ။ ဒီ အကူအညီပေးလုပ်ငန်းတွေ အားလုံးအတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၃ သန်း လိုမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG