သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရပ်ကွက်ကျေးရွာအဆင့် ပြည်သူလူထု အခြေအနေ၊ ရပိုင်လုပ်ပိုင်ခွင့်များ


ရပ်ကွက်ကျေးရွာအဆင့် ပြည်သူလူထု အခြေအနေ၊ ရပိုင်လုပ်ပိုင်ခွင့်များ
ရပ်ကွက်ကျေးရွာအဆင့် ပြည်သူလူထု အခြေအနေ၊ ရပိုင်လုပ်ပိုင်ခွင့်များ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကနဦးကာလလို့ ပြောလို့ရတဲ့ ဒီအချိန်ကာလမှာ ဗဟိုနဲ့ အဆင့်မြင့် အာဏာပိုင်အဖွဲ့အစည်းအသီးသီးမှာတော့ ပြည်သူလူထုရဲ့ စစ်မှန်တဲ့သဘောထားဆန္ဒဟာ မူလအာဏာပိုင်တွေရဲ့ သဘောထားဆန္ဒကို ကျော်လွှာနိုင်တဲ့အခြေအနေကို မရောက်သေးဘူးဆိုရင် မှားမယ်မထင်ပါဘူး။ အောက်ခြေအဆင့်ဖြစ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအဆင့် အာဏာအရပ်ရပ်အနေနဲ့ စစ်မှန်တဲ့ပြည်သူတွေ လက်ထဲကို တကယ်ရောက်နေပြီလား။ ရောက်ရှိနိုင်တဲ့ အခြေအနေရှိပါသလား။ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊ တရုတ်ပြည်နေ မြန်မာ့အရေးစောင့်ကြည့်လေ့လာနေသူ ဒေါက်တာလှကျော်ဇော တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ ရပ်ကွက်၊ ကျေးရွာက ဒေသခံ လူထုက သူတို့ကြိုက်နှစ်သက်ရာ ခေါင်းဆောင်ကို အုပ်ချုပ်ရေးတာဝန်ကို အဆင်ပြေစွာနဲ့ အပ်နှင်းနိုင်ကြပါသလား။ သို့တည်မဟုတ် အထက်က အာဏာပိုင်တွေ ခန့်အပ်တဲ့ လူတွေက အုပ်ချုပ်နေသလား စသဖြင့် အဲဒါကို အကျဉ်းချုံးရှင်းပြပေးပါ။

ဦးဖေသန်း ။ ။ အရင်တုန်းကတော့ ဥပဒေ သတ်သတ်မှတ်မှတ် မရှိပါဘူး။ သူတို့ နားလည်းမှုနဲ့ပဲ ရွေးချယ်ကြတာပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်မှုနဲ့ အဲဒီလို ရွေးချယ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျနော်တို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အပြန်ပြန်အလှန်လှန် ဆွေးနွေးပြီးတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေဆိုတာကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပေးခဲ့ပါပြီ။ အဲဒါ သမ္မတ လက်မှတ်ထိုးပြီးတော့ နည်းဥပဒေတွေ ပြဌာန်းပြီးတဲ့ အချိန်အခါမှာ ရွေးချယ်ပွဲကြီး ဖြစ်လာမှာပါ။ အဲဒီ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးဥပဒေမှာ အဓိက အချက်တွေကို ပြောရရင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဲဒီ ဒေသကို ဆင်းလာပြီး ပထမ ရပ်မိရပ်ဖ၊ ရပ်ရွာကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ် (၅) ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ရွေးပါမယ်။ အဲဒီ (၅) ဦးကို ရွေးပြီးနောက် သူ့တာဝန်က ပြီးဆုံးသွားပါပြီ။ အဲဒီ (၅) ဦးကို သူက အုပ်ချုပ်ရေးမှူးကို ဘယ်လိုရွေးရမယ်ဆိုတာကို လမ်းညွှန်ခဲ့ပါမယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ ဥပဒေအရ သမ္မတ လက်မှတ်ထိုးဖို့ လိုတဲ့ဟာပေါ့။ အခုလောလောဆယ် ကျင့်သုံးနေတာကိုလည်း အကျဉ်းချုံး ပြောပါ။

ဦးဖေသန်း ။ ။ အခုလောလောဆယ်တော့ သူတို့ အရင်တုန်းကတော့ နားလည်းမှုတွေနဲ့ ခန့်အပ်တယ်။ အခုလောလောဆယ်တော့ အဲဒီလို ကြားကာလမှာ သူတို့ အသစ်အသစ် ထပ်ရွေးတယ့် ဟိုဒင်ဟာ မတွေ့ရဘူး။ ဒါပေမဲ့ သိပ်ပြီးတော့ အရေးပေါ် အတိုင်အတော်များလာတဲ့ ဒေသတွေကိုတော့ သူတို့ဆင်းပြီးတော့ ရပ်ရွာလူထုကို စုပြီးတော့ ဘယ်သူကို တင်မလဲဆိုပြီး၊ ဥပမာ ရွာကို ခေါ်လိုက်တော့ (၁၀၀) ရောက်တယ်ပေ့ါ။ အဲဒီ (၁၀၀) ထဲက မောင်လှ ကို ဘယ်သူကြိုက်သလဲ “ထ”၊ မောင်နီ ကို ဘယ်သူကြိုက်သလဲ “ထ” ။ အဲဒီလိုမျိုး ရောက်တဲ့လူအပေါ်မှာ သူတို့ မဲဆန္ဒယူတာကို တွေ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ အသစ် (၅) ဦး ရွေးလာတဲ့အခါမှာကော အဲဒီမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သြဇာ ဘယ်လောက်အထိ ရှိအုန်းမယ် ထင်ပါတယ်။ သူတို့က ရွေးပေးတဲ့ လူကိုမှ ရွေးရမလား။ ရပ်ကွက်က လူတွေက လွတ်လပ်စွာ ရွေးနိုင်မယ့် အလားအလာ ရှိပါသလား။

ဦးဖေသန်း ။ ။ ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားဆိုတာတော့ ဒီအချိန်မှာ မရှိတော့ပါဘူး။ ပြည်သူတွေကတော့ အစကတော့ အဲဒီလိုပဲ ထင်နေကြတယ်။ ဒါပေမဲ့ ကျနော်တို့ကလည်း ရှင်းပြပါတယ်။ ရပ်ကွက်လူကြီးလုပ်ဖို့ ဘယ်ပါတီကိုမှ ချည်းကပ်စရာမလိုဘူး။ ဘယ်ပါတီကိုမှ ပိုက်ဆံပေးစရာ မလိုဘူး။ ဘယ်ပါတီမှလည်း လူကြီးခန့်လို မရဘူးဆိုတာတွေကို နယ်ကိုဆင်း ရှင်းပြတဲ့အခါ လူထုတွေက အတော် သဘောပေါက်လာကြပါပြီ။ ဒီအပေါ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သြဇာ ဘာညာခြိမ်းခြောက်မှုတွေတော့ ဘာမှ မရှိတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဒေါ်လှကျော်ဇော ခင်များ … တရုတ်နိုင်ငံမှာလည်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးကို ဘယ်လို စီစဉ်ထားပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ အထူးသဖြင့် ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာတော့ ကျေးလက်တွေ၊ မြို့နယ်အောက်ခြေ အဖွဲ့အစည်းတွေမှာတော့ ပါတီဝင်တွေသာမက၊ ကျန်တဲ့အပြင်က ဝင်ပြိုင်ချင်တဲ့လူတွေ အကုန် ဝင်ပြိုင်ခွင့်ရအောင် ပြိုင်ခွင့် ဖွင့်ပေးထားတယ်။ အရင်တုန်းက အစောပိုင်းတုန်းကတော့ သိတဲ့အတိုင်းပဲ ပါတီက ချပေးတဲ့လူတွေ၊ ပါတီအတွင်းရေးမှူးတို့၊ ကလပ်စီးအတွင်းရေးမှူးတို့ သူတို့က အဓိက တာဝန်ယူပြီးတော့ သူတို့ဟာသူတို့ လုပ်ကိုင်ကြတာဖြစ်တယ်။ အစောပိုင်းတုန်းကတော့ ဒီ စနစ်က အတော်အောင်မြင်ပုံ ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကြတော့ ပါတီက ကြာရှည်ကြာမြဲ အာဏာကိုင်လာတဲ့အခါကြတော့ သူတို့လည်း ပြဿနာတွေ တက်လာတော့။ အခုတော့ ယေဘုယျအားဖြင့်တော့ အထူးသဖြင့် ကျေးလက်တွေမှာတော့ တော်တော်များများ လုပ်နိုင်နေပါပြီ။ လူထုသဘောကျ ရွေးတဲ့လူတွေ။ တချို့ဆိုလည်း ပါတီဝင် မဟုတ်ဘူး။ အဓိကတော့ အခုခေတ်က နိုင်ငံရေး စကားပြောတာထက် သူက စီးပွားရေးအရ အဲဒီ ဒေသတခုကို အောင်မြင်အောင်လုပ်နိုင်တဲ့ လူတွေကို ကောက်တင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု တရုတ်ပြည်မှာလည်း မကြာခဏ ကြားရပါတယ်။ မြေသိမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရွာလူထု မကျေနပ်လို့ ဆန္ဒပြတာတွေ။ ဒီလို ပြဿနာတွေကို လူထုရွေးချယ်ထားတဲ့ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့ ဆုံးဖြတ်ပေးနိုင်ခွင့် ရှိပါသလား။ သို့တည်းမဟုတ် အပေါ်က အာဏာပိုင်တွေရဲ့ သဘောနဲ့ ဆုံးဖြတ်ပါသလား။ ပါတီအာဏာပိုင်တွေ သဘောနဲ့ ဆုံးဖြတ်ပါသလား။

ဒေါ်လှကျော်ဇော ။ ။ အဲဒီလို မြေသိမ်းခံရတာတွေ၊ ဘာတွေ များသောအားဖြင့် ဘယ်လိုနေရာမျိုးတွေမှာ ဖြစ်သလဲဆိုတော့ အခုနနပြောတဲ့ အာဏာရှိတဲ့လူတွေနဲ့ စီးပွားရေးသမားတွေနဲ့ ပေါင်းပြီးတော့ အနိုင်ကျင့်တာတွေ၊ ဘာတွေ များတတ်တယ့် ဒေသတွေမှာဖြစ်တာ။ အဲဒီတော့ အဲဒီလိုအခါမျိုးမှာဆိုရင် ဥပမာအားဖြင့် ပြည်နယ်က ကျေးရွာကလေးတခုမှာရှိတယ်ဆိုရင် ပြည်နယ်ဒေသကိုက အကြီးဆုံးအရာရှိတွေထဲက တယောက်ယောက်ကလာပြီး ဖြေရှင်းပေးတယ်။ အဲဒီဒေသက လူနဲ့ပဲ ဖြေရှင်းတာမဟုတ်တော့ဘဲနဲ့ အဲဒီလို ဖြေရှင်းတယ်။ တခါတလေ ပြည်နယ်နဲ့ပင် လူထုက မကျေနပ်ရင် ဗဟိုကပါ စုံစမ်းစစ်ဆေးရေးအဖွဲ့လာပြီး ဖြေရှင်းပေးတယ်။ အဲဒီတော့ များသောအားဖြင့် လာဖြေရှင်းပေးရင် နစ်နာသူဘက်က မှန်မှန်ကန်ကန်ရပ်ပေးတော့ သိပ်ပြဿနာမရှိဘူး။ ပုလိပ်တွေဘာတွေဆိုရင်လည်း အဲဒီ ဒေသဆိုင်ရာ သူဌေးတွေက မွေးထားတဲ့ ပုလိပ်တွေ ဘာတွေလည်းရှိတော့ တခါတလေကြရင် ဒေသဆိုင်ရာ အဲဒီဒေသက ပုလိပ်ကိုတောင် အသုံးမပြုဘဲနဲ့ တခြားဒေသက ပုလိပ်တွေဘာတွေကိုပါ ခေါ်လာပြီးတော့ ဖြေရှင်းတာတွေရှိပါတယ်။ နစ်နာတဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး အထူးသဖြင့် ဗဟိုကပါ ဆင်းလာပြီး ဖြေရှင်းရင် အဲဒီလို ဖြေရှင်းပေးတာများတော့ ပြေလည်သွားကြပါတယ်။ လျော်ကြေးတွေဘာတွေလည်း အများကြီးပေးလိုက်တာမျိုးတွေ ရှိပါတယ်။ အခုနောက်ပိုင်းဆိုရင် ဥပဒေတခုတောင် ထွက်လာတယ် … တကယ်လို့ အဲဒီမြေကို ရောင်းလို့မြတ်လို့ရှိရင် အဲဒီအမြတ် ရာခိုင်နှုန်းထဲက (၁၀) ရာခိုင်နှုန်းကို ချန်ထားပြီးတော့ နောင် မြေအသိမ်းခံရတဲ့ လယ်သမားတွေရဲ့ လိုအပ်တဲ့ဟာတွေကို ဖြေရှင်းပေးဖို့ လုပ်ကိုင်ပေးရမယ်ဆိုတဲ့ ဥပဒေတောင် နောက်ထပ်ထွက်လာတာရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ဦးဖေသန်း တို့အနေနဲ့ ဘယ်လို အလားအလာရှိပါသလဲ။ အခုလောလောဆယ် မြေအသိမ်းခံရတဲ့ ကိစ္စတွေ မြန်မာနိုင်ငံမှာ အများကြီး ကြားနေရပါတယ်။ ဒီကိစ္စကို အခု ဖွဲ့စည်းပုံဥပဒေအသစ်အရ လုပ်လာတဲ့ ကော်မတီက ဘယ်လိုဖြေရှင်းနိုင်မယ် ထင်ပါသလဲ။

ဦးဖေသန်း ။ ။ အခုက မြေသိမ်းတယ်ဆိုတာကတော့ တချိန်က အာဏာရှိတဲ့လူတွေ သိမ်းတာရှိတယ်။ ဥပမာ စစ်တပ်က သိမ်းတာရှိတယ်။ နောက် လုပ်ငန်းရှင်တွေက အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ မလိမ်တပတ်နဲ့ အထောက်အထားတွေ ယူပြီးတော့ ဂရမ်တွေ လုပ်ပြီးတော့ သိမ်းတာတွေ ရှိတယ်။ အဲဒီ သိမ်းတဲ့အကျိုးဆက်တွေကို ကျနော်တို့ ဒီနေ့ ဖြေရှင်းနေရတယ်။ လာတိုင်ကြတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ လွှတ်တော်မှာ တင်ပြတယ်။ ကော်မတီတွေကို တင်ပြတယ်။ တချို့ စစ်တပ်က သိမ်းထားတဲ့မြေတွေ အများကြီး ပြန်ရတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေက သိမ်းတဲ့ဆိုတာက တပုံစံ။ သူတို့က သီးခြားချထားခွင့်တို့၊ ဂရမ်မြေတို့ အဲဒါမျိုးတွေကို လုပ်ပြီးမှ အပိုင်ကိုင်ထားတော့ ကျနော်တို့ အဲဒါတွေကို ဖြေရှင်းနေရတယ်။ အစကတည်းက အခြေအနေကို ပြန်လိုက်နေရတယ်။ အဲဒီ ခွင့်ပြုချက်တွေ ဘယ်လိုရလာသလဲ။ ပိုက်ဆံနဲ့ ရတာလား၊ နားလည်းမှုနဲ့ ရတာလား။ အောက်ခြေကနေ ပြန်လိုက်နေရတယ်။ ကျနော်တို့ကတော့ အဲဒီလို မတော်မတရားမှုတွေ တွေ့ရင်တော့ အပေါ်ကို တင်ပြမယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥက္ကဋ္ဌဆီကတဆင့် ပြန်ပြီး ချပေးပါလိမ့်မယ်။ အရေးယူပေးပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်း တို့ကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဆိုတော့ ပြည်သူတွေရဲ့ ကိုယ်စား အထက်ကို ပြဿနာ ပြေလည်အောင် ကြိုးစားမှာ သေချာပါတယ်။ ဒါပေမဲ့လည်း မြေသိမ်းတဲ့ကိစ္စမှာ ကျနော်တို့ ကြားနေရတာက လုပ်ငန်းရှင်တွေကိုယ်တိုင်က လွှတ်တော်မှာ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်နေတယ်။ သူတို့ရဲ့ စက်ရုံ၊ သူတို့ရဲ့ လုပ်ငန်းတွေအတွက် လယ်သမားတွေရဲ့ လယ်ကို သိမ်းတဲ့ကိစ္စတွေ အများကြီးပါ။ ဆိုတော့ ဒီကိစ္စတွေက အထက်ကို တင်လို့ လယ်သမားတွေရဲ့ ဆန္ဒအတိုင်း လယ်သမားတွေ ကျေနပ်လောက်အောင် ပြေပြေလည်လည် ဖြစ်နိုင်မယ် ထင်ပါသလား။

ဦးဖေသန်း ။ ။ ဦးကျော်ဇံသာ ပြောတာ မှန်ပါတယ်။ လွှတ်တော်ထဲမှာလည်း လုပ်ငန်းရှင်ကြီးတွေက သူတို့အကျိုးစီးပွားကို ဝင်ရောက် ဆွေးနွေးတာတို့၊ အကာအကွယ်ပေးတာတို့ကို ကျနော်တို့ ကိုယ်တိုင် တွေ့ရပါတယ်။ ကျနော်ဆိုရင် မြေရိုင်းမြေလွတ် ဥပဒေအတွက် လွှတ်တော်မှာတင်တယ်။ ဥပမာ ဒီ ကုမ္မဏီတွေက ကျေးရွာနား ဥပစာအထိလာပြီး မှတ်တိုင်စိုက်ပြီးတော့ အဲဒီ သူတို့သတ်မှတ်ထားတဲ့ နယ်မြေတွေ၊ တောင်တွေတောတွေကို မဝင်ရဘူး။ ထင်မခုတ်ရဘူး၊ နွားကျွဲမကျောင်းရဘူး။ အဲဒီမှာ နွားကျောင်းကျွဲကျောင်းတဲ့လူတွေကို ဒဏ်ငွေရိုက်တယ်၊ ပိုက်ဆံတောင်းတယ်။ ထင်းခုတ်ဘာညာ အကုန်လုံး အဲဒီလို ပြည်သူတွေက မိရိုးဖလာ ဓါးမဦးချ လုပ်ကိုင်တဲ့နယ်မြေတွေ။ မိရိုးဖလာ ဘယ်သူမှပိုင်ရှင်မခံဘဲ လုပ်စားလာတဲ့ နယ်မြေတွေကို ကုမ္မဏီတွေ၊ လုပ်ငန်းရှင်တွေက ဝင်လာတော့ အကြီးအကျယ် ပြဿနာတတ်တယ်။ အဲဒါကို ကျနော် လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ကျေးရွာနယ်နိမိတ်နဲ့ (၃) မိုင်ပတ်လည် အရှေ့အနောက်တောင်မြောက် (၃) မိုင်ပတ်လည် နယ်နိမိတ်ကို မြေရိုင်းမြေလွတ် ဥပဒေနဲ့ မသက်ဆိုင်ရဆိုပြီး ဥပဒေတခု တင်ခဲ့တယ်။ လွှတ်တော်မှာ မဲခွဲတော့ ကျနော် နိုင်တယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ဆိုပါတော့ လွှတ်တော်ဥက္ကဋ္ဌက အဲဒီ ဦးဖေသန်းရဲ့ တင်ပြချက်ကို ဥပဒေမှာ မသတ်မှတ်ဘဲ နည်းဥပဒေမှာပဲ ထည့်သွင်းတော့မယ်လို့ ပြန်ပြောပါတယ်။ လွှတ်တော်မှာ ပြန်ပြောပါတယ်။ အဲဒီနေ့ကစပြီး မြေရိုင်းမြေလွတ်ဥပဒေလည်း နောက်အပတ်မှာ ဆွေးနွေးမယ်ဆိုပြီး ရပ်တန့်လိုက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လုပ်တော့လုပ်တာပေါ့။ ဦးဖေသန်း ကို ဒေသခံတွေက ကျေးဇူးတင်မှာ။ ကြိုးစားပေးတဲ့အတွက်။ ဒါပေမဲ့ အထက်ကို ရောက်သွားတဲ့အခါ အကြောင်းကြောင်းကြောင့်ဆိုပြီး နည်းဥပဒေလောက်မှာပဲထည့်မယ်။ အလျှော့အတင်လုပ်မယ်။ တဖြည်းဖြည်း ပစ်ထားတယ်။ အဲဒါမျိုးကို ကျော်လွှာနိုင်စရာအကြောင်း မရှိဘူးလား။

