သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပြည်လုံးလျှပ်စစ်ဓါတ်အား ရရှိရေး


တိုက်ရိုက် လင့်ခ်

တနိုင်ငံလုံး လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ရေးစီမံကိန်းကို (၂၀၁၄) က ချမှတ်လိုက်ချိန်မှာ လျှပ်စစ်မီးရတဲ့ အိမ်ထောင်စုဦးရေဟာ (၃၀) ရာခိုင်နှုန်းတောင် မရှိပါဘူး။ အိမ်ထောင်စု (၁၀) သန်းကျော်မှာ (၃) သန်းကျော်သာ လျှပ်စစ်မီးသုံးနိုင်ပါတယ်။ (၂၀၁၄) အောက်တိုဘာလမှာ လျှပ်စစ်ဥပဒေ ပြဌာန်းပြီး အကြီးစား၊ အလတ်စား၊ အသေးစား လျှပ်စစ်ဓါတ်အားပေးစက်ရုံနဲ့ ဓါတ်အားလိုင်း တိုးချဲ့ဆောက်လုပ်လိုက်တော့မှ အိမ်ထောင်စု (၄၀)% နီးပါး လျှပ်စစ်ဓါတ်အား သုံးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ အိမ်ထောင်စု (၅၀)% လျှပ်စစ်ဓါတ်အား ရရှိနိုင်မယ်လို့ လက်ရှိအစိုးရက မျှော်လင့်ထားပါတယ်။

လာမယ့် (၁၀) နှစ်အတွင်း တပြည်လုံးလျှပ်စစ်ဓါတ်အား သုံးနိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။ နိုင်ငံတော်ဓါတ်အားကွန်ရက်ကဆင့် ဖြန့်ဖြူးတာရှိသလို၊ အသေးစားဓါတ်အားလိုင်း စနစ်သုံးပြီး ဒေသဆိုင်ရာကို ဖြန့်ဖြူးတာလည်း ရှိပါတယ်။ စစ်အစိုးရလက်ထက်မှာ ရေအားလျှပ်စစ်ကို ဦးစားပေးပေမယ့် နောက်ပိုင်းမှာ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေးနဲ့ နေရောင်ခြည်သုံး ဓါတ်အားပေးစနစ်တွေကို အသုံးပြုလာတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လျှပ်စစ်ဓါတ်အားပေး စက်ရုံဖွင့်ပွဲတွေ တက်ရောက်တာကိုကြည့်ရင် လျှပ်စစ်ဓါတ်အားရရှိရေးဟာ ဦးတည်ချက်တခု ဖြစ်နေတာ ထင်ရှားပါတယ်။

လျှပ်စစ်ဓါတ်အား မလုံလောက်တာကို ဖြည့်ဆည်းဖို့အတွက် တရုတ်နိုင်ငံပိုင်လုပ်ငန်းဆီက မဂ္ဂါဝပ် (၁၀၀၀) ဝယ်ယူဖို့ မြန်မာအစိုးရက စီစဉ်နေပါတယ်။ ဒီနှစ်ထဲမှာ မဂ္ဂါဝပ် (၁၆၀၀) လောက် လိုအပ်လိမ့်မယ်လို့ ခန့်မှန်းတာမို့ တရုတ်ဆီက ဓါတ်အားဝယ်ယူဖို့ စီစဉ်ရတာလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လွန်ခဲ့တဲ့ မေလက ပြောပါတယ်။ ကွမ်ကျိုးအခြေစိုက် နိုင်ငံပိုင် China Southern Power Grid က ဝယ်ယူမှာ ဖြစ်ပါတယ်။ ယူနန်ပြည်နယ် ဒုန်ဒိုင်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ မိုင်းနဲ၊ ဟိုပုန်း၊ ကယားပြည်နယ် လွိုင်ကော်နဲ့ ပဲခူးတိုင်းက ဘုရားကြီးအထိ ပေးပို့မယ်လို့ မျှော်လင့်ရပါတယ်။ လျှပ်စစ်ဓါတ်အားလိုရင် တရုတ်ဆီက ဝယ်ယူပြီး ပိုလျှံလာရင် တရုတ်ကိုရောင်းမယ့် အစီအစဉ်လို ဆိုပါတယ်။ နယ်စပ်မြို့တွေကတော့ ယူနန်ကလာတဲ့ လျှပ်စစ်ဓါတ်အားလိုင်းကို သုံးနေကြတာကြာပြီ ဖြစ်ပါတယ်။

တည်ဆောက်ရတာကြာပေမယ့် လည်ပတ်တဲ့စရိတ် သက်သာတာဟာ ရေအားလျှပ်စစ်ဖြစ်လို့ ရေကာတာစီမံကိန်းကိုတော့ အစိုးရက လက်လွှတ်မှာ မဟုတ်ပါဘူး။ ကျောက်ဆည်ခရိုင် မြစ်ငယ်မြစ်ပေါ်က ရဲရွာရေအားလျှပ်စစ်ဟာ မြန်မာပြည်မှာ အကြီးဆုံးဖြစ်ပြီး မဂ္ဂါဝပ် (၇၉၀) ထုတ်လုပ်ပါတယ်။ တရုတ်ကုမ္ပဏီနှစ်ခုနဲ့ စတင်တည်ဆောက်တာ (၇) နှစ်ကြာမှ ပြီးစီးပါတယ်။ တည်ဆောက်တဲ့ဖြစ်စဉ် အဆင့်ဆင့်မှာ ဥရောပကုမ္ပဏီတွေ ပါဝင်လာတာလည်း ရှိပါတယ်။ မဂ္ဂါဝပ် (၂၈၀) ရှိတဲ့ အထက်ရဲရွာ ရေအားလျှပ်စစ်ကို တရုတ်၊ ဂျာမန်၊ ဂျပန်နဲ့ ဆွစ်ကုမ္ပဏီတွေက တည်ဆောက်နေတာ သုံးနှစ်အတွင်း ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။ မဂ္ဂါဝပ် (၇၀၀) ကျော်ရှိတဲ့ အလယ်ရဲရွာရေအား လျှပ်စစ်ကိုလည်း နော်ဝေးကုမ္ပဏီတခုနဲ့ အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။

လျှပ်စစ်ဓါတ်အားစီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်ကြားစာအများအပြား ရရှိတဲ့အတွက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လွန်ခဲ့တဲ့ ဇူလိုင်လမှာ ဝင်ရောက်စစ်ဆေးပြီး စာရွက်စာတမ်းအများအပြား သိမ်းယူသွားကြောင်း ဇူလိုင်လ (၂၂) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဟာ အဂတိလိုက်စားတဲ့နေရာမှာ အစဉ်အလာကြီးမားတယ်လို့လည်း ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်မှာ ကွမ်းလုံရေကာတာ၊ တန့်ယန်းမြို့နယ်က နောင်ဖာရေကာတာ၊ မိုင်းမောမြို့နယ်က မန်တောင်ရေကာတာ၊ ရှမ်းပြည်နယ်တောင်ပိုင်းက မိုင်းတုံ (ခေါ်) တာဆန်းရေကာတာ၊ ကယားပြည်နယ် ဘော်လခဲမြို့နယ်က ရွာသစ်ရေကာတာနဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ဟတ်ကြီးရေကာတာတို့ကို ကန့်ကွက်နေကြပါတယ်။

သံလွင်မြစ်တလျှောက် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မယ့် အစိုးရအစီအစဉ်ကို ဒေသခံတွေက ကန့်ကွက်နေတာ ကြာပါပြီ။ HydroChina Corporation, Three Gorges Corporation, China Henry Group နဲ့ ထိုင်းနိုင်ငံက EGAT International နဲ့ မြန်မာနိုင်ငံက Asia World နဲ့ ရွှေတောင်ကုမ္ပဏီတို့ ပါဝင်မယ်လို့ သိရှိရပါတယ်။ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် (၁၅၀၀) ကျော် ထုတ်လုပ်မယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာပြည်မှာ ရေအားလျှပ်စစ်စက်ရုံ အကြီးအသေးပေါင်း (၂၉) ခုရှိပြီး (၆) ခုက တည်ဆောက်ဆဲ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ချိန်ဟာ (၄) နှစ်ကနေ (၁၀) နှစ်အထိ ကြာတတ်ပါတယ်။

ဒါကြောင့် ရေတိုလိုအပ်ချက်ကို ရေအားလျှပ်စစ်က မဖြည့်ဆည်းနိုင်ပါဘူး။ ဒီနှစ်ထဲမှာ မဂ္ဂါဝပ် (၆၀၀၀) လောက် လိုအပ်နေပေမယ့် (၃၀၀၀) လောက်သာ ထုတ်လုပ်နိုင်တာမို့ ဓါတ်ငွေ့ရည်ကို တင်သွင်းရမယ့် အခြေအနေ ရောက်လာပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာတောင် မီးအလုံအလောက် မရသေးပါဘူး။ ရန်ကုန်ဒေသကြီးမှာ ကျေးရွာပေါင်း (၂၀၀၀) ကျော်ရှိတဲ့အနက် NLD အစိုးရ တက်လာချိန်မှာ လျှပ်စစ်မီး မရသေးတဲ့ကျေးရွာ (၁၀၀၀) ကျော် ရှိပါတယ်။ ကျန်နေတဲ့ ကျေးရွာတွေကို လျှပ်စစ်မီး ပေးဖို့အတွက် ဓါတ်အားလိုင်း သွယ်တန်းလာတာ လွန်ခဲ့တဲ့ နှစ်လယ်က (၆၀) ရာခိုင်နှုန်း ပြီးစီးပါတယ်။

===Unicode===








XS
SM
MD
LG