ဒီနှစ်မကုန်မီ တပြည်လုံးမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓါတ်အားရဲ့ (၅၀) ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ မကြာမီက ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်၊ ဘီးလင်းကျေးရွာမှာ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံဖွင့်ပွဲမှာ ပြောသွားတာပါ။ အစိုးရရဲ့ စွမ်းအင်စီမံချက်တွေမှာ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်စက်ရုံက အများစု ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ကို ခြောက်သွေ့ရာသီမှာ အားမကိုးနိုင်ပါဘူး။ ဒီနှစ်ထဲမှာ ရေအားလျှပ်စစ်စက်ရုံ (၆) ခုဟာ ထုတ်လုပ်နိုင်တဲ့ အခြေအနေ မရှိတော့တာကြောင့် လျှပ်စစ်နဲ့စွမ်းအင် ဒုဝန်ကြီးက လွှတ်တော်မှာ မေလ က ပြောသွားခဲ့ပါတယ်။
ဇွန်လမှာကျင်းပတဲ့ မကွေးတိုင်း မင်းဘူးနေရောင်ခြည်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ ပထမအဆင့် ဖွင့်ပွဲမှာတော့ လာမယ့် (၂၀၂၁) ခုနှစ်မှာ တိုင်းပြည်မှာ လိုအပ်တဲ့ဓါတ်အားရဲ့ (၅၅) ရာခိုင်နှုန်း ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်စုက ပြောပါတယ်။ မင်းဘူးစက်ရုံ ပထမအဆင့်ဟာ မီဂါဝပ် (၄၀) ပဲ ရှိပါတယ်။ နောက်ထပ်အဆင့် (၃) ဆင့် တိုးချဲ့တဲ့အခါမှာ မီဂါဝပ် (၁၇၀) အထိ ထုတ်လုပ်နိုင်မှာမို့ မိသားစုနှစ်သိန်းကျော် လျှပ်စစ်မီး သုံးနိုင်ပါလိမ့်မယ်။ မင်းဘူးဆိုလာစက်ရုံကို အစိုးရရဲ့ Green Earth Power မြန်မာကုမ္ပဏီတို့က ပူးတွဲတည်ဆောက်တာ ဖြစ်ပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ အစိုးရပုဂ္ဂလိက ဖက်စပ်စနစ် (သို့မဟုတ်) Public-Private-Partnership - ပီသုံးလုံးစနစ်ကိုသုံးပြီး လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ဖို့ အာရုံစိုက်လာကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက Website တခုတောင် သီးသန့်ဖွင့်ထားပါတယ်။ ESCAP ကုလသမဂ္ဂ စီးပွားရေး၊ လူမှုရေးကော်မရှင်ကလည်း ပီသုံးလုံးစနစ်အကြောင်း ရှင်းလင်းထားတဲ့ စာရွက်စာတမ်း ထုတ်ပြန်ထားပါတယ်။ ပီသုံးလုံးစနစ်ကို သိသာမြင်သာ ပွင့်လင်းစွာ ကျင့်သုံးဖို့ ကမ္ဘာ့ဘဏ်အုပ်စုနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကလည်း ထောက်ခံအားပေးကြပါတယ်။ အရင်အစိုးရလက်ထက်ကတော့ နီးစပ်ရာခရိုနီတွေကို လုပ်ပိုင်ခွင့်ပေးတဲ့နည်း BOT စနစ် ကျင့်သုံးပါတယ်။ ဒီနေရာမှာ ကိုးကန့်သား ဘိန်းမှောင်ခို လော်စစ်ဟန် တည်ထောင်ခဲ့တဲ့ Asia World နဲ့ ထူးကုမ္ပဏီတို့ဟာ ထင်ရှားပါတယ်။
မြန်မာ-ယူနန် ကားလမ်းနဲ့ ပုသိမ်-ငွေဆောင် ကားလမ်းတို့ကို Asia World က ဆောက်လုပ်ပြီး လမ်းခွန် ကောက်ယူခဲ့ပါတယ်။ အလုံဆိပ်ကမ်းကို ချုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီဖြစ်ပြီး အခြားစီးပွားရေးလုပ်ငန်း အများအပြားလည်း လုပ်ကိုင်နေပါတယ်။ နေပြည်တော် တည်ဆောက်ရာမှာလည်း အဓိကပါဝင်ခွင့်ရခဲ့တဲ့ အခွင့်ထူးခံ ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။ စစ်အစိုးရခေတ်မှာ အချက်အချာကျတဲ့လမ်းတွေကို BOT စနစ်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက တည်ဆောက်ပါတယ်။ အဆင့်အတန်းရှိတဲ့လမ်းကို တည်ဆောက်ပြီး သင့်တော်နဲ့ လမ်းခွန်ကောက်ယူဖို့ အစိုးရနဲ့ သဘောတူညီကြပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ လုပ်ထားတဲ့ စာချုပ်နဲ့အညီ ဆောင်ရွက်တဲ့ကုမ္ပဏီက အနည်းအကျဉ်းသာရှိပြီး ငွေရဖို့သာ အဓိကထားကြတယ်လို့ ကော့မှူးမဲဆန္ဒနယ်အမတ် ဦးကျော်ဆွေဝင်း ပြောတာကို ၂၀၁၈ ဇူလိုင် (၃၁) ရက်နေ့ထုတ် မြန်မာ့အလင်းမှာ ဖော်ပြထားပါတယ်။
လမ်းပေါ်မှာ နေ့စဉ်သွားလာနေတဲ့ မော်တော်ကားအရေအတွက်ကိုလိုက်ပြီး ကားလမ်းကို ဆောက်ရပါတယ်။ တနေ့ကားအစီး (၂၀၀၀) ကျော်သွားတဲ့လမ်းဟာ (၄၈) ပေ ကျယ်ရမှာ ဖြစ်ပေမယ့် ကားသွားတာ များလာရင် လမ်းကိုပြင်ဆင်တိုးချဲ့ဖို့ လိုပါတယ်။ ရန်ကုန်-ပုသိမ်လမ်းမှာ နေ့စဉ်ကား (၆၀၀၀) ကျော် သွားလာနေပေမယ့် လမ်းဟောင်းကိုသာသုံးပြီး လမ်းခွန်ကောက်ယူနေတာကို ထောက်ပြသွားပါတယ်။ လက်ရှိအစိုးရလက်ထက်မှာတော့ တပြည်လုံး လျှပ်စစ်မီးရနိုင်ဖို့ အစိုးရပုဂ္ဂလိကဖက်စပ်စနစ်ကိုသုံးဖို့ ပြောဆိုလာကြပါတယ်။ ဗဟိုအစိုးရ ချမှတ်တဲ့ စီမံကိန်းအစား တိုင်းနဲ့ပြည်နယ်အစိုးရရဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ဖက်စပ်လုပ်ကိုင်ပြီး စွမ်းအင်ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်အပြင် ဆိုလာစွမ်းအင်နဲ့ Wind Power လျှပ်စစ်ကို အစိုးရပုဂ္ဂလိက ဖက်စပ်ထုတ်လုပ်ဖို့ ရှိပါတယ်။
မြန်မာ့ရဲ့လျှပ်စစ်စွမ်းအင်မှာ သဘာဝဓါတ်ငွေ့ (၂၈) ရာခိုင်နှုန်း၊ ရေအားလျှပ်စစ် (၆၆) ရာခိုင်နှုန်း၊ ကျောက်မီးသွေး (၃) ရာခိုင်နှုန်း၊ ဒီဇယ် (၂) ရာခိုင်နှုန်းနဲ့ အခြားစွမ်းအင်က (၁) ရာခိုင်နှုန်း ပါဝင်ပါတယ်။ လေအားလျှပ်စစ်ထုတ်လုပ်မယ့် အလားအလာကို ဂျပန်က အရင်ဆုံး ၁၉၉၇ က ခန့်မှန်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကို လေအားလျှပ်စစ်ထုတ်ယူဖို့ အကောင်းဆုံးဒေသအဖြစ် သတ်မှတ်ပြီး ဖူဂျီကုမ္ပဏီက (၄၀) ကီလိုဝပ်ရှိတဲ့ လေအားလျှပ်စစ်စက်ကို ၂၀၀၃ မှာ ချောင်းသာမှာ တည်ဆောက်ပါတယ်။ အခုတော့ Three Gorges တရုတ်ကုမ္ပဏီက (၃၀) မီဂါဝပ်ရှိတဲ့ လေအားလျှပ်စစ်ကို ချောင်းသာမှာ တည်ဆောက်ဖို့ သဘောတူထားပါတယ်။
လေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်နိုင်မယ့် နေရာ (၁၈) ခုကိုလည်း တရုတ်နဲ့ ထိုင်းကုမ္ပဏီတွေက ရွေးချယ်ထားပါတယ်။ မြန်မာကုမ္ပဏီ ဇေယျနဲ့ ဒိန်းမတ်ကုမ္ပဏီတခုကလည်း (၃၀) မီဂါဝပ်ရှိမယ့် လေအားသုံး ဓါတ်အားပေးစက်တခု မွန်ပြည်နယ်မှာ တည်ဆောက်ဖို့ သဘောတူထားပါတယ်။ ဆိုလာနေရောင်ခြည် ဓါတ်အားသုံး မီဂါဝပ် (၁၅၀) ရှိတဲ့ လျှပ်စစ်ဓါတ်အားစက်ရုံကို မြင်းခြံနဲ့ ဝမ်းတွင်းမှာ တည်ဆောက်ဖို့လည်း အစီအစဉ်ရှိကြောင်း သိရပါတယ်။