ဦးဖေသန်း ။ ။ ကျော်လွှာရမှာပေါ့။ ကျနော်တို့က ဒီတခေါက်မရ၊ နောက်တခေါက်ပေါ့။ ကျနော်ကတော့ လုပ်သင့်လုပ်ထိုက်တဲ့အရာကို ထပ်ပြီးတင်မှာပဲ။ တကယ်တမ်း နည်းဥပဒေ ထွက်လာပေမယ့် ပြည်သူတွေအတွက် အခက်အခဲတွေ့နေတယ့် ဥပဒေဆိုရင် အဲဒီ ဥပဒေကို ထပ်ပြင်ဖို့ ကြိုးစားရမယ်။ ဘယ်လိုဖြစ်မလဲ။ နှစ်ပေါင်းများစွာ အကျင့်ဆိုးတွေ၊ အမွေးဆိုးတွေ ကျနော်တို့ ရထားတယ်။ အဲဒါကို စိတ်ရှည်လက်ရှည်နဲ့ လွှတ်တော်ထဲက မပြုပြင်ရင်လည်း ကျနော်တို့မှာ ထွက်ပေါက်မရှိဘူး။ ဒီလမ်းတလမ်းပဲရှိတော့ ဒီလမ်းအတိုင်း ရဲရဲတင်းတင်းနဲ့၊ မှန်မှန်ကန်ကန်နဲ့ အများနားလည်းနိုင်အောင် လွှတ်တော်ထဲမှာ သဘောပေါက်အောင်၊ ခံစားမှုကို ကိုယ်ချင်စာတရားရှိအောင် ရှင်းပြပြီး ပြည်သူ့အခက်အခဲတွေကို ဖြေရှင်းပေးရမယ်။ ကျနော်တို့ အဲဒီလိုပဲ ကြိုးစားရပါမယ်။

ဦးကျော်ဇံသာ ။ ။ မြေသိမ်းတဲ့ကိစ္စအပြင် တခြား ရပ်ရေးရွာရေးနဲ့ ပတ်သက်လို့ အခု (၅) ဦး အုပ်ချုပ်ရေးမှူးကလာပြီး ကြိးကြပ်ပြီးရွေးပေးတဲ့ နေရာမှာ ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဖြစ်လာပါသလား။ ပါတီ အာဏာလက်ရှိ လူတွေရဲ့ လွှမ်းမိုးမှုတို့ဘာတို့ အဲဒါတွေ ကင်းဝေးနိုင်သလား။

ဦးဖေသန်း ။ ။ ကျနော်တို့က ဒီဥပဒေကို ပြည်သူတရပ်လုံး နားလည်းအောင် ရှင်းပြရမယ်။ ကျနော်တို့ အခု နယ်တွေဆင်းတယ်။ လွှတ်တော်အတွေ့အကြုံတွေ ရှင်းတယ်။ အဓိကတော့ ရပ်ကြေးဥပဒေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့် ဥပဒေ။ အဲဒီ ဥပဒေ နှစ်ခုကို ပြည်သူတွေကို ရှင်းပြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူတွေက အကြောက်တရား သိပ်များနေကြတယ်။ အဲဒါကို မကြောက်အောင် ဥပဒေအရ အခွင့်အရေးရှိတယ်ဆိုတာကို ရှင်းပြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတာလည်း ဥပဒေအရ ပေးထားပြီးဖြစ်တယ်။ ဘာမှ ကြောက်စရာမလိုဘူး။ ကျနော်တို့က ဒီလို အကြောက်တရားတွေ နှစ်ပေါင်းများစွာ ရှိနေလို့ပဲ ဒီလို တိုင်းပြည်က နစ်နာနေတာ။ ဒါကြောင့် အကြောက်တရား ကင်းမဲ့ဖို့ အမြဲတမ်း တရားသွားဟောနေရတယ်။ ပြည်သူတွေကို ရှင်းပြနေတယ်။ အုပ်ချုပ်ရေးဥပဒေကို ပြည်သူတွေ နားလည်းတဲ့အခါမှာ ဘယ်သူကမှ အဲဒီလို မတရားလုပ်တာကို ခံမှာ မဟုတ်ဘူး။ ပြီးတော့ သတ်မှတ်ထားတဲ့ဘောင်အတွင်းက သူတို့ ရွေးရမှာပါ။ အခုနပြောတဲ့ ဆယ်အိမ်မှူးတွေ ရွေးမယ်။ ဆယ်အိမ်မှူးတွေ (၅) ထဲက တယောက်ယောက်ကို အုပ်ချုပ်ရေးမှူး ရွေးကြ။ အဲဒီလိုမျိုး သူကခိုင်းမယ်။ (၃) ယောက်ဖြစ်လာရင် လှိူ့ဝှက်မဲပေးမယ်။ အဲဒီကြားထဲမှာ ကြားဝင်စရာအကြောင်း မရှိပါဘူး။ ဘယ်သူက ငုံခံမှာ မဟုတ်ပါဘူး။ ကျနော်တို့ကိုယ်တိုင် အနီးကပ်စောင့်ကြည့်မှာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုမျိုး ခင်များတို့ လွှတ်တော်မှာ သမ္မတတို့ ဘာတို့လည်း ဒီလိုမျိုး ရွေးဖို့ ပြောကြတယ် မဟုတ်လား။ ဒါပေမဲ့ လူတွေပြောလာကြတဲ့အခါကြတော့ သူတို့ဆန္ဒနဲ့ သူတို့ စိတ်တိုင်းကျ အဲဒီလိုရွေးတယ့် ပုံစံမျိုးတွေ တွေ့နေရတော့ အောက်ခြေမှာများ ပိုပြီးဖြူစင်တဲ့ ဒီမိုကရေစီ အစပျိုးမှုမျိုး တွေ့ရမလားဆိုပြီး မေးတာပါ။ ဆိုတော့ လူထုရဲ့ အကြောက်တရားကို ကျော်လွှာနိုင်မှုက အခုလောလောဆယ် ပိုပြီးအရေးကြီးတာပေါ့။

ဦးဖေသန်း ။ ။ အခုတော့ တော်တော်လေး အကြောက်တရား နည်းသွားကြပါပြီ။ တော်တော်ကို ပြောလည်းပြောရဲပါတယ်။ မဟုတ်မခံဆိုတဲ့ စိတ်ဓါတ်မျိုးနည်းနည်း တက်ကြွတဲ့ပုံစံမျိုး တွေ့ရပါတယ်။ အဲဒါကြောင့် မတော်မတရားဖြစ်မယ့် အလားအလာတော့ မရှိဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြေသိမ်းတာတွေဘာတွေ ရှိနေစဲ။ လူတွေကတော့ ပြောရဲလာတာတော့ အမှန်ပဲ။ ကျနော်တို့လည်း သတင်းသမားဆိုတော့ ဒါကို တွေ့ပါတယ်။ လူတွေ ပိုပြောရဲဆိုရဲလာတယ်။ ဒါပေမဲ့ အခုန အကြောင်းကြောင်းကြောင့် လုပ်ထားတဲ့လူတွေရဲ့ အရှိန်အဝါကို ဘယ်လောက်ကျော်လွှာနိုင်မလဲဆိုတာ အဓိကကျတော့။

ဦးဖေသန်း ။ ။ အဲဒါတော့ လွှတ်တော် ဘယ်လောက် ဂုဏ်သိက္ခာ ရှိမလဲဆိုတဲ့ အတိုင်းအတာကို ကျနော်တို့ စောင့်ကြည့်ရမယ်။ ဥပဒေတခုကို တင်တဲ့နေရာမှာ ထောက်ခံတဲ့လူတွေက ပါတီမဟုတ်ပါဘူး။ ကိုယ်ချင်းစာတရားနဲ့ သူတို့ဒေသမှာလည်း ခံနေရတဲ့လူတွေ များလို့ပဲ ကျနော်ရဲ့ အဆို နိုင်တာပါ။ ဒါပေမဲ့ အကြောင်းကြောင်းပဲ ထပ်သုံးပါရစေ။ အဲဒီ အဆိုကို နည်းဥပဒေထဲမှာပဲ ပြဌာန်းမယ်ဆိုတော့ ကျနော်ကတော့ ဘာမှမရှိတာနဲ့စာရင် ကောင်းတာပေါ့။ အဲဒီလို အပြုသဘောနဲ့ပဲ တွေးလိုက်ပါတယ်။ နောင် ဒီလို ဥပဒေတွေ ပေါ်လာရင် ကျနော်တို့ကတော့ ထိထိရောက်ရောက် ဝင်ဆွေးနွေးမှာပါ။ တကယ်လို့ ဒီ ဥပဒေ ဆိုးကျိုးတွေကို ပြည်သူတွေ ခံရတယ်ဆိုရင် ကျနော်တို့က သက်ဆိုင်ရာ အထက်ကို မရမက မဖြစ်မနေ တင်ပေးမှာပါ။

ဦးကျော်ဇံသာ ။ ။ အကြောင်းကြောင်း ကျဆုံးပါစေ။ အကြောင်းကြောင်း ကျော်လွှာနိုင်ပါစေ။

XS
SM
MD
LG