(Zawgyi)
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြား ၂၀၂၂ ခု နှစ်သစ်အစမှာ လေကြောင်းခရီးစဉ်တွေ အများအပြား ဖျက်သိမ်းလိုက်ရတဲ့အတွက် ခရီးသွားတွေ အခက်ကြုံနေကြရပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာ ဒေသစံတော်ချိန် စနေနေ့ မွန်းလွဲပိုင်းအထိ လေကြောင်းခရီးစဉ် ၂,၅၀၀ ကျော် ဖျက်ခဲ့ရပြီး ကမ္ဘာတလွှား ၄,၃၀၀ လောက် ရှိခဲ့ကြောင်း လေကြောင်းလုပ်ငန်းဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့် ဖော်ပြနေတဲ့ FlightAware က ဖော်ပြခဲ့တာပါ။
လေကြောင်းအမှုထမ်းတွေ ကိုဗစ်ရောဂါ ကူးစက်မှုတွေကြောင့် ဝန်ထမ်းမလုံလောက်ရာက ခရစ္စမတ် အားလပ်ရက် မတိုင်ခင်ကစလို့ အမေရိကန်မှာ လေယာဉ်ခရီးစဉ်တွေ ဖျက်ခဲ့ရတဲ့အထဲမှာ စနေနေ့က အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက် ခရစ္စမတ်အကြိုနေ့ကစ ခရီးစဉ် ၁၂,၀၀၀ ကျော် ဖျက်ခဲ့ရတာပါ။ ရာသီဥတု မကောင်းတာကလည်း စနေနေ့က ခရီးစဉ်တွေ ဖျက်ရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။
ပြင်းထန်တဲ့ ဆောင်းရာသီဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ရှီကာဂိုက O'Hare လေဆိပ်မှာ ခရီးစဉ် ၈၀၀ လောက် ဖျက်ခဲ့ရပြီး Midway လေဆိပ်မှာ ၂၅၀ ကျော် ဖျက်ခဲ့ရတာပါ။ နှင်းတွေ ၉ လက္မလောက်အထိ ကျလိမ့်မယ်လို့လည်း မိုးလေဝသဌာနက ခန့်မှန်းထားတာကြောင့် O'Hare နဲ့ Midway လေဆိပ်တွေက ခရီးစဉ်တွေကို ဆိုင်းငံ့လိုက်ကြောင်း Southwest လေကြောင်းလိုင်း ပြောခွင့်ရသူက ပြောဆိုထားပါတယ်။
Denver, Detroit, Newark နဲ့ New Jersey လေဆိပ်တွေမှာလည်း အနည်းဆုံး လေယာဉ်ခရီးစဉ် ၁၀၀ လောက်စီ ဖျက်ခဲ့ရတာပါ။ Southwest လေကြောင်းလိုင်းဟာ နိုင်ငံတလွှားက ခရီးစဉ် ၄၅၀ ကျော် ဖျက်ထားပြီး American လေကြောင်းလိုင်းက ၂၀၀ ကျော်၊ Delta နဲ့ United လေကြောင်းလိုင်းတွေကတော့ ခရီးစဉ် ၁၅၀ ကျော်စီ အသီးသီး ဖျက်သိမ်းထားကြပါတယ်။
နိုင်ငံတကာ လေကြောင်းလိုင်းတွေထဲမှာတော့ China Eastern က ခရီးစဉ် ၅၀၀ ကျော်နဲ့ Air China က ၂၀၀ ကျော် ပယ်ဖျက်ထားပါတယ်။
----------------------
(Unicode)