သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်လေယာဉ်ပျက် အပိုင်းအစ မတွေ့ရသေး


ရေဒါကနေ ပျောက်ဆုံးသွားတဲ့ အီဂျစ်လေယာဉ် လမ်းကြောင်းပြမြေပုံ
ရေဒါကနေ ပျောက်ဆုံးသွားတဲ့ အီဂျစ်လေယာဉ် လမ်းကြောင်းပြမြေပုံ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကနေ အီဂျစ်နိုင်ငံ ကိုင်ရိုင်မြို့ကို ပျံသန်းလာတဲ့ အီဂျစ် ဂျက်လေယာဉ်ဟာ ကိုင်ရိုမြို့နားကို ရောက်လာချိန်မှာပဲ ပင်လယ်ပြင်ထဲမှာ ပျက်ကျခဲ့တယ်လို့ ယူဆပြီး ရှာဖွေရေး အဖွဲ့တွေက လေယာဉ် အပျက်အစီး အပိုင်းအစတွေကို မြေထဲပင်လယ်ထဲမှာ ရှာဖွေ နေကြပါတယ်။အရင် သတင်းတွေမှာ အပျက်အစီးတွေကို ဂရိကျွန်းနားမှာ တွေ့ခဲ့တယ်လို့ ပြောကြပေမယ့် ဒါဟာ မှန်ကန်မှု မရှိပါဘူး။ အခုထိတော့ ဒီလေယာဉ်ရဲ့ အပိုင်းအစ တခုမှ မတွေ့ရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုလို လေယာဉ်ပျက်ကျတာနဲ့ ပါတ်သက်ပြီး အီဂျစ် အရပ်ဖက် လေကြောင်းဌာန ဝန်ကြီး Sherif Fathi က အခုလို ပြောပါတယ်။

“ ဒီလေယာဉ်ပျက်ကျတဲ့ အခြေနေကို သေသေချာချာ လေ့လာကြည့်မယ် ဆိုရင် ဖြစ်နိုင်တာက နည်းပညာပိုင်း ဆိုင်ရာ ချို့ယွင်းမှုထက် အကြမ်းဖက်မှုနဲ့ ဆက်နွယ်ဖို့ များနေတာကို တွေ့ရမှာ ဖြစ်ပါတယ်”လို့ ပြောသွားတာပါ။ဒါပေမယ့် အခုထိ တိကျခိုင်လုံတဲ့ အချက်အလက်တွေကို မရသေးဘူးလို့ ပြောပါတယ်။

Airbus ဂျက်လေယာဉ်ဟာ ကြာသပတေးနေ့က လေယာဉ် အမှုထမ်းနဲ့ ခရီးသည် စုစုပေါင်း ၆၆ ဦး လိုက်ပါလာပြီး ပြင်သစ်ကနေ ၄ နာရီခရီး ပျံသန်းမှုမှာ အီဂျစ် ဝေဟင်ပိုင်နက်ထဲ ဝင်ခဲ့ပြီး မကြာခင်မှာ ရေဒါပေါ်ကနေ ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

ဒီလေယာဉ် ပျက်ကျတာဟာ အကြမ်းဖက်မှုနဲ့ ပါတ်သက်နေမယ်ဆိုရင် လုံခြုံရေး လစ်ဟင်းမှု အတွက် ပြင်သစ်မှာ တာဝန်ရှိတယ်လို့လည်းအီဂျစ် အရပ်ဖက်လေကြောင်းဌာန ဝန်ကြီး Sherif Fathi ကပြောပါတယ်။ တကယ်လို့ ဒါဟာ အဖျက်သမားတွေရဲ့ လုပ်ရပ်ဖြစ်ကြောင်း သက်သေပြနိုင်မယ် ဆိုရင် ဒီလေယာဉ်ဟာ ပြင်သစ်ကနေ ပျံလာတာ ဖြစ်ပြီး အီဂျစ်ဘက်က မဟုတ်ဖူး လို့လည်း ပြောပါတယ်။ ဒါ့အပြင် လေယာဉ်ပျက်ကျမှုဟာ စက်ချို့ယွင်းတာထက် အကြမ်းဖက်မှုကြောင့် ပိုဖြစ်နိုင်ခြေရှိတယ်လို့လည်း သူကသုံးသပ်ပါတယ်။

အီဂျစ်လေယာဉ် Airbus 320 ဟာ ရေဒါကနေ အီဂျစ်စံတော်ချိန် မနက် ၂ နာရီခွဲလောက်မှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က မြေထဲပင်လယ် အထက် မီတာ တသောင်း တထောင်လောက်မှာ ရှိနေပြီး အီဂျစ်ဝေဟင်ပိုင်နက် ထဲ ၁၆ ကီလိုမီတာ လောက်ပဲ ဝင်သေးတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ Barack Obama ကတော့ အခုလို ဖြစ်ပွါးခဲ့တဲ့ ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အခုအချိန်ဟာ ဘာကြောင့် ပျက်ကျတယ် ဆိုတာကို ပြောဖို့ စောနေ ပါသေးတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG