သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်လုပ်ရပ် နိုင်ငံတကာရာဇဝတ်မှု မြောက်ဖွယ်ရှိ


Marzuki Darusman, မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ
Marzuki Darusman, မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ

ရိုဟင်ဂျာတွေကို ဖိနှပ်တဲ့ မြန်မာအစိုးရတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်တဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုတွေလို့ယူဆနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။

မြန်မာအစိုးရဘက်က ပြောကြားချက်တွေကို သူတို့ရဲ့အစီရင်ခံစာထဲ ထည့်သွင်းနိုင်ဖို့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ တွေ့ဆုံဖို့ လည်း သူကတိုက်တွန်းသွားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံဆက်ပြီးတင်ပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကျင်းပနေတဲ့ ၃၇ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ Marzuki Darusman ကို ကုလသမဂ္ဂသတင်းဌာနက အင်္ဂါနေ့က တွေ့ဆုံမေးမြန်းခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သူတို့ရရှိထားတဲ့ အချက်အလက်တွေအရ နိုင်ငံတကာဥပဒေအောက်မှာ ရာဇဝတ်မှုမြောက်တယ်လို့ ယူဆနိုင်ဖွယ်ရှိကြောင်း Marzuki Darusman ကအခုလိုပြောပါတယ်။

“နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုတွေလို့ယူဆနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ဒီဥပဒေကိုချိုးဖောက်တဲ့ ရာဇဝတ်ကျူးလွန်မှုတွေ ဖြစ်ခဲ့တယ်လို့ တိကျတဲ့ အသုံးအနှုန်းအတွက် အချက်အလက်တွေ ထပ်ပြီးရှာဖွေဖို့ လိုအပ်နေပါတယ်။ ဆိုတော့ ကျနော်တို့လည်း ဒီအဆင့်မှာပဲရှိပါသေးတယ်။ အချက်အလက်တွေရှာဖွေစုဆောင်းနေတဲ့ ကနဦးအစမှပါ။ လာမယ့် စက်တင်ဘာလအထိ ကျနော်တို့အဖွဲ့အနေနဲ့ပူးပေါင်းဆောင်ရွက်တာ၊ အချက်အလက်ရှာဖွေ၊ စိစစ်တာ စတာတွေ အဓိကထား လုပ်ဆောင်သွားမှာပါ။”

ဂြိုလ်တုကနေ ရိုက်ထားတဲ့ မီးရှို့ခံထားရတဲ့ ရိုဟင်ဂျာရွာများ
ဂြိုလ်တုကနေ ရိုက်ထားတဲ့ မီးရှို့ခံထားရတဲ့ ရိုဟင်ဂျာရွာများ

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရကိုယ်တိုင် ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ကျူးလွန်သူတွေကို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဖေါ်ပြထားပါတယ်။ ဒါကြောင့် တကယ်လို့ ပုဂ္ဂိုလ်တဦးချင်းစီ ဒါမှမဟုတ် အဖွဲ့အစည်းလိုက် ဒါမှမဟုတ် အဆင့်မြင့်တာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတယ်လို့ သက်သေအထောက်အထားတွေ ထွက်ပေါ်လာခဲ့ရင် မြန်မာအစိုးရဘက်က အပြစ်ပေးအရေးယူမယ်လို့ သူတို့မျှော်လင့်တဲ့အကြောင်း Darusman ကပြောပါတယ်။

အခုလို ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ အနေနဲ့ တွေ့ရှိတဲ့ ရလာဒ်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နိုင်ချေ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ ဖြစ်ခဲ့သလား ဆိုတဲ့ မေးခွန်းကိုတော့…

“နည်းပညာပိုင်းဆိုင်ရာနဲ့ မူပိုင်းဆိုင်ရာ အခြေခံပြီး ဥပဒေနဲ့အညီ သတ်မှတ်ချက်တွေဟာ ကုလသမဂ္ဂ နဲ့ ICC နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတို့ရဲ့ ပြဌာန်းချက်တွေအတိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ အစီရင်ခံစာတခုလုံးအပေါ် ယုံကြည်အားကိုးရမယ့်အပိုင်းကတော့ အချက်အလက်တွေကို အရင်သွားရှာပြီးမှ ဆုံးဖြတ်ချက် ချမှတ်ထားတာဖြစ်ပါတယ်။ ကြိုတင် သုံးသပ်ကောက်ချက်ချတာမျိုး မလုပ်ထားပါဘူး။ အချက်အလက်တွေကို ကြိုးစားရှာဖွေထားတာပါ။”

အခုလို ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဖေါ်ပြထားတဲ့ အစီရင်ခံစာကို မြန်မာအစိုးရဘက်က ငြင်းပယ်ခဲ့တဲ့အပေါ်မှာ သူရဲ့ တုန့်ပြန်ချက်ကတော့-

“အချက်အလက်များ အပြား ထုနဲ့ထည်နဲ့ ရှိနေပြီး အဲဒါတွေက ခိုင်မာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို တကယ်တမ်း မသွားဘဲနဲ့ ကို ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ အများကြီးရှိပြီးသားပါ။ ဒါကြောင့် အဲဒီမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ နောက်ဆုံး ဆန်းစစ်ချက် ချမှတ်ဖို့ရာ ကျနော်တို့အတွက် ပြဿနာမရှိပါဘူး။”

သူတို့အဖွဲ့ရဲ့ အစီရင်ခံစာအတွက် ပြည့်စုံကျယ်ပြန့်တဲ့ တွေ့ဆုံမေးမြန်းမှုတွေလုပ်ခဲ့သလိုဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှား နိုင်ငံတွေအပါအဝင် လူပေါင်း ၆၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ Marzuki Darusman ကပြောပါတယ်။ အစီရင်ခံကိုလည်း ဘက်ပေါင်းစုံကနေ တင်ပြထားတယ်လို့လည်း သူကဆိုပါတယ်။ဆက်လက်ပြီးတော့ မြန်မာအစိုးအနေနဲ့ သူတို့နဲ့ တွေ့ဆုံဖို့လည်း Mr. Darusman ကအခုလိုတိုက်တွန်းသွားပါတယ်။

“မြန်မာအစိုးရအနေနဲ့လည်း ဖြစ်ရပ်တခုလုံးနဲ့ ပတ်သက်လို့ အခြေအနေမှန်တွေကိုသိချင်နေတာပါ။ ဒါကြောင့်လည်း မြန်မာအစိုးရကို တိုက်တွန်းချင်တာက ကျနော်တို့နဲ့ တွေ့ဆုံဖို့ပါ။ သူတို့မှာလည်း ကိုယ်ပိုင် အကြောင်းပြချက်တွေ၊ အခြေအနေရေးသားထားတာတွေ ရှိကောင်းရှိမှာပါ။ဒါတွေကိုလည်း ကျနော်တို့ အစီရင်ခံစာမှာ ထည့်သွင်းဖေါ်ပြလို့ရပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်ကဆက်လက်ပြီး လွှမ်းမိုးချုပ်ကိုင်ထားတဲ့အခြေအနေဟာ တကယ့်စိန်ခေါ်မှု အခက်အခဲဖြစ်နေတယ်လို့ မြင်ကြောင်း Marzuki Darusman က တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။

လူ့အခွင့်အရေးကောင်စီညီလာခံမှာ တနင်္လာနေ့က သူကိုယ်တိုင် တင်သွင်းခဲ့တဲ့ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာလည်း ကချင်နဲ့ ရှမ်းပြည်နယ်ဖက်ကသိရတဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ရခိုင်ပြည်နယ်ထဲမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးအခြေအနေတွေလောက် အတိုင်းအတာ ပမာဏနဲ့ သက်ရောက်မှုတွေ မကြီးမားလှပေမဲ့ ပုံစံဆင်တူဖြစ်ပြီး တချို့လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံမျိုးတွေက မြန်မာနိုင်ငံအနှံ့မှာဖြစ်နေတယ်လို့ ပြောကြားသွားပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေ မြန်မာနိုင်တွင်း ဝင်ရောက်စုံစမ်းဖို့ သူတို့အဖွဲ့ရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရက လက်မခံဘူးလို့ လူ့အခွင့်အရေးကောင်စီကို ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG