သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်မှု တိုးလာတဲ့ KIO ဌာနချုပ် လိုင်ဇာ အတည်ပြုလူနာ ၃၀၀


(Zawgyi / Unicode)
တရုတ်-မြန်မာနယ်စပ်ဒေသက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၃၀၀ လောက်ရှိနေပါတယ်။ အတည်ပြုလူနာတွေကို ကိုဗစ်ကုသဆောင်တွေမှာ ကုသပေးနေသလို၊ တချို့ကတော့ နေအိမ်တွေမှာပဲ ကုသမှု ခံယူနေကြပါတယ်။ တရုတ်နိုင်ငံဘက်မှာ ဆေးစစ်သူတချို့ကတော့ ကူးစက်မြန် အိုမီခရွန် ကိုဗစ်ပိုးကူးစက်နေတယ်လို့ အတည်ပြုနိုင်ပြီး ကျန်တဲ့သူတွေလည်း အိုမခရွန် ဖြစ်မယ်လို့ ယူဆထားကြပါတယ်။ ရန်ကုန်ကလာတဲ့ လိုင်ဇာမြို့ဘက်က ကိုဗစ်ကပ်ရောဂါ ကူးစက်မှု သတင်းကို ကိုရဲမွန်က တင်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေး KIO အဖွဲ့ ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့မှာ ဖေဖော်ဝါရီလ ဒုတိယပတ်လောက်ထဲက စလို့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ စတင်ခဲ့ပြီး အခုရက်ပိုင်းမှာတော့ ပိုးတွေ့လူနာတွေ သိသိသာသာ ပိုများလာပါတယ်။ လိုင်ဇာမြို့မှာ လက်ရှိ အတည်ပြုလူနာ ၃၀၀ လောက်ရှိနေပြီး ကူးစက်ခံရသူ အချို့ရဲ့ ဆေးစစ်ဆေးချက်နဲ့ တွေ့ရှိတဲ့ရောဂါ လက္ခဏာတွေအရ Omicron အမျိုးအစားအဖြစ် သတ်မှတ်ထားကြောင်း KIO ရဲ့ COVID-19 ရောဂါ ကာကွယ်တားဆီးနှိမ်နင်းရေး ကော်မတီက အတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က ဗွီအိုအေကို ပြောပါတယ်။

“ အခုတလောနည်းနည်းတိုးလာတယ်။ ဒီ တစ်လ အတောအတွင်းမှာ။ အခု ၃၀၀ နီးပါးလောက်ရှိပြီ။ ကျောင်းမှာရော၊ နောက်ပြီး တချို့ ရပ်ကွက်မှာရော အဲလို ဖြစ်တာရှိတယ်။ အိုမီခရွန်လို့တော့ ကျနော်တို့ ယူဆတယ်။ နှစ်ယောက်ကိုတော့ ကူမင်း မှာပို့ပြီး စစ်ဆေးတဲ့အခါ သူတို့က အိုမီခရွန်လို့ပဲ အတည်ပြုပေးတယ်။ ဒါကြောင့် အခုတလောဖြစ်တာ ကျနော်တို့က ထပ်တော့ မစစ်တော့ဘူး။ မစစ်ရင်လဲ လက္ခဏာတွေ ကြည့်ပြီးတော့ အိုမီခရွန်လို့ပဲ ယူဆတယ်။ ကျနော်တို့ အနီးအနားတဝိုက်မှာလည်း ဖြစ်ကြတယ်ဟာ သူတို့က အိုမီခရွန်လို့ ပြောကြတယ်ဆိုတော့ ကျနော်တို့ဟာလည်း အဲလိုပဲ သတ်မှတ်လိုက်တာဖြစ်ပါတယ်။”

ကူးစက်ခံရသူအများစုက ကျောင်းသားတွေနဲ့ လူလတ်ပိုင်းတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေကို ကုသပေးနေပုံနဲ့ ပတ်သက်လို့လည်း ဗိုလ်မှူးကြီး ဟိန်းဝမ်က ခုလိုပြောပြပါတယ်။

“ လောလောဆည်တော့ Home Care ရယ်၊ ကုသ စင်တာပေါ့။ အဲဒီမှာ Care Center မှာ ထားပြီး ကုသတယ်။ Lockdown တွေ ဘာတွေတော့ ချထားတာ မရှိဘူးခင်ဗျ။ အဓိက ဆိုရင် ကလေးတွေက စာသင်နေတယ်ဆိုတော့ အဓိက ဆိုရင် ကျောင်းသားတွေကို ဦးစားပေးပြီးတော့ စည်းကမ်းပိုင်းမှာ လိုက်ပြီးတော့ တော်တော် တင်းကြပ်တာတော့ ရှိတယ်။”

လိုင်ဇာမြို့ အဝင်မှာ အာခေါင်တို့ဖတ်နမူနာယူ ကိုဗစ်စစ်ဆေးတာတွေ ဆောင်ရွက်နေကြောင်း ဗိုလ်မှုးကြီး ဟိန်းဝမ်က ပြောပါတယ်။ Covid 19 ရောဂါကူးစက်လို့ ကုသမှုခံယူနေရသူ တဦး ကလည်း လိုင်ဇာမြို့မှာ စစ်ဆေးကုသပေးနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ ဖြစ်တာတော့ တော်တော်ဖြစ်ကြတယ်ဗျ။ ကျနော်ဖြစ်တာကတော့ စပြီးတော့ တည ဖျားတယ်။ ပြီးတော့ နောက်တနေ့ ဆက်ဖျားတယ်။ ဆက်ဖျားတော့ အဲဒီနေ့ နေ့ခင်းပိုင်းမှာ လာပြီးတော့ နှာခေါင်းတု့ိဖတ်ယူတယ်။ စစ်တယ်။ အဲဒီမှာ Negative ပြတယ်ဗျ။ Negative ပြပြီးတော့ အာခေါင်တို့ဖတ် ယူသွားတယ်။ ဆေးရုံမှာသွားစစ်ကြတော့ ဆေးရုံးက နောက်တနေ့ ကျနော့ကို အိုမီခရွန်ဖြစ်ပြီ၊ Quarantine ၁၀ ရက်နေရမယ်ဆိုပြီး ကျနော့ကို အခန်းထဲမှာပဲ စားစရာသောက်စရာလာပို့တယ်။ အဲလိုမျိုးထားတာပေါ့။ ”

လူနာအများစုက ၃ ရက်ကနေ ၅ ရက်လောက်အကြာမှ သက်သာပျောက်ကင်းသွားကြတာများပြီး သေဆုံးသူတော့ မရှိဘူးလို့ပြောပါတယ်။ KIO ထိန်းချုပ်တဲ့ လိုင်ဇာမြို့မှာ Covid 19 ရောဂါပိုး စစ်ဆေးတာတွေကို ရပ်ကွက်အလိုက် လုပ်ဆောင်နေပါတယ်။ ကိုဗစ်မရှိသူတွေကို ကိုဗစ် ကာကွယ်ဆေး ထိုးပေးနေတာမှာ ကာကွယ်ဆေး၂ ကြိမ်ထိုးပြီးသူ ၂၀,၀၀၀ ကျော်လောက်ရှိသလို တတိယအကြိမ် အားဖြည့်ကာကွယ်ဆေး ထိုးပေးတာတွေလည်း လုပ်နေတယ်လို့ KIO ရဲ့ COVID-19 ရောဂါ ကာကွယ်တားဆီးနှိမ်နင်းရေး ကော်မတီက အတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောပါတယ်။

၂၀၂၁ ဇွန်၊ ဇူလိုင်လပိုင်းတွေက Covid 19 ကူးစက်သူ ၄,၀၀၀ ကျော်လောက် ရှိခဲ့တဲ့ KIO ရဲ့ ပညာရေးမြို့ မိုင်ဂျာယန် မှာတော့ အခုရက်ပိုင်းအတွင်း ကိုဗစ် ကူးစက်ပျံ့နှံ့မှု မရှိပါဘူး။ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံလုံးမှာ ဒီရက်ပိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၁,၀၀၀ ကျော်သာ ရှိတဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထက်စာရင် လျော့ကျသွားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)











XS
SM
MD
LG