သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်နဲ့မြို့ကြီးများ လုံခြုံရေးတိုးမြှင့်


ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာနိုင်တာမျိုး နေပြည်တော် ရန်ကုန်အပါအဝင် အခြားမြို့ကြီးတွေမှာ လုံခြုံရေးကိုပိုပြီးတိုးမြှင့်ဆောင်ရွက်နေကြပါတယ်။ မြို့ကြီးတွေရဲ့ ဝင်ပေါက်ထွက်ပေါက်ဂိတ်တွေမှာ အထူးစစ်ဆေးမှုတွေပြုလုပ်နေတာပါ။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၂၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုပဋိပက္ခတွေကြောင့် နေပြည်တော် ရန်ကုန်အပါအဝင် အခြားမြို့ကြီးတွေမှာ ရဲတပ်ရင်းလုံခြုံရေးတိုးမြှင့်ချထားပြီး အခုလိုအချိန်ဟာ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ဖို့ အရင်ကထက် ရာခိုင်နှုန်းများတယ်လို့ နေပြည်တော် ရဲတပ်ဖွဲ့မှူး ဦးဇော်ခင်အောင်က အခုလိုပြောပါတယ်။

"နေ့ပိုင်းဆိုလို့ရှိရင်လည်း လုံခြုံရေးကမြို့အဝင်ထွက်ဂိတ်တွေပေါ့နော် မြို့အဝင်အထွက်ဂိတ်တွေမှာလည်း ကျွန်တော်တို့က ၂၄ နာရီ လုပ်ထားတယ်စောင့်ကြည့််ပြီးတော့မှ ရှာဖွေတာတွေစစ်ဆေးတာတွေလုပ်ထားတယ်။ အလားတူပဲ အဲ့မှာလည်းကျွန်တော်တို့အင်အားတွေဖြည့်တင်းထားပါတယ်။ အင်အားထပ်ပြီးတော့မှ ဘာနဲ့ထပ်ဖြည့်ထားလည်းဆိုရင် လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ရှင်းရှင်းပြောရင် ရကဖပေါ့ ရဲတပ်ရင်းတွေ၊ လုံခြုံရေးအင်အား ထပ်ဖြည့်ပြီးတော့မှ မြို့ထဲမှာကော ဝင်ပေါက်ထွက်ပေါက် ဂိတ်တွေကော ကျွန်တော်တို့က ညကိုတညလုံး မနက် ၆ ည ၆ ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်။ အခုလောလောဆယ်ကတော့ ကျွန်တော်တို့ဆီမှာ ခြိမ်းခြောက်မှုကတော့ ဒီဗုံးခွဲမယ်လို့ စသည်ဖြင့် အကြမ်းဖက်မှုတွေလုပ်လာနိုင်တယ်။ ဒါက ရာခိုင်နှုန်း ယခင်ကထက်စာရင် ပိုများတယ်ပေါ့နော်။ ပိုများတယ်။"

ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အကြမ်းဖက်မှုများပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့တာဖြစ်ပြီး သွေးထိုးလှုံ့ဆော်စာဖြန့်ဝေသူတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုလို သတင်းအမှားတွေ ဖြန့်ဝေတာတွေ သတိထားသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ကိုနေဖုန်းလတ်က ပြောပါတယ်။

"Facebook တွေပေါ်မှာကော SMS တွေနဲ့ကော အဲ့လိုမျိုးတွေ အဲ့လိုမျိုးသတင်းတွေလိုက်ဖြန့်နေတာလေ သိလား။ လုံးဝမယုံနဲ့ဆိုတာမျိုးလည်း မဟုတ်ဘူးပေါ့။ သတိတော့ထားရမှာပေါ့။ သတိထားရမယ်ဆိုတာ ကိုယ်တွေကလည်း သတိနဲ့နေမယ်။ နောက်ပြီးတော့ အစိုးရအနေနဲ့လည်း ဒီအပေါ်မှာလုံခြုံရေးတိုးမြှင့်ပြီး ဆောင်ရွက်နေတာတွေလည်းရှိတယ်။"

ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့ မြို့ကြီးတွေမှာ အကြမ်းဖက်မှုပြုလုပ်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် စိုးရိမ်နေကြသလို လမ်းတွေမှာလည်း လူအသွားအလာနည်းနေတာတွေတွေ့ရပါတယ်။ မန္တလေးမြို့မြို့ကြီးမှာတော့ ညပိုင်းတွေမှာလုံခြုံရေးအတွက်တိုးပြီးလုပ်ဆောင်လာတာတွေ့ရတယ်လို့ မန္တလေးမြို့ခံတစ်ဦးဖြစ်တဲ့ ကိုနိုင်လင်းအောင်က အခုလိုပြောပါတယ်။

"မန္တလေးမှာ ထုံးစံအတိုင်းကောလဟာလ ရိုက်ခတ်တာလေးတွေတော့ရှိတာပေါ့။ ညပိုင်းတွေကတော့ တော်တော်လေး ခါတိုင်းထက်ပိုစစ်လာတယ်။ ဆိုင်ကယ်တွေရှာတယ်။ အဲ့လိုမျိုးပေါ့။ ဒါကတော့မြို့ထဲမှာ သူတို့က နည်းနည်းလေး တပ်လှန့်တဲ့သဘောမျိုးပေါ့။ ပြီးတော့ ယာဉ်တန်းတွေနဲ့ ပတ်တယ်ပေါ့။"

အကြမ်းဖက်သမားများအနေနဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောမှာဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုတွေကို နိုင်ငံတကာက ပိုမိုအာရုံစိုက်လာဖို့ ကြိုးစားမှုတွေရှိသလို မြို့ကြီးတွေမှာ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုတွေလုပ်ဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေရှိနေတယ်လို့ သတင်းရရှိထားကြောင်း အစိုးရကသတင်းထုတ်ပြန်ထားသလို ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းစုဆောင်းမှုတွေ့ရှိပါက သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့လည်း နိုင်ငံတော်အတိုင်းပင်ခံရုံးက သတင်းထုတ်ပြန်ထားပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG