(Zawgyi / Unicode)
အမေရိကန်ပြည်ထောင်စုအတွင်း လက်ရှိ လည်ပတ်နေဆဲ စက်ရုံတွေထဲက တချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကြုံနေရပြီး ကျန်းမာရေးအန္တရာယ် စိုးရိမ်နေရပေမယ့်လည်း အလုပ်ဆက်ဆင်းနေရသူတွေ ရှိသလို မကြာခင် ပြန်ဖွင့်တော့မယ့် လုပ်ငန်းခွင်အတွက် စိုးရိမ်နေကြတဲ့ မြန်မာ စက်ရုံလုပ်သားတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
အမေရိကန် အရှေ့အလယ်ပိုင်း အင်ဒီယားနားပြည်နယ်မှာ စက်ရုံအလုပ်ရုံတွေ ပေါများပြီး မြန်မာအများစု နေထိုင်တဲ့ Fort Wayne မြို့တဝိုက်မှာလည်း စက်ရုံအများအပြား ရှိနေတာပါ။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း တိုးလာနေတဲ့ အင်ဒီယားနားပြည်နယ်မှာ Fort Wayne မြို့ ပလတ်စတစ်စက်ရုံတခုမှာ အလုပ်ဆင်းနေရတဲ့ ကိုစိုးမင်းက သူ့စိုးရိမ်မှုကို ပြောလာပါတယ်။
"COVID-19 ဖြစ်ကတည်းက မပိတ်ဘူး၊ ဒါပေမယ့် အလုပ်လုပ်ကြတဲ့ နေရာမှာတော့ အဲ့လောက်ကြီး ၆ ပေ မခွာပါဘူး။ ၆ ပေခွာတာ မရှိဘူး။ နှာခေါင်းစည်း Mask တပ်ရမယ်ပြောတယ်၊ ဘာကိုင်ကိုင် လက်ဆေးရမယ်၊ သူတို့ပြောတာပဲ။ သို့သော်လည်း ပြောတဲ့ဟာကတမျိုး စိုးရိမ်ချက်ကတမျိုးရှိတယ်။ ဥပမာ Punch ထိုးတယ်ဆိုရင် ကျနော်တို့က လက်နဲ့ပဲနှိပ်ရတာ။ ဒီနေရာမှာ ရှေ့တယောက်က နှိပ်သွားရင် နောက်လာတဲ့ တယောက်ကလည်း ပြန်နှိပ်တာပဲ။ အဲဒီကြားထဲမှာ ကျနော်တို့က ဘယ်လိုလုပ် လက်သွားပြန်ဆေးပြီးမှ ဒီဟာကို လာနှိပ်မလဲ။ သူ့လက်နဲ့နှိပ်သွားတဲ့ နေရာကိုပဲ ကိုယ်လည်း ကိုယ့်ရဲ့ စက်ရုံအလုပ်ဝင်နံပါတ်ကို နှိပ်ပြီးတော့ လက်ဗွေစက်ပေါ် ကိုယ့်လက်ကို နှိပ်ရတာပဲပေါ့။ ကျနော်တို့အလုပ်က လက်အိတ်စွပ်ခွင့် မရှိဘူးလေ။"
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိတာကြောင့် ပိတ်လိုက်ဖွင့်လိုက် လုပ်နေရတဲ့ Fort Wayne မြို့ ဆင်ခြေဖုံးက Tyson ဝက်သားထုတ်စက်ရုံက အလုပ်သမား ထက်ဝက်နီးပါးလောက်ဟာ မြန်မာလူမျိုးတွေဖြစ်ပြီး အဲဒီလုပ်ငန်းကတဆင့် ရောဂါကူးစက်ခံရတဲ့ မြန်မာလုပ်သားတွေ ရှိနေတယ်လို့ Fort Wayne မြို့ခံ ကိုကျော်သက်က ပြောပါတယ်။
"အခုထပ်ဖြစ်တာက Tyson ဆိုတဲ့ ဝက်သားရုံမှာ ဖြစ်တာ။ မြန်မာအများစုက အဲ့ဒီထဲမှာ ပါလာကြတာပေ့ါနော်။ ဒါပေမယ့် မသိကြဘူး။ အခုကျတော့မှ ဖြစ်ပြီလည်းဆိုရော တယောက်ပြီးတယောက် ဖြစ်လာကြတော့ အိမ်တွေမှာ အတူတွဲနေတဲ့လူတွေပါ အကုန်ကူးကြတာ။ အခုထက်ထိ အိမ်တွေမှာ အများကြီးပဲ။ အဲလိုဆိုတော့ ဝက်သားစက်ရုံမှာ အခု သုံးလေးရက်အတွင်း သူတို့စမ်းသပ်ကြည့်တော့ အလုပ်သမား ၂၃၀၀ ရှိတဲ့ထဲမှာ ၉၀၀ လောက်မှာ ပိုးတွေ့တယ်။ အဲဒီစက်ရုံမှာ အများဆုံးလုပ်တာ လက်တင်အမေရိကားက စပိန်နွယ်ဖွားတွေနဲ့ မြန်မာတွေပဲ များတာကိုး။ အဲဒီတော့ ထက်ဝက်လောက် ဖြစ်လိမ့်မယ်ထင်တယ်၊ ခုမှ စစ်နေကြတုန်းပဲ။"
အင်ဒီယားနားပြည်နယ်မှာ ခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၈,၆၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၁၂၀၀ နီးပါး ရှိနေပါတယ်။
ဒါပေမယ့်လည်း Fort Wayne က မြန်မာတချို့မှာ ကိုယ်တိုင် ကျန်းမာရေး စောင့်ရှောက်မှုအပိုင်း အားနည်းချက်ရှိတာကို သတိပြုမိတယ်လို့ Fort Wayne မြို့က ကိုဝင်းထွန်းညွန့်က ထောက်ပြပါတယ်။
"ကျနော်တို့ ဒီမြို့မှာက မြန်မာတွေ များတယ်ဗျ။ မြန်မာတွေများတဲ့အခါကျတော့ မြန်မာကုန်စုံဆိုင်တွေ ရှိတယ်။ မြန်မာဆိုင်တွေ သွားလို့ရှိရင် ဘာတွေ့ရလဲဆိုတော့ ကျနော်တို့ မြန်မာလူမျိုးတွေဟာ Mask တပ်ပါပြောလည်း Mask လည်း မပါဘူး။ Social Distance ၆ ပေခွာကြပါပြောလည်း အကုန်လုံးက ပူးကပ်လုပ်ကိုင်နေကြတယ်။ ဆိုတော့ တော်တော်လေးကို စိုးရိမ်စရာ ကောင်းတယ်ပေါ့။ ကျနော်တို့တောင်မှ မတတ်သာမှပဲ ဈေးသွားတယ်။ ဈေးသွားရင်လည်း မနက်စောစောပေါ့နော် ထသွားပြီးတော့ လူရှင်းတဲ့အချိန်မှာ ကိုယ်လိုချင်တာဝယ်ပြီး ပြန်လာလိုက်တယ်။ လူရှုပ်တဲ့အချိန် သွားဖူးတယ်၊ အဲဒါကြီး တွေ့လိုက်ပြီးတော့ အထဲကို မဝင်ရဲတော့ဘူး။"
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ် အရေးတကြီး မလိုအပ်တဲ့ လုပ်ငန်းတွေ ပိတ်ထားရသလို လူတွေကိုလည်း နေအိမ်အပြင် မထွက်ကြဖို့ တားမြစ်ထားခဲ့ရာက အခုတော့ တချို့ပြည်နယ်တွေမှာ လုပ်ငန်းတွေကို ကျန်းမာရေးသတိ သတ်မှတ်ချက်တွေနဲ့အညီ တဆင့်ချင်းအလိုက် ပြန်ဖွင့်သွားဖို့ အာဏာပိုင်တွေ စီစဉ်နေပါတယ်။
အင်ဒီယားနားပြည်နယ်က နီရှီဂါဝါစက်ရုံမှာ လုပ်နေတဲ့ မမာမာဦးကတော့ သူတို့စက်ရုံ လောလောဆယ် ပိတ်ထားပေမယ့် ဒီမေလထဲ ပြန်ဖွင့်ဖို့ စီစဉ်နေတာကြောင့် လုပ်ငန်းခွင်အတွင်း ရောဂါပိုး ကူးစက်ခံရမှာကို စိုးရိမ်နေပါတယ်။
"တချို့ တကယ်ဖြစ်နေတဲ့ သူငယ်ချင်းတွေလည်း ရှိနေတော့ ဆေးရုံကနေ ပြန်ဆင်းလာတာတွေ ဒါတွေလည်း ကျမတို့ ကြားနေတော့ အကယ်၍ သူတို့ အလုပ်ပြန်ဝင်မယ်၊ ကျမတို့နဲ့ ပြန်ဆုံတဲ့အခါကျရင် ကျမတို့လည်း ပြန်ကူးစက်မှာ စိုးရိမ်မှု ရှိတယ်လေ။ ဒါပေမယ့် စက်ရုံကတော့ ဒီ ၁၁ ရက်နေ့မှာ ပြန်ဖွင့်မယ် ပြောထားတယ်လေ။ ကျမတို့ အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ဗိုင်းရပ်စ်ကူးစက်တာ နည်းနည်းလျော့သွားမယ်ဆိုရင် ကျမတို့စက်ရုံတွေ ပြန်ဖွင့်မယ့်ပုံစံမျိုး ရှိတယ်။"
အမေရိကန်မှာ မရှိမဖြစ် လည်ပတ်နေရတဲ့ Amazon, Walmart, Target, Instacart စတဲ့ လက်လီလက်ကား ကုန်တိုက်ကြီးတွေနဲ့ ပစ္စည်းဖြန့်ဝေရေး ဝန်ဆောင်မှု လုပ်ငန်းတွေက အလုပ်သမားတွေဟာ လုပ်ငန်းခွင်တွင်း ကျန်းမာရေး လုံခြုံမှုနဲ့ လုပ်ခလစာ တိုးပေးရေးအတွက် မေလ ၁ ရက် အလုပ်သမားနေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်မှာ COVID-19 ရောဂါပိုး ကူးစက်သူပေါင်း ၁၀၉၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၅၀၀၀ နီးပါး ရှိနေပါတယ်။
---------------------------------
(Unicode)