သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္နဲ႔ တရုတ္ လွ်ပ္စစ္ကုမၸဏီ


ျမန္မာျပည္နဲ႔ တရုတ္ လွ်ပ္စစ္ကုမၸဏီ
please wait

No media source currently available

0:00 0:05:28 0:00
တိုက္႐ိုက္ လင့္ခ္

လာမယ့္ေႏြရာသီမွာ လွ်ပ္စစ္ဓါတ္အား လိုအပ္တာကို အခ်ိန္မီျဖည့္ဆည္းႏိုင္ဖို႔အတြက္ ဓါတ္အားေပးစက္ရံု စီမံကိန္း (၅) ခု တရုတ္ကုမၸဏီေတြကို လုပ္ခြင့္ေပးလိုက္ေၾကာင္း လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက လြန္ခဲ့တဲ့ ေအာက္တိုဘာလက ေၾကညာပါတယ္။ ေက်ာက္ျဖဴ၊ ကၽြန္းေခ်ာင္း၊ အလံု၊ သာေကတနဲ႔ သန္လ်င္မွာ တည္ေဆာက္ပါလိမ့္မယ္။ ဒီလုပ္ငန္းအတြက္ ကုမၸဏီ (၁၈) ခု တင္ဒါမွာ ယွဥ္ၿပိဳင္တဲ့အနက္ (၅) ခုကို ေရြးခ်ယ္လိုက္ပါတယ္။ ေဟာင္ေကာင္အေျခစိုက္ Vpower Holding ဦးပိုင္ကုမၸဏီက စီမံကိန္း (၄) ခုမွာ ပါဝင္ၿပီး China National Technical Import and Export Corp. (CNTIEC) က သံုးခုမွာ ပါဝင္ေနပါတယ္။

VPower Holding ဦးပိုင္ကုမၸဏီဟာ လွ်ပ္စစ္ဓါတ္အားေပးလုပ္ငန္းမွာ အႏွစ္ (၂၀) ေက်ာ္ အေတြ႔အႀကံဳရိွတဲ့ ကုမၸဏီျဖစ္ၿပီး ၂၀၁၅ မွာ ျမန္မာျပည္မွာ လုပ္ငန္းစပါတယ္။ ေက်ာက္ျဖဴမွာ (၅၀) မဂၢါဝပ္ရိွတဲ့ စက္ (၂) လံုး၊ ျမင္းၿခံမွာ မဂၢါဝပ္ (၁၀၀) ေက်ာ္ရိွတဲ့ စက္ (၂) လံုး တည္ေဆာက္ၿပီး ျဖစ္ပါတယ္။ ေက်ာက္ျဖဴ၊ သန္လ်င္နဲ႔ သာေကတ စက္ရံုစီမံကိန္းေတြမွာ VPower Holding ဟာ၊ Technical Import & Export Corp. နဲ႔ ပူးတြဲလုပ္ကိုင္ၿပီး ကၽြန္းေခ်ာင္းစက္ရံုကိုေတာ့ တဦးတည္း တည္ေဆာက္မွာ ျဖစ္ပါတယ္။ VPower Holding ကုမၸဏီဟာ အင္ဒိုေနရွား၊ ဘဂၤလားေဒ့ရ္ွနဲ႔ သီရိလကၤာမွာလည္း လုပ္ငန္းရိွပါတယ္။

စီမံကိန္း (၃) ခုမွာ ပါဝင္ေနတဲ့ CNTIC ေခၚ သြင္းကုန္ပို႔ကုန္ေကာ္ပိုေရးရွင္းဟာ သက္တမ္း (၆၀) ေက်ာ္တဲ့ ေဘဂ်င္းအေျခစိုက္ ႏုိင္ငံပိုင္ကုမၸဏီ ျဖစ္ပါတယ္။ စစ္အစိုးရလက္ထက္ကတည္းက ျမန္မာျပည္ကို ေမာ္ေတာ္ကား၊ သေဘၤာ၊ ေလယာဥ္စတဲ့ စစ္ပစၥည္းေတြ ေရာင္းခ်လာခဲ့တဲ့ တရုတ္ကုမၸဏီ ျဖစ္ပါတယ္။ ျမင္းၿခံမွာ (၉၀) မဂၢါဝပ္ ဓါတ္ေငြ႔သံုး လွ်ပ္စစ္ဓါတ္အားေပးစက္ရံု တည္ေဆာက္ၿပီး လြန္ခဲ့တဲ့ မတ္လကစၿပီး မီးေပးေနပါၿပီ။ ရန္ကုန္ အလံုၿမိဳ ႔နယ္မွာ မဂၢါဝပ္ (၁၅၀) ဓါတ္ေငြ႔သံုး လွ်ပ္စစ္ဓါတ္အားေပးစက္ရံု တည္ေဆာက္ခြင့္ရသြားသူကေတာ့ CEEG (ေခၚ) တရုတ္စြမ္းအင္၊ အင္ဂ်င္နီယာကုမၸဏီ ျဖစ္ပါတယ္။ ကုမၸဏီ (၅) ခု တင္ဒါဝင္ေရာက္ယွဥ္ၿပိဳင္ရာမွာ ယူနစ္ေစ်းႏႈန္း အနည္းဆံုးတင္ျပတဲ့ CEEG ကို ေရြးခ်ယ္လိုက္တယ္လို႔ လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနရဲ ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္ဆိုင္ခ်င္ေတာ့ စက္တင္ဘာလမွာ ကမာၻ႔ဘဏ္အုပ္စုက CEEG ကုမၸဏီကို နာမည္ပ်က္စာရင္းသြင္းၿပီး ဒဏ္ခတ္အေရးယူလိုက္ပါတယ္။ ကမာၻ႔ဘဏ္ရဲ ႔ ေငြေၾကးပါဝင္တဲ့ စီမံကိန္းေတြမွာ ပါဝင္ခြင့္မျပဳေၾကာင္း CEEG ကုမၸဏီကို လေပါင္း (၂၀) ပိတ္ပင္တားျမစ္ထားၿပီး ဒဏ္ခတ္အေရးယူပါတယ္။ အာဖရိကတိုက္ ဇမ္ဘီယာႏိုင္ငံ လူစာကာၿမိဳ ႔က လွ်ပ္စစ္ဓါတ္အားစီမံကိန္းမွာ CEEG ကုမၸဏီက စာရြက္စာတမ္း အတုသံုးၿပီး လိမ္လည္လွည့္ျဖားတာမို႔ ဒဏ္ခတ္အေရးယူခံရတာ ျဖစ္ပါတယ္။ ဒါေပမဲ့ CEEG ကုမၸဏီဟာ မြန္ျပည္နယ္ သထံုၿမိဳ ႔က မဂၢါဝပ္ (၁၂၀) ဓါတ္ေငြ႔သံုး ဓါတ္အားစက္ရံုကို တည္ေဆာက္ၿပီး လြန္ခဲ့တဲ့ ဧၿပီလက ဖြင့္လွစ္ပါတယ္။ သထံုဓါတ္အားေပးစက္ရံုကို ကမာၻ႔ဘဏ္ကေခ်းတဲ့ ေဒၚလာေငြ သန္း (၁၃၀) နဲ႔ တရုတ္ကုမၸဏီက CEEG က တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

ကမာၻ႔ဘဏ္က အေရးယူထားတဲ့ ကုမၸဏီဟာ အျခားအျပည္ျပည္ဆိုင္ရာ ဘဏ္ေတြနဲ႔လည္း ပတ္သက္ခြင့္ မရိွေတာ့ပါဘူး။ ဒါေၾကာင့္ ကမာၻ႔ဘဏ္က ခ်မွတ္ထားတဲ့ အဂတိကင္းစင္ေရး လမ္းညႊန္ကို လိုက္နာက်င့္သံုးဖို႔ CEEG ကုမၸဏီက သေဘာတူထားပါတယ္။ ဒီႏွစ္ထဲမွာ လိမ္လည္လွည့္ျဖားမႈနဲ႔ ကမာၻ႔ဘဏ္က ဒဏ္ခတ္အေရးယူထားတဲ့ ကုမၸဏီ (၄၈) ခု ရိွပါတယ္။ ဒီအထဲမွာ အမ်ားစုဟာ တရုတ္ကုမၸဏီေတြ ျဖစ္တယ္လုိ႔ ဆိုပါတယ္။ တရုတ္-ျမန္မာ စီးပြားေရးစႀကၤန္ တည္ေဆာက္ေရးမွာ တရုတ္ကုမၸဏီ အမ်ာအျပား ဝင္ေရာက္လာႏုိင္ပါတယ္။ စီးပြားေရးစႀကၤန္ အေကာင္အထည္ေဖာ္ဖို႔ တရုတ္ဘက္က စီမံကိန္း (၃၀) တင္ျပထားေပမယ့္ (၉) ခုသာ ျမန္မာဘက္က သေဘာတူေၾကာင္း သိရပါတယ္။ ဒီ (၉) ခုအနက္ အထူးစီးပြားေရးဇုန္ (၃) ခုကိုသာ အတည္ျပဳထားပါတယ္။

လြန္ခဲ့တဲ့ႏွစ္အထိ ျမန္မာျပည္မွာ အမ်ားဆံုး ရင္းႏီွးျမဳပ္ႏံွသူဟာ တရုတ္ေတြ ျဖစ္ပါတယ္။ စကၤာပူမွာ အေျခစိုက္ၿပီး ျမန္မာျပည္ကို ဝင္ေရာက္တဲ့ တရုတ္ကုမၸဏီေတြေၾကာင့္ ဒီႏွစ္ထဲအမ်ားဆံုး ရင္းႏီွးျမဳပ္ႏံွသူဟာ စကၤာပူ ျဖစ္ေနပါတယ္။ ျမန္မာျပည္တျပည္လံုးရဲ ႔ ႏိုင္ငံျခားရင္းႏီွးျမဳပ္ႏံွမႈမွာ (၆၀) ရာခိုင္ႏႈန္းဟာ ရန္ကုန္တိုင္းမွာ ရိွပါတယ္။ ရန္ကုန္တိုင္းမွာ ဒီႏွစ္ထဲ ရင္းႏီွးျမဳပ္ႏံွခြင့္ေပးလိုက္တဲ့ ႏိုင္ငံျခားကုမၸဏီ တရာေက်ာ္မွာ (၁၁၃)၊ တရုတ္ကုမၸဏီ (၆၅) ခု ပါဝင္ပါတယ္။ အထည္ခ်ဳပ္လုပ္ငန္းမွာလည္း တဝက္ေက်ာ္ဟာ တရုတ္ကုမၸဏီေတြ ျဖစ္ေနတာ ေတြ႔ရပါတယ္။

ဒါတင္မကေသးပါဘူး ေဟာင္ေကာင္ကုမၸဏီ (၁၇) ခုနဲ႔ ထိုင္ဝမ္ကုမၸဏီ (၆) ခုလည္း ရင္းႏီွးခြင့္ ရသြားၾကပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္မွာ တရုတ္၊ စကၤာပူ၊ ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္တရုတ္ေတြ အမ်ားဆံုး ရင္းႏီွးျမဳပ္ႏံွၾကပါတယ္။ တရုတ္အစိုးရရဲ ႔ ပိုးခါးပတ္လမ္းေၾကာင္း စီမံကိန္းနဲ႔ တရုတ္-ျမန္မာ စီးပြားေရးစႀကၤန္ အေကာင္အထည္ေဖာ္တဲ့အခါမွာ တရုတ္ကုမၸဏီေတြ ပိုၿပီးမ်ားျပားလာဦးမွာ ျဖစ္ပါတယ္။ ၁၉၈၈ က ၂၀၁၉ အထိ အတည္ျပဳထားတဲ့ တရုတ္အရင္းအႏီွးဟာ ေဒၚလာသန္း ႏွစ္ေသာင္းဖိုး ရိွတာမို႔ ႏုိင္ငံျခားရင္းႏီွးျမဳပ္ႏံွမႈ ပမာဏာရဲ ႔ (၂၆) ရာခိုင္ႏႈန္းနီးပါး ျဖစ္ေနပါတယ္။

==Unicode==

လာမယ့်နွေရာသီမှာ လျှပ်စစ်ဓါတ်အား လိုအပ်တာကို အချိန်မီဖြည့်ဆည်းနိုင်ဖို့အတွက် ဓါတ်အားပေးစက်ရုံ စီမံကိန်း (၅) ခု တရုတ်ကုမ္ပဏီတွေကို လုပ်ခွင့်ပေးလိုက်ကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လွန်ခဲ့တဲ့ အောက်တိုဘာလက ကြေညာပါတယ်။ ကျောက်ဖြူ၊ ကျွန်းချောင်း၊ အလုံ၊ သာကေတနဲ့ သန်လျင်မှာ တည်ဆောက်ပါလိမ့်မယ်။ ဒီလုပ်ငန်းအတွက် ကုမ္ပဏီ (၁၈) ခု တင်ဒါမှာ ယှဉ်ပြိုင်တဲ့အနက် (၅) ခုကို ရွေးချယ်လိုက်ပါတယ်။ ဟောင်ကောင်အခြေစိုက် Vpower Holding ဦးပိုင်ကုမ္ပဏီက စီမံကိန်း (၄) ခုမှာ ပါဝင်ပြီး China National Technical Import and Export Corp. (CNTIEC) က သုံးခုမှာ ပါဝင်နေပါတယ်။

VPower Holding ဦးပိုင်ကုမ္ပဏီဟာ လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းမှာ အနှစ် (၂၀) ကျော် အတွေ့အကြုံရှိတဲ့ ကုမ္ပဏီဖြစ်ပြီး ၂၀၁၅ မှာ မြန်မာပြည်မှာ လုပ်ငန်းစပါတယ်။ ကျောက်ဖြူမှာ (၅၀) မဂ္ဂါဝပ်ရှိတဲ့ စက် (၂) လုံး၊ မြင်းခြံမှာ မဂ္ဂါဝပ် (၁၀၀) ကျော်ရှိတဲ့ စက် (၂) လုံး တည်ဆောက်ပြီး ဖြစ်ပါတယ်။ ကျောက်ဖြူ၊ သန်လျင်နဲ့ သာကေတ စက်ရုံစီမံကိန်းတွေမှာ VPower Holding ဟာ၊ Technical Import & Export Corp. နဲ့ ပူးတွဲလုပ်ကိုင်ပြီး ကျွန်းချောင်းစက်ရုံကိုတော့ တဦးတည်း တည်ဆောက်မှာ ဖြစ်ပါတယ်။ VPower Holding ကုမ္ပဏီဟာ အင်ဒိုနေရှား၊ ဘင်္ဂလားဒေ့ရ်ှနဲ့ သီရိလင်္ကာမှာလည်း လုပ်ငန်းရှိပါတယ်။

စီမံကိန်း (၃) ခုမှာ ပါဝင်နေတဲ့ CNTIC ခေါ် သွင်းကုန်ပို့ကုန်ကော်ပိုရေးရှင်းဟာ သက်တမ်း (၆၀) ကျော်တဲ့ ဘေဂျင်းအခြေစိုက် နိုင်ငံပိုင်ကုမ္ပဏီ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်ကတည်းက မြန်မာပြည်ကို မော်တော်ကား၊ သင်္ဘော၊ လေယာဉ်စတဲ့ စစ်ပစ္စည်းတွေ ရောင်းချလာခဲ့တဲ့ တရုတ်ကုမ္ပဏီ ဖြစ်ပါတယ်။ မြင်းခြံမှာ (၉၀) မဂ္ဂါဝပ် ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ပြီး လွန်ခဲ့တဲ့ မတ်လကစပြီး မီးပေးနေပါပြီ။ ရန်ကုန် အလုံမြို့နယ်မှာ မဂ္ဂါဝပ် (၁၅၀) ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ခွင့်ရသွားသူကတော့ CEEG (ခေါ်) တရုတ်စွမ်းအင်၊ အင်ဂျင်နီယာကုမ္ပဏီ ဖြစ်ပါတယ်။ ကုမ္ပဏီ (၅) ခု တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရာမှာ ယူနစ်ဈေးနှုန်း အနည်းဆုံးတင်ပြတဲ့ CEEG ကို ရွေးချယ်လိုက်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ဆိုင်ချင်တော့ စက်တင်ဘာလမှာ ကမ္ဘာ့ဘဏ်အုပ်စုက CEEG ကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းပြီး ဒဏ်ခတ်အရေးယူလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ငွေကြေးပါဝင်တဲ့ စီမံကိန်းတွေမှာ ပါဝင်ခွင့်မပြုကြောင်း CEEG ကုမ္ပဏီကို လပေါင်း (၂၀) ပိတ်ပင်တားမြစ်ထားပြီး ဒဏ်ခတ်အရေးယူပါတယ်။ အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံ လူစာကာမြို့က လျှပ်စစ်ဓါတ်အားစီမံကိန်းမှာ CEEG ကုမ္ပဏီက စာရွက်စာတမ်း အတုသုံးပြီး လိမ်လည်လှည့်ဖြားတာမို့ ဒဏ်ခတ်အရေးယူခံရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ CEEG ကုမ္ပဏီဟာ မွန်ပြည်နယ် သထုံမြို့က မဂ္ဂါဝပ် (၁၂၀) ဓါတ်ငွေ့သုံး ဓါတ်အားစက်ရုံကို တည်ဆောက်ပြီး လွန်ခဲ့တဲ့ ဧပြီလက ဖွင့်လှစ်ပါတယ်။ သထုံဓါတ်အားပေးစက်ရုံကို ကမ္ဘာ့ဘဏ်ကချေးတဲ့ ဒေါ်လာငွေ သန်း (၁၃၀) နဲ့ တရုတ်ကုမ္ပဏီက CEEG က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်က အရေးယူထားတဲ့ ကုမ္ပဏီဟာ အခြားအပြည်ပြည်ဆိုင်ရာ ဘဏ်တွေနဲ့လည်း ပတ်သက်ခွင့် မရှိတော့ပါဘူး။ ဒါကြောင့် ကမ္ဘာ့ဘဏ်က ချမှတ်ထားတဲ့ အဂတိကင်းစင်ရေး လမ်းညွှန်ကို လိုက်နာကျင့်သုံးဖို့ CEEG ကုမ္ပဏီက သဘောတူထားပါတယ်။ ဒီနှစ်ထဲမှာ လိမ်လည်လှည့်ဖြားမှုနဲ့ ကမ္ဘာ့ဘဏ်က ဒဏ်ခတ်အရေးယူထားတဲ့ ကုမ္ပဏီ (၄၈) ခု ရှိပါတယ်။ ဒီအထဲမှာ အများစုဟာ တရုတ်ကုမ္ပဏီတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်ရေးမှာ တရုတ်ကုမ္ပဏီ အမျာအပြား ဝင်ရောက်လာနိုင်ပါတယ်။ စီးပွားရေးစင်္ကြန် အကောင်အထည်ဖော်ဖို့ တရုတ်ဘက်က စီမံကိန်း (၃၀) တင်ပြထားပေမယ့် (၉) ခုသာ မြန်မာဘက်က သဘောတူကြောင်း သိရပါတယ်။ ဒီ (၉) ခုအနက် အထူးစီးပွားရေးဇုန် (၃) ခုကိုသာ အတည်ပြုထားပါတယ်။

လွန်ခဲ့တဲ့နှစ်အထိ မြန်မာပြည်မှာ အများဆုံး ရင်းနှီးမြုပ်နံှသူဟာ တရုတ်တွေ ဖြစ်ပါတယ်။ စင်္ကာပူမှာ အခြေစိုက်ပြီး မြန်မာပြည်ကို ဝင်ရောက်တဲ့ တရုတ်ကုမ္ပဏီတွေကြောင့် ဒီနှစ်ထဲအများဆုံး ရင်းနှီးမြုပ်နံှသူဟာ စင်္ကာပူ ဖြစ်နေပါတယ်။ မြန်မာပြည်တပြည်လုံးရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုမှာ (၆၀) ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းမှာ ရှိပါတယ်။ ရန်ကုန်တိုင်းမှာ ဒီနှစ်ထဲ ရင်းနှီးမြုပ်နံှခွင့်ပေးလိုက်တဲ့ နိုင်ငံခြားကုမ္ပဏီ တရာကျော်မှာ (၁၁၃)၊ တရုတ်ကုမ္ပဏီ (၆၅) ခု ပါဝင်ပါတယ်။ အထည်ချုပ်လုပ်ငန်းမှာလည်း တဝက်ကျော်ဟာ တရုတ်ကုမ္ပဏီတွေ ဖြစ်နေတာ တွေ့ရပါတယ်။

ဒါတင်မကသေးပါဘူး ဟောင်ကောင်ကုမ္ပဏီ (၁၇) ခုနဲ့ ထိုင်ဝမ်ကုမ္ပဏီ (၆) ခုလည်း ရင်းနှီးခွင့် ရသွားကြပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ တရုတ်၊ စင်္ကာပူ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တရုတ်တွေ အများဆုံး ရင်းနှီးမြုပ်နံှကြပါတယ်။ တရုတ်အစိုးရရဲ့ ပိုးခါးပတ်လမ်းကြောင်း စီမံကိန်းနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် အကောင်အထည်ဖော်တဲ့အခါမှာ တရုတ်ကုမ္ပဏီတွေ ပိုပြီးများပြားလာဦးမှာ ဖြစ်ပါတယ်။ ၁၉၈၈ က ၂၀၁၉ အထိ အတည်ပြုထားတဲ့ တရုတ်အရင်းအနှီးဟာ ဒေါ်လာသန်း နှစ်သောင်းဖိုး ရှိတာမို့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ပမာဏာရဲ့ (၂၆) ရာခိုင်နှုန်းနီးပါး ဖြစ်နေပါတယ်။

XS
SM
MD
LG