သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်လေဆိပ် လက်နက်မှု CID ကိုလွဲှပြောင်း


ဖြုးိကိုကိုတင့်ဆန်း သာကေတနေအိမ်မှ ဖမ်းဆီးရမိတဲ့လက်နက်များ။ (မြန်မာနိုင်ငံရဲတပ်ဖွဲ့)
ဖြုးိကိုကိုတင့်ဆန်း သာကေတနေအိမ်မှ ဖမ်းဆီးရမိတဲ့လက်နက်များ။ (မြန်မာနိုင်ငံရဲတပ်ဖွဲ့)

နေပြည်တော်နဲ့ရန်ကုန်မြို့တွေမှာ လက်နက်အမြောက်အများဖမ်းမိတဲ့ အမှုကို မှုခင်းရဲတပ်ဖဲ့ွ CID က တာဝန်ယူ စစ်ဆေးနေပါတယ်။ ဝန်ကြီးဟောင်းတယောက် ရဲ့သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၂ ယောက်ကို ဖမ်းဆီးထားတဲ့ အမှုကို နေပြည်တော်တိုင်း ရဲလက်ကနေ အောက်တိုဘာ ၁၉ ရက်နေ့မှာ CID ကို အမှုလွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။ ဒီအမှုကို CID က ကိုင်တွယ် စုံစမ်းနေတဲ့ အတွက် အမှုမှန် မြန်မြန်ဆန်ဆန် ပေါ်ပေါက်နိုင်မှာလား။ အများပြည်သူ စိတ်ဝင်စားနေတဲ့ အမှုနဲ့ပါတ်သက်လို့ သတင်းရနိုင်တဲ့အပိုင်းမှာ ဘယ်လိုဖြစ်သွားနိုင်ပါသလဲ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

နေပြည်တော်လေဆိပ်မှာ ဖြိုးကိုကိုတင့်ဆန်းနဲ့ သူရဲ့ဝန်ထမ်းတွေဆီကနေ တရားမဝင်လက်နက်နဲ့မူးယစ်ဆေးဝါးတွေ ဖမ်းဆီရမိခဲ့တဲ့အမှုကို စစ်ဆေးဖော် ထုတ်ဖို့ တိုင်းရဲတပ်ဖွဲ့ကနေ မှုခင်းရဲတပ်ဖွဲ့ (CID) ကို အောက်တိုဘာ ၁၉ ရက်နေ့က လွှဲပြောင်းပေးလိုက်ပါတယ်။ မှုခင်းရဲတပ်ဖွဲ့ (CID) ဟာ ကွန်ယက် ပိုမိုကျယ်ပြန့်ပြီး နည်းပညာပိုင်းတွေစုံစမ်းရာမှာ ပိုမိုအဆင်ပြေဖို့အတွက် လွှဲပြောင်းပေးတာဖြစ်တယ်လို့ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ခင်အောင် က VOA ကိုပြောပါတယ်။

" ဟိုလေ CID ကျတော့ ပိုပြီးတော့ ကျယ်ပြန့်တာပေါ့။ နိုင်ငံထဲ ခြေဆံလက်ဆံလည်း ပိုရှည်တယ်လေ။ တနိုင်ငံလုံးမှာ ဖြစ်တယ် ကိုယ်တို့ကျတော့ တိုင်းရုံးဆိုတော့ တိုင်းရဲတပ်ဖွဲ့ဆိုတော့ ကျဉ်းတာပေါ့နော်။ လက်လက်မမှီဘူး တချို့ကိစ္စတွေကျတော့ အဲ့တာကြောင့်မို့လို့။ နောက်ပြီးတော့ နည်းပညာနဲ့ပတ်သက်တဲ့ကိစ္စတွေ အများကြီးရှိတယ် ဥပမာဆို ကွန်ပျူတာတို့ဘာတို့ နောက် တယ်လီဖုန်းလိုင်းကိစ္စတို့ဆို CID မှ ပိုအဆင်ပြေတယ်လေ အဲ့တာကြောင့် သူက ကိုင်တာ။ နောက် လူကြီးတွေက CID မှပိုဖြစ်တော့ ဘာပဲဖြစ်ဖြစ် CID ကတော့ ပိုကျယ်ပြန့်တာပေါ့နော်။ အဲ့တာကြောင့် လွှဲခိုင်းတယ်လို့ အစ်ကိုတို့က ထင်ပါတယ်။"

အမှုကို CID က ကိုင်တွယ် စုံစမ်းနေတဲ့အတွက် အမှုနဲ့ပါတ်သက်လို့ သတင်း အချက်အလက်တွေ သိရနိုင်ဖို့ ခက်ခဲသွားနိုင်တယ်လို့ တချို့က ထောက်ပြနေကြပါတယ်။ CID က စုံစမ်းနေတာနဲ့ပါတ်သက်လို့ သတင်းစာဆရာ ကိုသီဟသွေဃ်းက သူ့ရဲ့အမြင်ကို ခုလိုပြောပါတယ်။

" ဒီကိစ္စက CID ကိုရောက်သွားရင် ကြာတတ်တဲ့အတွက် ဒီကိစ္စလည်း ကြာသွားမလားတော့ စိတ်ပူတယ် ဒါပေမဲ့ ဒီလိုမျိုး တရားခံတွေရော ပစ္စည်းတွေရော ထင်ထင်ရှားရှားရှိတဲ့ဟာကို အချိန်ယူပြီးဖော်ထုတ်ရမယ်ဆိုတာတော့ ကျနော်လည်း နားမလည်ဘူး ကျနော်တော့ နားလည်ရခက်တယ် ဒီအတိုင်းပဲ ရဲနည်းနဲ့ သမားရိုးကျ ရဲတပ်ဖွဲ့ပုံစံနဲ့ပဲ စုံစမ်းဖော်ထုတ်လို့ရတာအများကြီးရှိတယ် နောက် လိုအပ်လာရင်လည်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့ လိုအပ်ရင်လိုအပ်သလို ကွင်းဆက်က ကျယ်ပြန့်ရင် ကျယ်ပြန့်သလို ဖော်ထုတ် သွားရင်ရတယ်။"

လက်နက် ၂၁ လက် ဖမ်းမိထားတဲ့ ဒီအမှုကို စိတ်ဝင်စားနေကြသူ အများအပြားရှိပါတယ်။ လက်နက်နဲ့မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနဲ့ဆက်နွယ်ပြီး လောလောဆယ် ဖမ်းဆီးစစ်ထား သူ ၁၂ ယောက်ရှိပါတယ်။ မှုခင်းရဲတပ်ဖွဲ့(CID) ကို နည်းပညာပိုင်း စစ်ဆေးဖော်ထုတ် ရာမှာ အထောက်အကူပြုနိုင်ပြီး အမှုကိုလွှဲပြောင်းပေးယုံနဲ့တော့ တိုးတက်မှုမရှိနိုင်ဘူးလို့ ကိုသီဟသွေဃ်းကပြောပါတယ်။

"ကျနော်တို့က ပြောမယ်ဆိုရင်ဗျာ CID ဆိုတာက ဖော်ထုတ်ချက်တွေက အဓိကပဲလေ ကျနော်တို့ နားလည်တာလေ။ CID ကိုပို့တဲ့အမှုတွေက သိပ္ပံ နည်းပညာနဲ့ဖော်ထုတ်ရတဲ့အပိုင်းတွေမှာ လိုအပ်တဲ့နည်းပညာနဲ့ ဖော်ထုတ်ရတဲ့ အပိုင်းတွေ ပါလာတဲ့အတွက်ကြောင့်မို့လို့ CID ကိုအသုံးပြုရတယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ ဒီ့ထက်ပိုပြီး ထူးထူးခြားခြား ပေါ်ထွက်လာဖို့အကြောင်းလည်း သိပ်မမြင်ဘူး။ ဆိုကြပါစို့ ဒီသေနတ်တွေက ဘယ်နှစ်ကြိမ်ပစ်ထားလဲတို့ဘာတို့ ဒါမျိုးတွေတော့ ပစ်လို့ရတာပေါ့လေ သုံးထားလား မသုံးထားဘူးလားဆိုတာ ဒါတော့ အထောက်အကူတော့ဖြစ်နိုင်ပါတယ် သို့သော် ဒီလောက်နဲ့တော့ ပြီးသွားဖို့တော့ မသင့်ဘူးလို့ထင်တယ် အမှုကိုပြည့်စုံသွားအောင် အမှုရဲ့ နက်ရှိုင်းမှုပေါ့နော် ဖော်ထုတ်နိုင်လောက်အောင် မစွမ်းလောက်ဘူးလို့ထင်တယ်။"

ဖမ်းဆီးရမိတဲ့လက်နက်တွေဟာ မြဝတီလမ်းကြောင်းကနေတဆင့် ဝင်ရောက်ခဲ့တယ်လို့ စစ်ဆေးမှုတွေကနေ သိရကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ အမှုနဲ့ဆက်နွယ်ပြီး ထွက်ပြေးလွတ်မြောက်နေသူ ၂ ယောက်ရှိတယ်လို့လည်း သက်ဆိုင်ရာက ပြောပါတယ်။ ကျန်ရှိတဲ့လက်နက်နဲ့ ကွင်းဆက်တွေကိုဖော်ထုတ်ဖို့က ဦးစားပေးဖြစ်တယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကပြောထားပါတယ်။

ဖြိုးကိုကိုတင့်ဆန်းကို တရားမဝင်လက်နက်ကိုင်ဆောင်မှု။ မူးယစ်ဆေးဝါးပိုင်ဆိုင်မှု ပုဒ်မတွေအပြင် နိုင်ငံတော်လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့တွေနဲ့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ လုံခြုံရေးဝတ်စုံများလက်ဝယ်ထားရှိမှု သက်ဆိုင်ရာ အစိုးရဌာနတွေရဲ့ အမှတ်တံဆိပ်တုံးတွေ လက်ဝယ်ထားရှိမှု မော်တော်ယာဉ်တွေမှာ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အသုံးအနှုန်းတွေကို ခွင့်ပြုချက် မရှိဘဲ တပ်ဆင်ထားမှုတို့နဲ့ အမှုဖွင့်ထားပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က အားကစားဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဝန်ကြီးဦးတင့်ဆန့်ရဲ့သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ကနေ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ACE ကုမ္ပဏီရဲ့အကြီးအကဲတစ်ဦးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG