သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖျက်အင်အားစုများကို ပြည်သူသတိထားဖို့ တိုက်တွန်း


တောင်တွင်းကြီးမြို့တနေရာ (Thet Swe Win)
တောင်တွင်းကြီးမြို့တနေရာ (Thet Swe Win)

NLD အစိုးရလက်ထက် တိုင်းပြည်တည်ငြိမ်တိုးတက်မှာကို မလိုလား အနှောင့်အယှက်ပေးလိုတဲ့ အင်အားစုတွေရှိနေပြီး ပြည်သူတွေအနေနဲ့ သတိထားကြဖို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားလိုက်ပါတယ်။

မကွေးတိုင်း တောင်တွင်းကြီးမြို့ မှာ မနေ့ တနင်္ဂနွေညက လူအုပ်စုတစုကနေ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် အကြမ်းဖက် ဖန်တီးလှုံဆော်တဲ့ဖြစ်ရပ် ဖြစ်ပြီးတဲ့နောက် သူက အခုလို သတိပေး ပြောဆိုလိုက်တာပါ။ရဲတပ်ဖွဲ့က ဆူပူမှုကို အချိန်မီ နှိမ်နင်းဖြိုခွဲနိုင်ခဲ့ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်သူ တဦးကိုလဲ ဖမ်းဆီးထားတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်က ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

တောင်တွင်းကြီးမြို့က မွတ်ဆလင်လုပ်ငန်းရှင် တဦးရဲ့ နေအိမ်ကို စက်တင်ဘာလ ၁၀ ရက်နေ့ည ၈ နာရီဝန်းကျင်မှာ လူငယ်အယောက် ၅၀ လောက်က ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို ဗလီ ဘက်ကိုသွားရောက် စုဝေးခဲ့ကြောင်း၊ အဲဒီနောက် ည ၉ နာရီလောက်မှာ လေးခွတွေ၊ ကျောက်ခဲတွေ ကိုင်ဆောင်ထားတဲ့ လူ ၇၀ လောက်ရှိတဲ့ လူအုပ်ကနေ ဗလီကို ဝန်းရံခဲ့ကြောင်း၊ နောက် လာပြီးကြည့်ရှုတဲ့ လူပေါင်း အယောက် ၄၀၀ လောက်ရှိခဲ့ကြောင်း မြန်မာအစိုးရရဲ့ သတင်းထုတ်ပြန်ရေးကော်မတီက မနေ့ကထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေက ဗလီကို ပိတ်ဆို့ကာကွယ်ပေးခဲ့ပြီး အကြမ်းဖက်လူအုပ်ကို စနစ်တကျဖြိုခွဲခဲ့ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဗွီအိုအေကိုပြောပါတယ်။

“ညက ၁၂ နာရီအထိတော့ အေးအေးဆေးဆေးပဲ ဖြိုခွဲတာခင်ဗျ။ တချို့သတင်းတွေမှာ တက်သလို ရာဘာကျည်ဆံနဲ့ ပစ်ခတ်နှိမ်နင်းပြီးတော့ ဖြိုခွဲတယ်ဆိုတာကတော့ မဟုတ်ဘူး။ အေးအေးဆေးဆေးပဲ ဖြိုခွင်းတာပဲ။ လူစုခွဲတာ ခွဲလို့ရတယ်၊ ၁၂ နာရီလောက်အထိအောင်တော့ သိရတာက ၁ ယောက်ထဲပဲ ဖမ်းထားတာ ။ ကျန်တာတွေ ဘယ်သူတွေပါတယ်ဆိုတာတွေကို ဆက်ပြီးမေးမြန်းနေတယ်။ မကွေးခရိုင်ရဲတပ်ဖွဲ့ကလည်း ခရိုင်ရဲမှူးအထိသွားပြီးတော့ ကူညီပေးတယ်။

မေး။ ။ အဲတော့ အခြားဘာသာဝင်တွေကို အခုလိုအကြမ်းဖက်နှောင့်ယှက်တာကို နောက်ပိုင်းမှာ ဘယ်လိုကာကွယ်ပေးဖို့ရှိမလဲရှင့်။

ဖြေ။ ။ကျနော်တို့ကတော့ ဘယ်သူရယ် ဘယ်ဝါရယ် ပြစ်မှုကျူးလွန်တယ်ဆိုရင်တော့ ဗုဒ္ဓဘာသာရယ်ဆိုပြီးတော့ သက်ညှာတာမရှိပါဘူး။ ခံရတဲ့လူကိုလည်း မြန်မာနိုင်ငံသားဆိုရင်တော့ မွတ်ဆလင်မို့လို့ အစ္စလာမ်မို့လို့ ခံရတယ်ဆိုတာမျိုးမရှိပါဘူး။ ဥပဒေကြောင်းအတိုင်းပဲ ကျနော်တို့ ဆုံးဖြတ်မှာပါပဲ။”

ဖမ်းဆီးခံထားရတဲ့ တောင်တွင်းကြီးမြို့ မောင်းတိုင် (၂)ရပ်ကွက်နေ အသက် ၃၀ အရွယ် နှင်းကိုကိုလင်းကို စစ်ဆေးချက်အရ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ကိစ္စရပ်တွေအပေါ်မှာ မကျေနပ်လို့ အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ဖြေဆိုခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ဖေါ်ပြထားပါတယ်။

လက်ရှိ NLD အစိုးရအနေနဲ့ နိုင်ငံတဝှမ်း တည်ငြိမ်အေးချမ်းဖို့အတွက် အလေးထား ဆောင်ရွက်နေချိန်မှာ ထိလွယ်ရှလွယ်တဲ့ ဘာသာရေးဆူပူမှုတွေ၊ ပဋိပက္ခတွေဖြစ်အောင် ဖန်တီးလှုံ့ဆော်မှုတွေရှိနေတာကို အားလုံးသတိထားကြဖို့ မကွေးတိုင်းဝန်ကြီးချုပ်က အခုလိုပြောပါတယ်။

“လူထုကိုလည်း အခုကတော့ အမှောင့်ပယောဂ အမျိုးမျိုးရှိတယ်လေ။ ကျနော်တို့ ကြိုးစားပြီးတော့ တည်ငြိမ်အေးချမ်းစွာနဲ့ ကြိုးစားနေတာကို မတည်မငြိမ်မအေးမချမ်း လုပ်တဲ့အင်အားစုတချို့လည်း ရှိနေကြတယ်။ အဲဒါကိုတော့ ပြည်သူလူထုတွေကို နားမယောင်စေချင်ဘူးပေါ့နော်။ ပြည်သူလူထုက တချို့ကျတော့လည်း ဘာသာရေးနဲ့ ဆွဲဆောင်လို့ရှိရင် အလွယ်တကူပါသွားနိုင်တော့ ဒါတွေကို မဖြစ်စေအောင် အင်မတန် သတိထားရမှာပေါ့ခင်ဗျ။”

ရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်ကန့်ကွက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်နေချိန် ပြည်တွင်းမှာလည်း မငြိမ်မသက်ဖြစ်အောင် ဖန်တီးတာမျိုး မလုပ်သင့်ကြောင်းနဲ့ ညီညီညွတ်ညွတ်ရှိသင့်ကြောင်း ကနေဒါ အခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာ သံဃာတော်များ အဖွဲ့ ဥက္ကဌ ဆရာတော် အရှင်ကောဝိဒက မိန့်ကြားပါတယ်။

“ကောလဟာလတွေကို မဖြန့်ကြပါနဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေလည်း မရှယ်ကြပါနဲ့ ဆိုပြီး ဘုန်းဘုန်းတို့လည်း တင်ထားတယ်။ အဲလိုလုပ်တဲ့အခါကျတော့ ကိုယ့်နိုင်ငံက အကျိုးမရှိဘူး။ သိမ်သိမ်မွေ့မွေ့နဲ့ လုပ်ရမယ့်ကိစ္စဖြစ်နေတယ် အခုဟာက။”

ရှုပ်ထွေးနေတဲ့ ရခိုင်ပြဿနာကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ခေါင်းခံဖြေရှင်းနေရတဲ့အချိန် တာဝန်သိပြည်သူတွေအနေနဲ့ ပဋိပက္ခတွေ မဖန်တီးကြဖို့ လိုတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

“ဒီကိစ္စက တကျဲကျဲနဲ့ မငြိမ်းဖွယ်တွေဖြစ်လာတာ ၊ ဖြစ်လာတာက နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်ကဖြစ်လာတယ် လာဘ်စားမှုတွေနဲ့ လူတွေလက်ခံထားတယ်၊ ကြံဖွတ်ကနေပြီးတော့ လူတွေအများကြီးလက်ခံခဲ့တယ် ။ အဲဒါကို ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ကပါတီ နေပြီးတော့ တရားခံလိုအလိုလို သွားဖြစ်နေတယ်။ အခုဟာက နိုင်ငံတိုးတက်ဖို့ လုပ်ရတဲ့ကိစ္စမှာ အဲဒါတွေ ဖြေရှင်းနေရတော့ အရှေ့ကိုမရောက်နိုင်ဘူး။”

လက်ရှိတောင်တွင်းကြီးမြို့မှာတော့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေး အတွက် စိုးရိမ်မှုနေကြဆဲပဲလို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေသခံတွေက ပြောပြကြပါတယ်။

ဒီအတောအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာလည်း လုံခြုံရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့က အထူးကြပ်မတ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG