သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးနဲ့ ရှမ်းပြည်နယ်


မူးယစ်ဆေးနဲ့ ရှမ်းပြည်နယ်
please wait

No media source currently available

0:00 0:05:17 0:00
တိုက်ရိုက် လင့်ခ်

လွန်ခဲ့တဲ့နှစ် ဇန်နဝါရီလက ကွတ်ခိုင်မြို့နယ်က လူမရှိတဲ့ အိမ်တလုံးမှာ ရာဘဆေးပြား သန်း (၃၀)၊ Crystal Meths ကီလို (၁၈၀၀) နဲ့ ဘိန်းဖြူကီလို (၂၀၀) ကို ဖမ်းဆီးမိကြောင်း အစိုးရက ကြေညာပါတယ်။ ပေါက်ဈေးနဲ့ဆိုရင် ဒေါ်လာသန်း (၅၀) ကျော် တန်းဖိုးရှိပါတယ်။ အဲဒီနေရာတဝိုက်မှာပဲ မူးယစ်ဆေးထုတ်လုပ်နေတဲ့ ပစ္စည်းကိရိယာ ဒေါ်လာ (၇) သန်းဖိုး ဖမ်းဆီးရမိပါတယ်။ နေရာဟာ လားရှိုးနဲ့နီးပြီး မူဆယ်နဲ့ သိပ်မဝေးပါဘူး။ အစိုးရတပ်နဲ့ မဟာမိတ်လုပ်ထားတဲ့ ပြည်သူ့စစ်တပ်တဖွဲ့က ချုပ်ကိုင်ထားတဲ့ဒေသ ဖြစ်ပါတယ်။ ဖမ်းဆီးမိချိန်မှာ မူးယစ်ဆေးထုတ်လုပ်သူတွေ မရှိတာကိုကြည့်ရင် ကြိုတင်သတင်းရထားလို့ ရှောင်နေတာ ထင်ရှားပါတယ်။ ဒီလို ဖြစ်ရိုးဖြစ်စဉ်မျိုးကို ရှမ်းပြည်နယ်မှာ မကြာခဏ တွေ့နိုင်ပါတယ်။

ရာဘစိတ်ကြွဆေးပြား၊ Crystal Meths ဆေးလုံးနဲ့ ဘိန်းဖြူ ထုတ်လုပ်ကြတဲ့ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းဟာ ရှမ်းပြည်နယ်မှာ ဝင်ငွေအကောင်းဆုံးဖြစ်ကြောင်း လွန်ခဲ့တဲ့ ဇန်နဝါရီလထုတ် International Crisis Group (ICG) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဆင့်မြင့်မူးယစ်ဆေး ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းကို တရုတ်ပြည်က တင်သွင်းပါတယ်။ နိုင်ငံခြားဈေးကွက်အတွက် အဆင့်မီအောင် ထုတ်လုပ်ဖို့ ကျွမ်းကျင်သူ အတတ်ပညာသည်တွေကို ထိုင်ဝမ်က ခေါ်ယူတယ်လို့ ဆိုပါတယ်။

စစ်အစိုးရလက်ထက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ကို နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့မှာ အစိုးရတပ်ကအရာရှိနဲ့ စစ်သည်အချို့ပါဝင်ပြီး အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်ဆိုပေမယ့် အစိုးရတပ်ရဲ့ ထောက်ပံ့မှုကို အနည်းအကျဉ်းသာ ရကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ နယ်ခြားစောင့်တပ်ရဲ့ လှုပ်ရှားမှုများမှာ အစိုးရတပ်က စစ်သည်တွေ မပါကြပါဘူး။ ဒါကြောင့် နယ်ခြားစောင့်တပ်တွေဟာ ပြည်သူ့စစ်တပ်ဖွဲ့လို သီးခြားလှုပ်ရှားနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းက နယ်ခြားစောင့်တပ်တွေဟာ မူးယစ်ဆေးလုပ်ငန်းမှာ ရောထွေးယှက်တင် ဖြစ်နေပါတယ်။ မန္တလေး၊ လားရှိုး၊ မူဆယ်လမ်း (သို့မဟုတ်) တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်လား ကားလမ်းနဲ့ မနီးမဝေးမှာ နယ်ခြားစောင့် (သို့မဟုတ်) ပြည်သူ့စစ်တွေ စခန်းချထားကြပါတယ်။

မူးယစ်ဆေးအများအပြား ထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကို ယူနန်ပြည်နယ်က တင်သွင်းပါတယ်။ ယူနန်ပြည်နယ်မှာ ဓါတုပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူနိုင်ပြီး နယ်စပ်ကတဆင့် တင်သွင်းကာ ရှမ်းပြည်နယ်က ပြည်သူ့စစ်နယ်မြေမှာ မူးယစ်ဆေး ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ မူးယစ်ဆေးထုတ်လုပ်တဲ့ ဓါတုကုန်ကြမ်းပစ္စည်းတွေကို နယ်စပ်မှာ ဖမ်းဆီးရမိတာမျိုး မကြားရတဲ့အတွက် အလွယ်တကူ တင်သွင်းနေတာ သိသာထင်ရှားပါတယ်။ အိန္ဒိယဘက်ကလည်း တင်သွင်းနိုင်ပေမယ့် သယ်ယူပို့ဆောင်ရေး ခက်ခဲတာကြောင့် ယူနန်ကိုသာ အားကိုးကြပါတယ်။ အစိုးရတပ်နဲ့ ဆက်ထားတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဟာ ထင်သလို လုပ်နိုင်တဲ့ အခြေအနေမှာရှိပြီး အစိုးရတပ်က သူနဲ့မဆိုင်ဘူးလို့ ငြင်းဆိုနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ မူဆယ်ကို ကျော်တာနဲ့ သွားချင်ရာ သွားနိုင်ပါတယ်။

ရာဘ (သို့မဟုတ်) စိတ်ကြွဆေးကို ပြည်တွင်းစားသုံးဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ဖို့ ထုတ်လုပ်ပါတယ်။ Crystal Meths ကိုတော့ နိုင်ငံခြားအတွက်သာ ရည်ရွယ်ပြီး ဂျပန်နဲ့ သြစတေးလျ ဈေးကွက်ကို တင်ပို့ပါတယ်။ ဖမ်းဆီးရမိတဲ့ ပမာဏဟာ ထုတ်လုပ်မှုရဲ့ (၁၀) ရာခိုင်နှုန်းတောင် မရှိဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဘိန်းဖြူလုပ်ငန်းမှာ ဘိန်းစိုက်ပျိုးသူနဲ့ ကြားပွဲစား ရှိဖို့လိုအပ်တာကြောင့် လူအတော်များများ ပါဝင်ကြပါတယ်။ Crystal Meths နဲ့ ရာဘဆေးပြားကတော့ လူနည်းနည်းသုံးပြီး များများထုတ်နိုင်တာကြောင့် ငွေရင်းစိုက်သူတွေအတွက် ပိုပြီးတွက်ချေကိုက်ပါတယ်။ ဒါပေမဲ့ Crystal Meths တတန်ထုတ်ရင် ဓါတုအညစ်အကြေး ငါးတန်လောက် စွန့်ပစ်ရတာမို့ သဘာဝပတ်ဝန်းကျင်ကို အဆိပ်သင့်စေပါတယ်။ မူးယစ်ဆေးလုပ်ငန်းက ပုံမှန်စီးပွားရေးထက် ကြီးမားနေတာဟာ အလွန်အန္တရာယ်ကြီးပါတယ်။

တရုတ်အားကိုးတဲ့ ဗကပကွန်မြူနစ်တွေ ၁၉၈၉ မှာ အရေးနိမ့်သွားချိန်ကစပြီး ရှမ်းပြည်နယ်ရဲ့ စီးပွားရေးဟာ ယူနန်ပြည်နယ်နဲ့ အဆက်အသွယ် များလာပါတယ်။ ဖရဲသီး၊ ငှက်ပျောသီး၊ ရာဘာ စတာတွေမှာ စိုက်ခင်းကြီးတွေလုပ်ပြီး အကြီးအကျယ် ရင်းနှီးမြုပ်နံှပါတယ်။ တရုတ်ကုန်ပစ္စည်းမျိုးစုံကိုလည်း တင်သွင်းပါတယ်။ ဒီအထဲမှာ မူးယစ်ဆေးလည်း ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ မေလက မလေးရှားမှာ မြန်မာပြည်ကလာတဲ့ Crystal Meths ဆေးပြားတတန်ကျော် ဖမ်းဆီးရမိတာကိုကြည့်ရင် ရှမ်းပြည်နယ်က မူးယစ်ဆေးလုပ်ငန်း ဘယ်လောက်ခရီးရောက်နေတယ်ဆိုတာကို သိနိုင်ပါတယ်။

ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ကြီးစိုးနေတဲ့ နေရာဒေသတွေမှာ မူးယစ်ဆေးကို စိတ်ချလက်ချ ထုတ်လုပ်နိုင်တာကြောင့် ရှမ်းပြည်နယ်ဟာ Crystal Meths အများဆုံး ထုတ်လုပ်ရာဌာနတခု ဖြစ်လာပါတယ်။ မူးယစ်ဆေးကရတဲ့ငွေဟာ ပုံမှန်စီးပွားရေးကဏ္ဍထက် အဆပေါင်းများစွာ ကြီးမားနေတာကြောင့် ရှမ်းပြည်ရဲ့ စီးပွားရေးဟာ မူးယစ်ဆေးလုပ်ငန်းကို ဗဟိုပြုသလို ဖြစ်နေပါတယ်။ ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းပြီး ပုံမှန်စီးပွားရေးလုပ်ဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့် မူးယစ်ဆေးစားသုံးသူကို အရေးယူမယ့်အစား ထုတ်လုပ်သူကို အရေးယူဖို့ ICG အဖွဲ့က အကြံပေးထားပါတယ်။

XS
SM
MD
LG