သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ် မိုင်းပေါက်ကွဲမှု စစ်သည်တချို့ဒဏ်ရာရ


 မြေပုံမြို့
မြေပုံမြို့

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ဒေသဖွံ့ဖြိုးရေးခရီးစဉ်အတွင်း ဒီကနေ့မနက် အမ်းကနေစစ်တွေအလာ မြေပုံမြို့နယ် ယောချောင်းတံတားအနီးမှာ ဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းပြီးနောက် မိုင်းပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းပြီး ၁နာရီလောက်အကြာမှာ ပေါက်ကွဲတာဖြစ်ပြီးတပ်မတော်ယာဉ်တန်းဖြတ်သန်းချိန်မှာ ပေါက်ကွဲတာကြောင့် တပ်မတော်သားအချို့လည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့ အစိုးရအဖွဲ့ဝင်တချို့ဟာ ဂွ၊ သံတွဲ၊တောင်ကုတ်ဒေသ ဖွံ့ဖြိုးရေးခရီးစဉ်ကအပြန် ဒီကနေ့မနက် အမ်းကနေ စစ်တွေအလာ ရန်ကုန်-စစ်တွေကားလမ်းအတိုင်း မြေပုံမြို့နယ်အတွင်းဖြတ်သန်းသွားချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

ဒီပေါက်ကွဲမှုဟာ ဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းပြီးနောက် ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးကျော်ခင်က ပြောပါတယ်။

“ ဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းသွားပြီးမှ ဗုံးပေါက်တာပါ။ ခန့်မှန်းခြေကတော့ ၁၅မိနစ်၊ မိနစ် ၂၀ပေါ့ဗျာ။ နေရာကလေ ယောချောင်းတံတားနား၊ ယောချောင်းတံတားနားမှာဆိုတော့ မိုင်တိုင် ၄၅လို့ ပြောတယ်။ ၉နာရီ၊ ၁၀နာရီ ဝန်းကျင်မှာပဲ။ ”

ဗုံးပေါက်ကွဲမှုဟာ ဝန်ကြီးချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်တာမဟုတ်နိုင်ကြောင်းလည်း ဦးကျော်ခင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က -

“ကျနော်က ဝန်ကြီးချုပ်နဲ့အတူတူ လာပေမဲ့ ကျနော်က အမ်းမှာ ကျန်ခဲ့တယ်။ အမ်းမှာ စည်ပင်နဲ့ ကျေးလက်လုပ်ငန်းတွေကို စစ်ဆေးဖို့ ကျန်ခဲ့တာ။ သူတို့က မနက်အစောကြီး၆နာရီထွက်သွားတော့ သူတို့ မင်းပြားနားလောက် ရောက်တဲ့အချိန်ပေါ့။ သူတို့ မိုင် ၃၀ကျော်လောက် ဝေးသွားတဲ့အချိန် တနာရီကျော်လောက် အချိန်လောက်ကွာပြီးတော့ သူတို့နောက်မှာ မိုင်းပေါက်တယ်လို့ သိရတယ်လေ။ ”

မိုင်းပေါက်ကွဲတာဟာ တပ်မတော်ယာဉ်တန်းဖြတ်သန်းစဉ် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဦးမင်းအောင်ကအခုလို ဆက်ပြောပါတယ်။

“ တပ်မတော်သား ယာဉ်တန်းလို့ သိပါတယ်။ တပ်မတေ်ာကားတစီးကတော့ မှန်ကွဲပြီးတော့ တပ်မတော်သား ၄ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ပြောတယ်။”

တပ်မတော်ယာဉ် ၄စီးဖြတ်သန်းသွားစဉ် တတိယမြောက်ကားကို ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ မြို့နယ်အာဏာပိုင်တွေ အခင်းဖြစ်ပွားရာကို သွားရောက်ရှင်းလင်းခဲ့ပါတယ်။ လက်သည်တရားခံဖော်ထုတ်နိုင်မှုအခြေအနေကို မေးမြန်းဖို့ ပြည်နယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ၇ရက်နေ့က အမ်းမြို့မှာ ညအိပ်ပြီး ဒီကနေ့ မနက်အစောပိုင်းက ထွက်ခွာလာခဲ့ရာမှာ နေ့ခင်း ၂နာရီလောက်မှာ စစ်တွေမြို့ကို ဆိုက်ရောက်ခဲ့ပါတယ်။

ဒီလ ၇ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၁၃နှင့် ၁၁၃/၁ အကြားက သံတံတားအောက်မှာ လက်လုပ်မိုင်း ၂လုံးတွေ့ရှိပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ နိုဝင်ဘာလအတွင်းကလည်း စစ်တွေ-ရန်ကုန်ကားလမ်းမှာ ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

အခုနောက်ဆုံး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက်ဆိုတာ မသိရပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ARSA ခေါ် မူဆလင်လက်နက်ကိုင်အဖွဲ့နဲ့ AA ခေါ် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားတာရှိပြီး လောလောဆည်မှာတော့ ချင်းပြည်နယ် ပလက်ဝဒေသမှာ AA တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်အကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG