သုံးရလွယ်ကူစေသည့် Link များ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော် ကနေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ဆီ ပျံသန်းရင်း မြေထဲပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ အီဂျစ်လေကြောင်းလိုင်း အမှတ် ၈၀၄ ရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိကြောင်း မနေ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အီဂျစ်က ကြေညာပါတယ်။

လေယာဉ်ပျက် အပိုင်းအစတွေ ရှာဖွေ တွေ့ရှိတယ်ဆိုတာကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေရဲ့ မိသားစုတွေကြားမှာလည်း လေယာဉ်ပျက်ရတဲ့ အကြောင်းရင်းနဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေနဲ့ ပတ်သက်လို့ ပိုပြီး သိရှိလာရဖို့လည်း မျှော်လင့်နေကြတာပါ။ ရှာဖွေရေး ရေယာဉ် တစင်းကနေ ပင်လယ်ကြမ်းပြင် နေရာ ၇ ခုတို့က လေယာဉ်ပျက် အပိုင်းအစတွေကို တွေ့ရှိပြီး ဓာတ်ပုံရိုက်ယူထားတဲ့ အကြောင်းလည်း လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေတဲ့ ကော်မတီက ကြေညာထားပါတယ်။

ရေအောက် အနက် မီတာ ၆၀၀၀ အထိရှာဖွေနိုင်စွမ်းရှိတဲ့ ဗြိတိန်လုပ် M.V John Lethridge ရှာဖွေရေး ရေယာဉ်ကို အသုံးပြုပြီး ရှာဖွေခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပျက်တွေကို မြန်မြန် ဆယ်ယူနိုင်ဖို့ အတွက် ဆောင်ရွက်နေတယ်လို့လည်း အီဂျစ် တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ အထူးသဖြင့်တော့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက်တွေကို ဆယ်ယူနိုင်ဖို့ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြော ပါတယ်။ လေယာဉ်ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို အခုအချိန်ထိ မသိရသေးတာ ဖြစ်ပါတယ်။

ဘက်ထရီ အားရှိနေတဲ့ လေယာဉ်ရဲ့ ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေနဲ့ အသံဖမ်း စက်တွေက ထုတ်လွှင့်တဲ့ အသံလှိုင်းကို ခြေရာခံပြီး ရှာဖွေကြရတာ ဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့လောက်မှာ ဘက်ထရီအားကုန်သွားနိုင်တဲ့ အပေါ်မှာလည်း စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG