သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုက်ပျိုးရေးအသုံးစရိတ် စစ်တမ်း (၁)


တိုက်ရိုက် လင့်ခ်

စိုက်ပျိုးရေးမှာ မြန်မာအစိုးရသုံးတဲ့စရိတ်ငွေ အချိုးအစားဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အလွန်များနေတာ တွေ့ရပါတယ်။ (၂၀၁၀) မှ (၂၀၁၆) အထိ (၆) နှစ်အတွင်းမှာ အစိုးရဲ့ စိုက်ပျိုးရေးအသုံးစရိတ်ဟာ သုံးဆ တိုးလာပါတယ်။ ဒါပေမဲ့ မြန်မာ့စိုက်ပျိုးရေးကဏ္ဍဟာ ထုတ်လုပ်မှုစွမ်းရည် ကျဆင်းနေတယ်လို့ လွန်ခဲ့တဲ့ ဇွန်လထုတ် ကမ္ဘာ့ဘဏ်အုပ်စုရဲ့ (၁၃၄) မျက်နှာ အစီရင်ခံစာ Agriculture Public Expenditure Review မှာ ဖော်ပြထားပါတယ်။ တိုးတက်မှုနှုန်းဟာ (၂) ရာခိုင်နှုန်းသာ ရှိတာမို့ အခြားစီးပွားရေးကဏ္ဍတွေ ဖွံ့ဖြိုးမှုနှုန်းရဲ့ သုံးပုံတပုံသာ ရှိပါတယ်။ ဒီအကြောင်းကို နှစ်ပိုင်းခွဲပြီး တင်ပြသွားပါမည်။

စိုက်ပျိုးရေးကဏ္ဍ ဖွံံ့ဖြိုးမှုနှေးကွေးတဲ့အတွက် ဆင်းရဲနွမ်းပါးမှု၊၊ အာဟာရဓါတ်ချို့တဲ့မှု၊ အလုပ်အကိုင်ရှားပါးမှု စတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း မရှိဘဲ ဖြစ်နေပါတယ်။ စိုက်ပျိုးဆိုင်ရာ အစိုးရရဲ့ ဝန်ဆောင်လုပ်ငန်း အရည်အသွေး ညံ့ဖျင်းမှု၊ စိုက်ပျိုးရေးဝန်ဆောင်လုပ်ငန်းနဲ့ ပုဂ္ဂလိက ရင်းနှီးမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းကို စနစ်တကျ ပြန်လည်ဖွဲ့စည်းဆောင်ရွက်တဲ့နေရာမှာ အားနည်းမှု စတာတွေကို ပြုပြင်ပြီး အရည်အသွေး၊ အရည်အတွက်ပါ ကောင်းမွန်လာဖို့ လိုပါတယ်။ ဒါကြောင့် အစိုးရ စိုက်ပျိုးရေး အသုံးစရိတ်ကို ကမ္ဘာ့ဘဏ်အုပ်စုက ပထမအကြိမ် လေ့လာသုံးသပ်ရတာ ဖြစ်ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်နဲ့တိုင်းဒေသကြီးနဲ့ အလှုရှင်တွေရဲ့ စိုက်ပျိုးရေးဘတ်ဂျက်အသုံးစရိတ်ကို ၂၀၁၀ ကနေ ၂၀၁၆ အထိ (၆) နှစ် လေ့လာသုံးသပ်ထားတဲ့ စာတမ်း ဖြစ်ပါတယ်။ အသုံးစရိတ် ခွဲဝေထားမှုနဲ့ အကောင်အထည်ဖော်နိုင်မှု စွမ်းရည်တို့ကို ဆန်းစစ်ပြီး ဘတ်ဂျက်အသုံးစရိတ်နဲ့ စိုက်ပျိုးရေးဖွံ့ဖြိုးမှု ဆက်စပ်နေပုံကို ဆွေးနွေးထားပါတယ်။ ဒီနှစ်ကစမယ့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးမဟာဗျူဟာနဲ့ ရင်းနှီးမြုပ်နံှမှု (၅) နှစ် စီမံကိန်းကို အထောက်အကူပြုနိုင်အောင် ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။ အစိုးရ စိုက်ပျိုးရေးအသုံးစရိတ်ကို ခွဲခြားစိတ်ဖြာသုံးသပ်တဲ့ အကျင့်ရှိလာအောင် ရှေ့ဆောင်လမ်းပြအနေနဲ့ ရေးလိုက်တဲ့ စစ်တမ်း ဖြစ်ပါတယ်။ နိုင်ငံတကာအတွေ့အကြုံတွေကို မြန်မာအတွက် သင်ခန်းစာအဖြစ် တင်ပြထားပါတယ်။

ဈေးကွက်ချို့ယွင်းမှု၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်လုပ်ငန်း ဖြန့်ဝေရေး မညီမျှမှု စတာတွေကြောင့် စိုက်ပျိုးရေးဖွံ့ဖြိုးဖို့ အခက်အခဲ ဖြစ်တဲ့အခါမှာ အစိုးရစိုက်ပျိုးရေးဘတ်ဂျက်ဟာ လယ်ယာဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါလာပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးအသုံးစရိတ် တိုးချဲ့တဲ့အခါမှာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုကို မထိခိုက်အောင် ဘဏ္ဍာရေးအရ တာဝန်ရှိရှိ ချင့်ချိန်တွက်ဆနိုင်ဖို့ လိုပါတယ်။ ဘတ်ဂျက်ခွဲဝေမှုကို ထိရောက်အောင်လုပ်နိုင်မှ အကျိုးခံစားရပါလိမ့်မယ်။ အစိုးရအသုံးစရိတ် များလာတိုင်း အကျိုးရှိမှာမဟုတ်ကြောင်း သိရှိဖို့ လိုပါတယ်။ စိုက်ပျိုးရေးသုတေသနနဲ့ သုတေသနရလဒ်တို့ကို လယ်သမားတွေ အသုံးပြုနိုင်အောင် အစိုးရက ရင်းနှီးမြုပ်နံှတာဟာ ဖွံ့ဖြိုးရေးအတွက် အကောင်းဆုံးဖြစ်ကြောင်း ကမ္ဘာက သက်သေပြနေပါတယ်။ စိုက်ပျိုးရေးသုတေသနနဲ့ ဆက်စပ်စီမံကိန်းမှာ ရင်းနှီးတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

စီမံကိန်းအကောင်အထည်ဖော်ရာမှာ အရည်အသွေးကို အလေးထား ဆောင်ရွက်ဖို့ လိုပါတယ်။ ၂၀၁၀ ကနေ ၂၀၁၆ အထိ စစ်တပ်လုပ်တဲ့ (၆) နှစ်ကာလမှာ ပြည်ထောင်စုအစိုးရရဲ့ စိုက်ပျိုးရေးအသုံးစရိတ်ဟာ သုံးဆလောက် တိုးပွားလာပါတယ်။ အစိုးရစိုက်ပျိုးရေးစရိတ်ဟာ (၂၀၁၆) တိုင်းပြည် အသားတင်ထုတ်လုပ်မှုရဲ့ (၅) ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲအာရှနိုင်ငံတွေရဲ့ အစိုးရစိုက်ပျိုးစရိတ်ဟာ တိုင်းပြည်အသားတင် ပျမ်မျှထုတ်လုပ်မှုရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိပါဘူး။ ဒါကြောင့် မြန်မာအစိုးရရဲ့ စိုက်ပျိုးရေးအသုံးစရိတ်ဟာ အများဆုံးလို ဖြစ်နေတာမို့ ထိရောက်အောင် ဦးစားပေးစနစ် ကျင့်သုံးနိုင်ဖို့ လိုပါတယ်။ အသုံးစရိတ် မလုံလောက်တဲ့ စီမံကိန်းတွေကို ငွေကြေးထောက်ပံ့နိုင်ဖို့အတွက် အလှုရှင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကို အလေးအနက်ထားရမယ်လို့ ဆိုပါတယ်။

စစ်တမ်းရေးတဲ့ကာလအတွင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဘတ်ဂျက်အသုံးစရိတ် တဝက်ကျော်ကို ဆည်မြောင်းကဏ္ဍအတွက် အသုံးပြုတာ တွေ့ရပါတယ်။ စက်မှုလယ်ယာအတွက် (၁၅) ရာခိုင်နှုန်း၊ သီးနံှအစီအစဉ် (၁၅) ရာခိုင်နှုန်း ရှိကြပြီး အချိန်ကာလအလိုက် တိုးပွားလာပါတယ်။ သုတေသန၊ တိုးချဲ့ပညာပေး၊ မြေဆီလွှာ၊ သီးနံှကာကွယ်ရေး၊ ကူးစက်ရောဂါကာကွယ်ရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း စတာတွေမှာ အသုံးစရိတ် အလွန်နည်းပါတယ်။ မြန်မာ့စိုက်ပျိုးရေး အသုံးစရိတ်ဟာ အာရှမှာ အနည်းဆုံး ဖြစ်ပါနေပါတယ်။

အစိုးရစိုက်ပျိုးရေးအသုံးစရိတ်ကို ဆန်စပါးနဲ့ ဆက်နွယ်နေတဲ့ ဆည်မြောင်း၊ စက်မှုလယ်ယာ၊ မျိုးစေ့၊ တိုးချဲ့ပညာပေး စတာတွေမှာ အသုံးပြုပါတယ်။ အခြားစိုက်ပျိုးရေးအစီအစဉ်တွေမှာ ဘတ်ဂျက်သုံးစရိတ် အလွန်နည်းတဲ့အတွက် အကျိုးသက်ရောက်မှုကို သိသာမြင်သာတဲ့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အစိုးရ စိုက်ပျိုးရေးအသုံးစရိတ် အကျိုးရှိစွာ ထိထိရောက်ရောက် ခွဲဝေသတ်မှတ်နိုင်မှသာ စိုက်ပျိုးရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ရှေ့အပတ်မှာ အစိုးရ စိုက်ပျိုးရေးအသုံးစရိတ် စစ်တမ်းအပိုင်း (၂) ကို တင်ပြသွားပါမယ်။

XS
SM
MD
LG