သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘောဒီးယားမှာ နှစ် ၃၀ နီးပါး နိုင်ငံကို ထိန်းချုပ်ထားခဲ့တဲ့ လက်ရှိ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က တနင်္ဂနွေနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီကို ကပ်ပြီး အနိုင်ရသွားခဲ့ပါတယ်။

အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) က မနေ့က ရွေးကောက်ပွဲမှာ သိသိသာသာ အောင်မြင်မှုတွေ ရခဲ့ပေမဲ့ ဆယ်စုနှစ် ၃ ခုနီးပါး တနိုင်ငံလုံးကို ထိန်းချုပ်ထားခဲ့တဲ့ ၀န်ကြီးချုပ် Hun Sen ရဲ့ လက်ရှိ အာဏာရ CPP ပါတီက မသိမသာ အသာစီးရပြီး ရွေးကောက်ပွဲ နိုင်သွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ လွှတ်တော်အမတ် စုစုပေါင်း ၁၂၃ နေရာအနက် ၀န်ကြီးချုပ် Hun Sen ရဲ့ CPP ပါတီက ၆၈ နေရာ ရခဲ့ပြီး အရင်က ရထားတဲ့ အမတ်နေရာ ၉၀ ထက် သိသိသာသာကြီး လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။ အဓိက အတိုက်အခံဖြစ်တဲ့ CNRP ပါတီက ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၅၅ နေရာ ရခဲ့တာမို့ အရင်က ရထားတဲ့ အမတ်နေရာ ၂၉ နေရာထက် ၂ ဆနီးပါး တိုးတက်ပြီး အောင်မြင်မှု ရခဲ့ပါတယ်။

လူထုအများစုက သူတို့ရဲ့ ဆန္ဒကို ဖော်ထုတ်ခဲ့ကြတယ်လို့ ပြောဆိုရင်း အခု ရွေးကောက်ပွဲဟာ ကမ္ဘောဒီးယား ဒီမိုကရေစီအတွက် သမိုင်းဝင် နေ့တနေ့ ပါပဲလို့ အတိုက်အခံခေါင်းဆောင် Sam Rainsy က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်က ကမ္ဘောဒီးယား လူထု ၇၅ ရာခိုင်နှုန်းက မဲပေးခဲ့ပြီး အခု ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမှာ ၆၉ ရာခိုင်နှုန်းပဲ မဲပေးခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မတီ ညွန်ကြားရေးမှူး Koul Panha က VOA ကို ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ အာဏာရ CPP ပါတီခေါင်းဆောင် ၀န်ကြီးချုပ် Hun Sen ဟာ ၁၉၈၅ ခုနှစ်ကစလို့ ပူးတွဲ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးချုပ် တာဝန်တွေယူပြီး အာဏာထိန်းချုပ်လာခဲ့တာ ၂၈ နှစ် ရှိပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG