သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလဟာလသတင်းတွေကြောင့် လူထုအကြား ထိတ်လန့်မှုရှိ


ရန်ကုန်တိုင်း လှည့်ကင်း လုံခြုံရေးရဲများ စစ်ဆေးနေပုံ (Yangon Police)
ရန်ကုန်တိုင်း လှည့်ကင်း လုံခြုံရေးရဲများ စစ်ဆေးနေပုံ (Yangon Police)

စက်တင်ဘာ၁၁ ရက်နေ့ 9/11 မှာ တစုံတခုဖြစ်မယ်ဆိုပြီးလူထုကြား ထိတ်လန့်မှုတွေဖြစ်အောင် မမှန်သတင်းတွေနဲ့ ကောလဟာလ ဖြန့်ဝေမှုတွေ ရှိလာနေတဲ့ အတွက် ပြည်နယ်၊ တိုင်း က မြို့နယ်တချို့မှာ ကလေးတွေ ကျောင်းမလွှတ်တာ၊ ဈေးတွေ စောစောသိမ်းတာတွေနဲ့ အထိတ်တလန့်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြန်မာနိုင်ငံတွင်း ဘာသာမတူ၊ လူမျိုးစုံကြား အမုန်းမပွားပဲ ချစ်ကြည် ရင်းနှီးကြဖို့ကိုလည်း ဘာသာရေးခေါင်းဆောင်တွေက မြန်မာပြည်သူတွေကို မေတ္တာရပ်ခံနေပါတယ်။ ဒေသတွင်းတည်ငြိမ်အောင် အစိုးရ၊လွှတ်တော်နဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

မနေ့က တောင်တွင်းကြီးမြို့ပေါ်မှာ လူအင်အားသုံးအကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျူးလွန်သူတချို့ကို ဖမ်းဆီးအရေးယူမှုတွေ ရှိခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာ၁၁ရက်နေ့ မှာတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအပါအဝင် ပြည်နယ်၊တိုင်းအချို့က မြို့နယ်တွေနဲ့ကျေးရွာတွေမှာ ကောလဟာလသတင်းတွေပြန့်နှံပြီး လူထုအကြား ထိတ်လန့်မှုတွေဖြစ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပဲခူးတိုင်း ဖြူးမြို့မှာတော့ ဒီကနေ့မနက်ပိုင်း စာသင်ကျောင်းတွေကို ကျောင်းသားတွေ ကျောင်းလာမတက်ကြတဲ့အပြင် လူစည်ကားရာနေရာတွေနဲ့ ဈေးတွေမှာလည်း လူတွေ အပြင်မထွက်ကြပဲ ခြောက်ကပ်နေတယ်လို့ လူထုကြား ထိတ်လန့်နေကြတဲ့ အခြေအနေကို ဒေသခံတဦးဖြစ်တဲ့ မချောစုထွေးက ပြောပြပါတယ်။

“စက်တင်ဘာ ၁၁ ကို လူတွေက စိုးရိမ်စိတ်တွေနဲ့ ဒီ Facebook တို့ဘာတို့ပေါ့နော် ဒီလူမှုကွန်ယက်တွေကနေပြီးတော့ သတင်းအမှားတွေလုပ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးအငယ်လေးတွေကို ကျောင်းပေးမပို့ဘူး၊ မိဘမေတ္တာပေါ့လေ ကလေးတွေက ငယ်သေးတယ် သူတို့တွေရဲ့ စိုးရိမ်စိတ် ကအရမ်းလွန်ကဲနေတော့ ကျောင်းကိုမပို့ဘူး။ ကျမတို့ ငယ်ငယ်တုန်းကနေခဲ့တဲ့ အ.ထ.က (၁) အကြီးဆုံးပေါ့နော် အဲဒီမှာကျောင်းသား ၂၆၀၀ လောက်ကို ကျောင်းသားက ၁၀၀၀ လောက်အထိကို ပျက်ကွက်နေကြတာ။ ကလေးငယ်လေးတွေရော၊ အတန်းအကြီးတွေရောပေါ့လေ ဆရာမတွေလည်းသိတယ် ဒါကို ဒီနေ့ကတော့ လျော့မှာလို့ပြောတယ်၊ ကျောင်းသားတွေ တက်မှာမဟုတ်ဘူး အဲလိုကြားတယ်။ ရပ်ကွက်ထဲမှာဆိုရင်လည်း ဈေးဆိုတာ အစည်ကားဆုံး စည်ပင်သာယာဈေးပေါ့နော် ဒီမှာဆိုရင်လည်း သိသိသာသာကြီး လူတဝက်လောက်ကို ခြောက်ကပ်သွားတယ်။ ဈေးသည်မရှိဘူး ဈေးဝယ်ခြောက်တယ် အဲလိုဖြစ်သွားတယ်။”

အခုလို လူထုအကြား ကောလဟာလသတင်းတွေဖြန့်ဝေပြီး ဆူပူအောင် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေတဲ့အပေါ် ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့နဲ့ ဒေသတွင်းတည်ငြိမ်အောင် အစိုးရ၊ လွှတ်တော်နဲ့ လုံခြုံရေးအဖွဲ့တွေဘက်ကဆောင်ရွက်နေပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဘမျိုးသိန်းကလည်း ပြောပါတယ်။

“9/11 နဲ့ ဆက်စပ်တယ်ဆိုတာက ဒီရက်မှာ ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတဲ့ လှုံ့ဆော်မှုတွေက တကယ့်တကယ်ကျတော့ ခြေခြေမြစ်မြစ် အခြေခံအကြောင်းတရားမရှိပါဘူး။ လက်တွေ့ပိုင်းမှာလည်း ဒီအစိုးရအပိုင်းရော လွှတ်တော်အပိုင်းရော အားလုံးနိုင်ငံရဲ့ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးမှုအတွက်ကို အကုန်လုံးဝိုင်းဝန်းပြီးတော့ ဌာနဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေရော အကုန်လုံးဝိုင်းဝန်းပြီးတော့ ကြိုးစားနေတဲ့အချိန်ဖြစ်တယ်။ ဒီလိုကြိုးစားနေတဲ့အချိန်မှာ ဒီသတင်းတွေနဲ့ ပတ်သက်တဲ့ကိစ္စကို သေချာလေးစိစစ်ပါ လက်ခံပါ။ လက်ခံပြီးတော့ ဖြန့်ဝေတဲ့ကိစ္စတွေကို အတတ်နိုင်ဆုံးပေါ့ မလိုလားအပ်ပဲနဲ့ မဖြန့်ဝေနဲ့ပေါ့ ဒီလိုဖြန့်ဝေလိုက်ခြင်းအားဖြင့် တနည်းအားဖြင့်ပြောလို့ရှိရင် ပြန်ပြီးအားပေးသလိုဖြစ်သွားတယ်ပေါ့လေ။”

အခုလို ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုတွေ ဆောင်ရွက်လာတဲ့အတွက် အစိုးရအနေနဲ့ ပြည်သူလူထုကို ဥပဒေအရ ကာကွယ်ပေးဖို့နဲ့ ဘာသာမတူသူချင်း အမုန်းမပွားကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေက တိုက်တွန်းပါတယ်။

“ဥပဒေချိုးဖောက်တဲ့လူကို လူမျိုးဘာသာမကြည့်နဲ့ ဘယ်သူ့ကိုမဆို ဥပဒေနဲ့အညီအရေးယူပါ။ ဥပဒေနဲ့အညီအရေးယူဖို့ပျက်ကွက်ရင်လူတွေက တရားဥပဒေစိုးမိုးရေးကို ယုံကြည်မှုမဲ့လာမယ်။ မဲ့လာရင် ဒီ ဥပဒေကို ဆန့်ကျင်တဲ့ အလုပ်တွေက ပြန့်နှံ့လာမှာ စိုးရိမ်တယ် ဒါကြောင့်မို့လို့ ကျနော်တို့က ချစ်ခြင်းမုန်းခြင်းမပါဘူး။ ဘယ်သူပဲ ကျူးလွန်ကျူးလွန် ဥပဒေနဲ့အညီ ထိထိရောက်ရောက်မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ပေးစေချင်တာ ကျနော်တို့ ဆန္ဒပါ။ ဒီနိုင်ငံမှာ အစ္စလာမ်တခုတည်းမဟုတ်ဘူး လူမျိုးစုံ၊ ဘာသာစုံ နှစ်ကာလရှည်ကြာစွာနေခဲ့တယ်။ ပြဿနာမရှိဘူး ငြိမ်းငြိမ်းချမ်းချမ်းချစ်ချစ်ခင်ခင်နေခဲ့တယ်။ ဒါပေမယ့် အခုမနေနိုင်တဲ့အခြေအနေ ရောက်လာတာက အများပြည်သူရဲ့ ထောက်ခံမှုကို မရနိုင်တဲ့အတွက် အများပြည်သူထောက်ခံမှုကို တရားသဖြင့် နည်းလမ်းမဟုတ်ပဲနဲ့ ရယူလိုချင်တဲ့ ဆန္ဒရှိတဲ့လူတွေကနေပြီးတော့ ဆောင်ရွက်တာဖြစ်တယ်။ အများပြည်သူအနေနဲ့ ဒီအချိန်မှာ အတိတ်ကကျနော်တို့ ရင်းရင်းနှီးနှီးနေခဲ့တာတွေကို ပြန်သတိရပြီးတော့ ဒီအဖျက်အမှောင့်ရန်တွေကို သတိရှိရှိနဲ့ ဝိုင်းဝန်းကာကွယ်ဖို့လိုပါတယ်။”

တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် နိုင်ငံသားတိုင်း လက်တွဲဆောင်ရွက်ကြဖို့ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ဆရာတော်ဒေါက်တာခလမ်ဆွမ်ဆမ်ကလည်း မေတ္တာရပ်ခံပါတယ်။

“ဘာသာတရားဆိုတာ အားလုံးက မေတ္တာနဲ့ ခွင့်လွှတ်ခြင်း အပေါ်မှာ အခြေခံထားတဲ့ ဘာသာရေးတရားတွေကြီးပါပဲ။ ကျနော်တို့ကတော့ ငြိမ်းချမ်းစွာနဲ့ မေတ္တာရှေ့ထားပြီးတော့ ဒီလိုအရေးအခင်းပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကျနော်တို့အားလုံး ဆန္ဒရှိပါတယ် ကျနော်တို့ ခရစ်ယာန်တွေရော။ ကျနေ်ာ့အနေနဲ့ကတော့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တယောက်အနေနဲ့ ဒီလိုပဋိပက္ခနဲ့ အမုန်းတရားတွေ ပွားများပြီးတော့မှ အနိဋ္ဌာရုံ ဖြစ်တာကိုတော့ ကျနော့်အနေနဲ့ အများကြီး ကန့်ကွက်ပါတယ်။”

မြန်မာနိုင်ငံတွင်း နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်သတိပေးထားပြီး နည်းလမ်းစုံနဲ့ လူထုအကြား မမှန်သတင်းဖြန့်ဝေပြီး ဆူပူမငြိမ်သက်မှုဖြစ်အောင် ဆောင်ရွက်မယ့်သူတွေကိုလည်း ထိရောက်စွာအရေးယူမယ်လို့ သတိပေးထားချိန်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG