[Zawgyi/Unicode]
မြန်မာနိုင်ငံ ဒေသအတော်များများမှာ COVID-19 တတိယလှိုင်းဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ကြားမှာပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒပြနေသူတွေကတော့ ကိုဗစ်ကာကွယ်ရေး နှာခေါင်းစည်းတွေတပ်ပြီး ဆန္ဒပြတာတွေ ဆက်လုပ်နေကြဆဲပါ။
ရန်ကုန်က သာကေတမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက လူငယ်တွေ မီးတုတ်တွေကိုင်ဆောင်ပြီးတော့ ကြွေးကျော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
နေ့စဉ် ဆန္ဒပြချီတက်ပွဲတွေရှိနေတဲ့ မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်း ၆ နာရီခွဲပတ်ဝန်းကျင်က မြတောင်နဲ့ မန္တလာသပိတ်စစ်ကြောင်းတို့ ချီတက်ဆန္ဒပြတဲ့အချိန် စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူ နှစ်ဦးထက်မနည်း အဖမ်းခံခဲ့ရပါတယ်။
မန္တလေးတိုင်းက မုံရွာမြို့နဲ့ စစ်ကိုင်းတိုင်းက ကလေးမြို့တို့ဟာလည်း နေ့စဉ် ဆန္ဒပြပွဲတွေရှိနေတဲ့ မြို့တွေထဲမှာပါဝင်ပြီး ဒီကနေ့မှာလည်း ဆန္ဒပြ ချီတက်ခဲ့ကြသလို ယင်းမာပင်ခရိုင်၊ ဆားလင်းမြို့နယ်မြောက်ခြမ်းနဲ့ ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံ သပိတ်မှောက်ခဲ့ကြပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့မှာတော့ တောင်တန်းပြည်မညီညွတ်ကြသည်ဆိုတဲ့ စာတန်းကြီးကိုကိုင်ပြီး ကျေးလက်လူထု သပိတ်စစ်ကြောင်း ထွက်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာတွေ ဆက်ရှိနေသလို ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေကို ဖမ်းဆီးတာတွေလည်း ဆက်ရှိနေပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကဆိုရင် မြန်မာနိုင်ငံတဝန်းမှာ အကြမ်းဖက် ပစ်ခတ် ဖြိုခွဲမှုကြောင့် သေဆုံးသူ ၉၀၆ ယောက်ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူကလည်း ၅,၂၀၀ ကျော် ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
[Unicode Version]
ကိုဗဈကပျဘေးကွား စဈအာဏာသိမျးဆန့ျကငြျဆန်ဒပွမှုတခြို့ရှိနဆေဲ