သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ACE ကုမ္ပဏီက ဖမ်းမိလက်နက်များ မြဝတီမှ ဝင်ရောက်


ACE ကုမ္ပဏီက ဖမ်းမိလက်နက်များ (မြန်မာနိုင်ငံရဲတပ်ဖွဲ့)
ACE ကုမ္ပဏီက ဖမ်းမိလက်နက်များ (မြန်မာနိုင်ငံရဲတပ်ဖွဲ့)

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးရမိတဲ့ တရားမဝင်လက်နက်တွေဟာ မြဝတီလမ်းကြောင်းကနေဝင်လာတဲ့ လက်နက်တွေလို့ ကနဦးစစ်ဆေးချက်အရသိရပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံ ၂ ဦးကို ဖမ်းမိရင်တော့ ကွင်းဆက်တွေထပ်ပေါ်နိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောက်တိုဘာ ၁၅ ရက်ညပိုင်းက အရင်ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းဆီကနေ တရားမဝင်လက်နက်နဲ့မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ကနဦးစစ်ဆေးချက်တွေအရ အခုလိုဖမ်းဆီးရမိတဲ့လက်နက်တွေဟာ မြဝတီဘက်က ဝင်လာတဲ့လက်နက်တွေလို့သိရပြီး ဆက်လက်စစ်ဆေးမှုတွေပြုလုပ် ဆောင်ရွက်လျက်ရှိပြီးတော့ ထပ်တိုးဖမ်းမိတာမရှိသေးဘူးလို့ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ခင်အောင်က VOA ကိုပြောပါတယ်။

“အင်းဟုတ်တယ်။ အကြမ်းဖျင်းတော့အဲ့လိုသိရတယ်။ မြဝတီတဖက်နိုင်ငံနေပြီးတော့သွင်းတာပေါ့နော်။ သွင်းတယ်ဆိုတာဒီလို အလုံးလိုက်ကြီးသွင်းလာ တာတော့မဟုတ်ဘူး။ ဟိုတလက်စနှစ်လက်စနေ တဖြေးဖြေးကိုင်ရင်းကိုင်ရင်းနဲ့များသွားတာပေ့ါ။ လုပ်နေတယ်သူတို့ကိုစစ်နေတယ်။ တချို့ကမပြောဘူး တို့ကလည်းတချို့ဟာ ဟိုဘက်ထောက်စစ်ဒီဘက်ထောက်စစ်ရင်းနဲ့ အခုအဲ့လိုပေါ့ ပေါ်လာတာပေါ့နော်။ သူ့ဟိုတယ်ကစဝင်စစ်တယ်။ ဝင်စစ်တဲ့အခါမှာ ၇ လက်မိတယ်။ အဲ့ဒါမှာကုန်ပြီလို့ပြောတယ်။အဲ့အပေါ်မှာမူတည်ပြီးတော့မှ သူ့ဆီမှာရှိတဲ့စာရွက်စာတမ်းအထောက်အထားနဲ့ ပြန်ပြီးထောက်ပြီးပြန်စစ်လိုက် တဲ့အခါကြတော့ ထပ်ပေါ်လာပြန်တယ်။ အဲ့လိုမျိုးပေါ့အခုတော့တဖြေးဖြေးဖြေးထောက်စစ်နေတာပေါ့။ နောက်ဆက်တိုးတာတော့ ထပ်ရှာတွေ့တာတော့ မရှိသေးဘူး။”

ဒီကနေ့အထိ လူ ၁၂ ယောက် လက်နက် ၂၁ လက် အထိ ဖမ်းဆီးရမိစစ်ဆေးထားပြီး ဖြိုးကိုကိုတင့်ဆန်းနဲ့ ပတ်သက် ဆက်သွယ်သူ တရားခံ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးရမိပါက ကွင်းဆက်တွေပေါ်လာနိုင်တယ်လို့ ရဲမှူးဇော်ခင်အောင်က ဆက်ပြောပါတယ်။

“နောက် ၂ ယောက်လွတ်နေတာရှိတယ်။ ၂ ယောက်လွတ်နေတာ အဲ့ ၂ယောက်ကိုရရင် နောက်ထပ် ထပ်ပေါ်လာနိုင်တဲ့အလားအလာတွေရှိတယ်နော်။ ဖမ်းဆီးရမိမှု သူရဲ့တပည့်တပန်းတွေထဲ ဖမ်းဆီးရမိဖို့ ၂ ယောက်ရှိသေးတယ်။ အဲ့၂ယောက်လိုအပ်သေးတယ်။ အဲ့ ၂ ယောက်ကိုရရင် ကွင်းဆက်ကြီး တခုလုံးက ပြည့်စုံပြီးပေါ်လာလိမ့်မယ်။”

ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကျန်ရှိတဲ့လက်နက်နဲ့ ကွင်းဆက်တွေကိုဖမ်းဆီးသိမ်းဆည်းရမိဖို့က ဦးစားပေးဆောင်ရွက်နေပြီး တည်ဆဲဥပဒေ တွေအပေါ်ချိုးဖောက်တဲ့လုပ်ငန်းစဉ်တွေအားလုံးကို ဖော်ထုတ်ပြီးဆောင်ရွက်သွားမယ်လို့ မနေ့ကနေပြည်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လက်နက်နဲ့မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတဲ့အတွက် ဖြိုးကိုကိုတင့်ဆန်းနဲ့အပေါင်းအပါ ၂ ဦးကို နေပြည်တော် အေလာနယ်မြေရဲစခန်းက မူးယစ်ပုဒ်မ လက်နက်ပုဒ်မတွေနဲ့အမှုဖွင့်ဆောင်ရွက်ထားခဲ့ပါတယ်။ အစပထမပိုင်းဖမ်းဆီးရမိချိန်မှာတော့ လက်နက်ပုဒ်မ ၁၉ (စ) နဲ့ဖွင့်လှစ်ထားရာမှ လက်နက်တွေထပ်မံတွေ့ရှိတဲ့အတွက် လက်နက်ဥပဒေပုဒ်မ ၁၉(က) နဲ့ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က တရားမဝင်လက်နက်ငယ်နဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတာနဲ့ ဆက်စပ်ပြီး၊ ရန်ကုန်နဲ့ နေပြည်တော်မှာရှိတဲ့ ဖြိုးကိုကိုတင့်ဆန်းပိုင် ACE ရုံးတွေ ဟိုတယ်တွေကို ဝင်ရောက်စစ်ဆေးရှာဖွေရာကနေ နောက်ထပ် တရားမဝင်လက်နက်တွေနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာပါ။ ဖြိးကိုကိုတင့်ဆန်းဟာ ACE လုပ်ငန်းစု အကြီးအကဲတဦးဖြစ်သလို၊ ၂၀၁၂ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး မြောင်မြမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG