သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စားသုံးတဲ့ မြန်မာ့ဖရဲသီး


Watermelon
တရုတ်စားသုံးတဲ့ မြန်မာ့ဖရဲသီး
please wait

No media source currently available

0:00 0:05:47 0:00
တိုက်ရိုက် လင့်ခ်

တရုတ်အစိုးရ စာရင်းဇယားအရ လွန်ခဲ့တဲ့နှစ်ရဲ့  တရုတ်-မြန်မာ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာသန်းပေါင်း (၁,၃၅၄၀) ရှိတယ်လို့ မြန်မာပြည်ဆိုင်ရာ တရုတ်စီးပွားရေးသံမှူးက မတ်လ က ပြောပါတယ်။ အရင်နှစ်ကထက် ဆယ်ရာခိုင်နှုန်းကျော် တိုးပွားလာတာ ဖြစ်ပါတယ်။ ဒီအထဲမှာ ဖရဲသီး ဒေါ်လာသန်း (၂၂၅) ဖိုး တင်ပို့ထားတာလည်း ပါဝင်ပါတယ်။ မြန်မာ့ဖရဲသီး၊ သခွားမွှေး၊ သရက်သီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး နဲ့ လိုင်ချီသီးတို့ကို ယူနန်ကို တင်ပို့ပါတယ်။ ဒါပေမဲ့ သစ်သီးတန်းဖိုး စုစုပေါင်းဟာ ဒေါ်လာသန်း (၅၆၀၀) တရုတ်က တင်သွင်းတာမို့ မြန်မာ့သစ်သီး ပမာဏဟာ အလွန်နည်းနေပါတယ်။

ထိုင်းက သစ်သီးအမျိုး (၂၀)၊ ဒေါ်လာသန်း (၁၂၀၀) ဖိုး မနှစ်က တင်ပို့ပါတယ်။ တရုတ်တင်သွင်း သစ်သီးပမာဏမှာ ထိုင်းသစ်သီးက (၂၁) ရာခိုင်နှုန်း ရှိပါတယ်။ ဗိယက်နမ်က ဒေါ်လာသန်း (၆၅၀) ဖိုး၊ ဖိလစ်ပိုင်က ဒေါ်လာသန်း (၅၅၀) ဖိုး သစ်သီးတင်ပို့ပါတယ်။ တောင်အမေရိကတိုက် ချီလီနိုင်ငံကတော့ သစ်သီးဒေါ်လာသန်း (၁၀၀၀) ကျော်ဖိုး တရုတ်ကို တင်ပို့ပါတယ်။ မြန်မာက အများဆုံး တင်ပို့နေတာဟာ ဖရဲသီးဖြစ်ပြီး သခွားမွှေးက ဒုတိယ အများဆုံး၊ သရက်သီးက တတိယအများဆုံး ဖြစ်ပါတယ်။ တရုတ်ဆီက မျိးစေ့ယူပြီး စိုက်ပျိုးတဲ့ ဖရဲသီးနဲ့ သခွားမွှေးတို့ကို (၉၀) ရာခိုင်နှုန်း ယူနန်ကို တင်ပို့ပါတယ်။

မြန်မာက ယူနန်ကို သစ်သီးဝလံ တင်ပို့မှု တိုးပွားလာပုံကို ဂျပန်သုတေသီ ကိုဂျီကူဘိုး က မကြာမီကပဲ စာတမ်းတစောင်ရေးထားပါတယ်။ အမြတ်အစွန်းများတဲ့ ဥယျာဉ်စိုက်ပျိုးရေးစနစ် သုံးလာတုန်း၊ နယ်စပ်မှာ သစ်သီးဈေးကွက် ပေါ်ထွက်လာတာမို့ သစ်သီးဝလံ တင်ပို့မှု တိုးပွားလာပုံကို လေ့လာထားတဲ့ စာတမ်းဖြစ်ပါတယ်။ သခွားမွှေး အများဆုံးထွက်တဲ့ မုံရွာခရိုင်ကို နှစ်ဆန်းပိုင်းက ကွင်းဆင်းလေ့လာပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ယူနန်ကို တင်ပို့တဲ့ သစ်သီးဝလံ ပမာဏ တိုးပွားလာပုံကို ဆန်းစစ်ထားတာပါ။ ၂၀၁၆ မှာ ဖရဲသီး ဒေါ်လာသန်း (၁၇၀) ဖိုး၊ သခွားမွှေး သန်း (၅၀) ဖိုး၊ သရက်သီး (၃၅) သန်းဖိုး ယူနန်ကို တင်ပို့ပါတယ်။ နိုဝင်ဘာကနေ ဧပြီလအထိ ရက်တစ်ရာကာလမှာ ဖရဲသီး နဲ့ သခွါးမွှေး အများဆုံး ထုတ်လုပ်ချိန်ဟာ တရုတ်ပြည်မှာ ဖရဲသီး ရာသီကုန်ဆုံးချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

မန္တလေးတိုင်းမှာ မိသားစု (၃၀၀၀) ဟာ ဖရဲသီး ဧက (၁၉,၀၀၀) စိုက်ပျိုးကြပြီး၊ မိသားစု (၁၅၀) က သခွားမွှေး ဧက (၈၂၀) ကို စိုက်ပျိုးပါတယ်။ စစ်ကိုင်းတိုင်းမှာတော့ မိသားစု (၃၈၀၀) က ဖရဲသီး ဧက (၁၆,၀၀၀) စိုက်ပျိုးပြီး၊ မိသားစု (၁၆၀၀) ဟာ သခွားမွှေး ဧက (၁၂,၀၀၀) စိုက်ပျိုးပါတယ်။ ကုလားပဲနဲ့ စပါး လို စိုက်နေကျသီးနှံနဲ့ ယှဉ်လိုက်ရင် ဖရဲသီးက အမြတ်အစွန်း ဆယ်ဆလောက် ပိုရပါတယ်။ ဒါပေမဲ့ ဓါတ်မြေသြဇာနဲ့ အလုပ်သမား သုံးရတာမို့ အရင်းကလည်း ပိုများပါတယ်။ နောက်ပြီးတော့ အရည်အသွေးနဲ့ ဈေးနှုန်း မတည်ငြိမ်မှု အမြဲတမ်း ရှိနေတာမို့ အရှုံးပေါ်တဲ့ နှစ်တွေလည်း ရှိပါတယ်။ မူဆယ်ကို (၂) ရက်နဲ့ အရောက်ပို့နိုင်တာဟာ မြန်မာ့ဖရဲသီးရဲ့  အားသာချက် ဖြစ်ပါတယ်။ မူဆယ်ကတဆင့် ယူနန်ကို တင်ပို့တဲ့ ပုဂ္ဂလိကလုပ်ငန်းရဲ့  စားသုံးကုန်ပစ္စည်းဟ မနှစ်က ဒေါ်လာသန်း (၃၃၀၀) ဖိုး ရှိကြောင်း သိရပါတယ်။

ဖရဲနဲ့ သခွားမွှေး စိုက်သူ (၃) မျိုး ရှိပါတယ်။ ဒေသခံလယ်သမားက ကိုယ်ပိုင်မြေနဲ့ ငှားတဲ့မြေမှာ စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးရေးကုမ္ပဏီကတော့ ထုတ်လုပ်ရေး မန်နေဂျာတွေ စေလွှတ်ပြီး ငှားထားတဲ့ လယ်မြေပေါ်မှာ စိုက်ပျိုးခိုင်းပါတယ်။ တရုတ်လုပ်ငန်းရှင်တွေကလည်း မြေငှားပြီး ဖရဲသီး စိုက်ပျိုးကြပါတယ်။ ဒေသခံလယ်သမားဟာ (၁၀) ဧကနဲ့ (၅၀) အထိ စိုက်ပျိုးကြပြီး၊ မြန်မာနဲ့ တရုတ်လုပ်ငန်းရှင်တွေကတော့ ဧက တစ်ရာကျော် စိုက်ပျိုးကြတာ များပါတယ်။ ထွက်တဲ့ ဖရဲသီး နဲ့ သခွားမွှေးတို့ကို မူဆယ် (၁၅၀) မိုင် ဈေးမှာ ပွှဲစားတွေက ရောင်းဝယ်ကြပါတယ်။ မြေငှားပြီး စိုက်ပျိုးတဲ့စနစ် ကျင့်သုံးမှုနဲ့ လုပ်သားအင်အားသုံးပြီး ဥယျာဉ်အတတ်ပညာ အသုံးပြုလာတာမို့ ဖရဲသီး နဲ့ သခွားမွှေး အထွက်တိုးလာနေတယ်လို့ ဆိုပါတယ်။ တဧကမှာ အလုပ်သမား (၂) ယောက်လောက် သုံးတာမို့ အလုပ်အကိုင် အများကြီးပေးနိုင်ပါတယ်။

ပြည်တွင်းမှာ မြေငှားပြီး စိုက်ပျိုးတဲ့စနစ်နဲ့ နယ်စပ်မှာ ကြားပွဲစားစနစ် ပေါ်ထွက်လာတာကြောင့် မြန်မာ့ဖရဲသီးနဲ့ သခွားမွှေး အများအပြား တရုတ်ပြည်ကို တင်ပို့နိုင်တာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာလည်း ဖရဲသီး အများအပြား စိုက်ပျိုးပေမယ့် အောက်တိုဘာလမှာ ဖရဲသီးရာသီ ကုန်ဆုံးပါတယ်။ တရုတ်ပြည်မှာ ဖရဲသီး တုံးချိန်မှာ မြန်မာပြည်က ဖရဲသီးတွေ စားသုံးဖို့ အရွယ်ရောက်လာတာကြောင့် မြန်မာ့ဖရဲသီးဟာ နိုဝင်ဘာလကနေ မေလအထိ တရုတ်ဈေးကွက်မှာ ရောင်းကောင်းနေပါတယ်။ ဒီအချိန်မှာ တရုတ်ပြည်မှာ စားသုံးတဲ့ ဖရဲသီး (၈၀) ရာခိုင်နှုန်းကို မြန်မာပြည်က တင်သွင်းနေရပါတယ်။

တရုတ်ပြည်မှာ ဖရဲလုပ်သားတဦးကို တနေ့ယွမ် (၂၀၀) အထိ ပေးရပြီး မြန်မာပြည်မှာတော့ ယွမ် (၂၀) လောက်သာ ပေးရပါတယ်။ မြေငှားခမှာလည်း တရုတ်ပြည်က ငါးဆလောက် ပိုများပါတယ်။ ဖရဲသီး တုံးချိန်မှာ တရုတ်ပြည်မှာ ဖရဲ စိုက်ပျိုးရင် မှန်ဂိုဒေါင်ကြီးတွေထဲမှာ စိုက်ပျိုးရတာမို့ စရိတ်အကုန်အကျ အလွန်များပါတယ်။ မြန်မာပြည်မှာ ဖရဲသီး စိုက်ပျိုးတဲ့ စရိတ်စခဟာ တရုတ်ပြည်ထက် အများကြီးသက်သာပါတယ်။ ဟိုင်နန်ကျွန်းက ဖရဲခင်းတွေဟာ မြန်မာနဲ့ ရာသီချင်း တူပေမယ့် ဈေးနှုန်းမှာရော အရသာမှာရော မြန်မာ့ဖရဲသီးကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် တရုတ်ပြည်ကို ဖရဲသီး တင်ပို့တာဟာ သယံဇာတ တင်ပို့တာထက် မြန်မာအတွက် ပိုအကျိုးရှိပြီး အလွန်တွက်ခြေကိုက်ကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG