သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်လေဆိပ်မှာ တရားမဝင် သေနတ်များ ဖမ်းမိ


နေပြည်တော်လေဆိပ်
နေပြည်တော်လေဆိပ်

တနင်္ဂနွေနေ့ညပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်သုံးဦးဆီကနေ သေနတ်တချို့ ရှာတွေ့တဲ့အတွက် ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင် ကို ကိုးကားပြီး ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

အခု ဖမ်းဆီးစစ်ဆေးခံနေရသူသုံးဦးကတော့ ဦးဖြိုးကိုကိုတင့်ဆန်း၊ ဦးရဲမင်းဆွေနဲ့ ဦးဇော်ဝင်းထိုက်တို့ ဖြစ်တယ်လို့လဲ သတင်း တွေမှာ ရေးကြပါတယ်။ အဲဒီထဲက ဦးဖြိုးကိုကိုတင့်ဆန်းဟာ အရင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ဟိုတယ်နဲ့ခရီးသွား လာရေးဝန်ကြီးဌာနနဲ့ အားကစားဝန်ကြီးဌာနတွေရဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းရဲ့သားဖြစ်တယ်လို့လဲ သတင်းတွေကဆိုပါတယ်။

ဖမ်းမိတဲ့ သေနတ်အရေအတွက်က အများအပြားမဟုတ်ဘူးလို့ ရဲမှူးကြီးကပြောပေမဲ့လဲ သေနတ် ဘယ်နှစ်လက်ဆိုတာကိုတော့ အတိအကျ မသိရသေးဘဲ စစ်ဆေးနေဆဲလို့ပြောပါတယ်။

နေပြည်တော်ကနေ ရန်ကုန်ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ လိုက်ပါမယ့် ခရီးသည်တွေနဲ့ ခရီးဆောင်အိတ်တွေ ကို လေဆိပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပုံမှန်အတိုင်း စစ်ဆေးချိန်အတွင်း အခုလို သေနတ်တွေကို တွေ့ခဲ့တာပါ။

မြန်မာနိုင်ငံမှာ အရင် နှစ်ပေါင်းများစွာက တရားဝင် သေနတ်ကိုင်ဆောင်ခွင့် ရှိခဲ့ဖူးပေမဲ့လဲ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်းကတည်းက သာမန်အရပ်သား ဘယ်သူမှ သေနတ်ကိုင်ဆောင်ခွင့် မရှိတော့ပါဘူး။ အခုလက်ရှိအချိန်မှာ တရားဝင် သေနတ်ကိုင်ဆောင်ခွင့် ရှိမရှိဆိုတာလဲ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

၂၀၁၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း တရားမဝင် လက်နက် ခဲယမ်းမီးကျောက် မိတဲ့သတင်းတွေ မကြာခနဆိုသလို ထွက်လာနေပြီး တချို့ဖြစ်ရပ်တွေမှာ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိတာ တွေရှိထားဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG