သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဥပဒေ နဲ့ တရားမျှတမှု


သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများ ထိရောက်စွာအရေးယူရေး လွှတ်တော်မှာ ဆွေးနွေးနေကြစဉ် (မရမ်းကုန်းမဲဆန္ဒနယ် မှ ဒေါက်တာဒေါ်မေဝင်းမြင့် (ဝဲ)၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေး (လယ်)၊ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများ ထိရောက်စွာအရေးယူရေး လွှတ်တော်မှာ ဆွေးနွေးနေကြစဉ် (မရမ်းကုန်းမဲဆန္ဒနယ် မှ ဒေါက်တာဒေါ်မေဝင်းမြင့် (ဝဲ)၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေး (လယ်)၊ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
တရားဥပဒေ နဲ့ တရားမျှတမှု
please wait

No media source currently available

0:00 0:05:18 0:00
တိုက်ရိုက် လင့်ခ်

တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးဟာ NLD အစိုးရရဲ့ ဦးစားပေးလုပ်ငန်းတခု ဖြစ်တယ်လို့ လွန်ခဲ့တဲ့ မတ်လ (၇) ရက်နေ့နဲ့ (၈) ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ အငြင်းပွားမှုကို ဖြေရှင်းရာမှာ ပြည်သူအများစုဟာ ဓလေ့ထုံစံဟောင်းကိုသာ သုံးနေတာမို့ တရားစီရင်ရေးစနစ်ကို မှီခိုအားထားမှု နည်းနေတယ်လို့ ဆိုပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှု ရရှိရေးအတွက် ဆောင်ရွက်ရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရှေ့နေချုပ်ကလည်း ပြောပါတယ်။ တိုင်းနဲ့ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှု ရရှိရေးအတွက် ကော်မတီတွေဖွဲ့ပြီး ဆောင်ရွက်နေပေမယ့် ထိရောက်မှုမရှိဘဲ ဖြစ်နေပါတယ်။ ဒီကိစ္စမှာ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတာဟာ အဓိက အခက်အခဲဖြစ်တယ်လို့ ရှေ့နေချုပ်က ပြောသွားပါတယ်။ တာဝန်ရှိသူတွေမှာ လုပ်ပိုင်ခွင့်အမျိုးမျိုးရှိနေပြီး ဌာနစွဲ၊ ပုဂ္ဂိုလ်စွဲကို မကျော်လွှားနိုင်ဘူးလို့ ဆိုပါတယ်။ တရားမျှတအောင် လက်တွေ့လုပ်ဖို့ ခက်ခဲနေတဲ့သဘော ဖြစ်ပါတယ်။

British Council ရဲ့ MyJustice အဖွဲ့ကလည်း တရားမျှတမှုနဲ့ ပတ်သက်တဲ့ နိုင်ငံလုံးဆိုင်ရာစစ်တမ်းကို မတ်လက ထုတ်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့နှစ် ဇွန်လကနေ သြဂုတ်လအထိ တိုင်းနဲ့ပြည်နယ်တွေမှာ အရွယ်ရောက်သူပေါင်း (၃၅၆၅) ဦးကို ကျဘမ်းစနစ်နဲ့ ရွေးချယ်မေးမြန်းခဲ့တဲ့ ကွင်းဆင်းသုတေသန ဖြစ်ပါတယ်။ တရားဥပဒေကရော၊ ဥပဒေဆိုင်ရာအဖွဲ့အစည်းတွေကရော တရားမျှတအောင် ဆောင်ရွက်ပေးနိုင်စွမ်း မရှိဘူးလို့ ပြည်သူလူထုက ယူဆကြောင်း စစ်တမ်းမှာ ဖော်ပြပါတယ်။ ပြည်သူ့ယုံကြည်မှု နည်းပါးနေတာကို တရားစီရင်ရေးဆိုင်ရာ ဌာနတွေကလည်း သဘောပေါက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဥပဒေဆိုင်ရာ အသိပညာပေးလုပ်ငန်းနဲ့ မလုံလောက်ဘဲ ဥပဒေကို ဘယ်လိုလက်တွေ့ ကျင့်သုံးနေတယ်ဆိုတာကို ထင်သာမြင်သာရှိအောင် ဆောင်ရွက်ပြဖို့ လိုအပ်တယ်လို့ အကြံပေးထားပါတယ်။

တရားမျှတမှုရအောင် ကြိုးပမ်းရာမှာ လာဘ်မထိုးရင် ခရီးမရောက်ဘူးလို့ ပြည်သူက ယုံကြည်နေပါတယ်။ တရားမျှတမှုအတွက် တာဝန်ရှိသူဟာ ရပ်ကွက်နဲ့ အုပ်ချုပ်ရေးမှူးတွေ ဖြစ်ပေမယ့် ဒီလူတွေဟာ တရားစီရင်မှု ပြုပြင်ရေးမှာ မပါဝင်သေးဘူးလို့ မြင်ကြပါတယ်။ အငြင်းပွားမှုကို ဖြေရှင်းရာမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်မိရပ်ဖနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို အကူအညီတောင်းကြပါတယ်။ ဒီနေရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟာ အလွန်အရေးပါနေပါတယ်။ ရဲကိုတိုင်ရမယ့်အမှု ဟုတ်မဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆုံးဖြတ်နေပေမယ့် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှင်းလင်းပြတ်သားစွာ မသိရဘူးလို့ ဆိုပါတယ်။ အကြွေးပြဿနာဟာ အငြင်းပွားမှု အများဆုံးဖြစ်ပြီး၊ မွေးစာရင်းနဲ့ မှတ်ပုံတင်ပြဿနာက ဒုတိယအများဆုံး ဖြစ်ပါတယ်။ လယ်ယာမြေ မှတ်ပုံတင်ပြဿနာကတော့ ဆယ်ရာခိုင်နှုန်းသာ ရှိပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တိုင်ကြားတာမျိုး ရှိပုံမရတဲ့အတွက် အမှန်တကယ် ဖြစ်ပွားမှု နည်းပါးပုံရပါတယ်။ အကြွေးပြဿနာကို အငြင်းပွားမှုတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် ဖြေရှင်းဖို့ ကြိုးစားကြပေမယ့် ပြီးစီးတဲ့အထိ မလုပ်ကြဘဲ တိုးလိုးတန်းလန်း ဖြစ်နေတာတွေက များပါတယ်။ မြေယာနဲ့ မှတ်ပုံတင်ပြဿနာကိုသာ ဖြေရှင်းဖို့ ပိုပြီးစိတ်ဝင်စားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ တရားမျှတမှုကို ပြည်သူလူထုခံစားနိုင်ဖို့ ကြိုးစားအားထုတ်ရာမှာ တရားစီရင်ရေးဘက်ကသာကြည့်ပြီး ဖြေရှင်းလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ တရားမျှတမှုနဲ့ ဆက်စပ်နေတဲ့ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်တွေကို သိရှိသဘောပေါက်ဖို့လည်း လိုတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ တနည်းဆိုရင်တော့ နည်းလမ်းတခုတည်းနဲ့ ပြဿနာအားလုံးကို ဖြေရှင်းလို့ မရဘူးလို့ ဆိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အငြင်းပွားမှုနဲ့ အခြားအမှုအခင်းတွေကို ဖြေရှင်းရာမှာ တရားစီရင်ရေးအပြင် လူမှုဘဝ တိုးတက်မှုဆိုင်ရာ အခြားလုပ်ငန်းတွေကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးသင့်တယ်လို့ MyJustice အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အသိပညာ အလွန်နိမ့်ကျတဲ့ ကျေးလက်ပြည်သူတွေကတော့ ဥပဒေတို့၊ လူ့အခွင့်အရေးတို့ကို မသိကြတဲ့အတွက် မတရားလုပ်တာ ခံနေရတာကိုလည်း သိနိုင်ဖို့ ခက်ပါတယ်။ ဒီလိုလူတန်းစားတွေ တရားမျှတမှုကို ခံစားနိုင်အောင် ကြိုးပမ်းဖို့ လိုအပ်နေပါတယ်။

ဥပဒေဆိုင်ရာ ဗဟုသုတ ပြန့်ပွားအောင် တရားစီရင်ရေးအဖွဲ့အစည်းက ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကို ဥပဒေက ဘယ်လို အကာအကွယ်ပေးနိုင်တယ်ဆိုတာကို ပြသနိုင်ဖို့က ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။ တရားမျှတမှုဟာ ဒေသန္တရအုပ်ချုပ်ရေးရဲ့ အစိတ်အပိုင်းတခု ဖြစ်သင့်ပါတယ်။ ပြည်သူလူထုဟာ အငြင်းပွားမှုနဲ့ အမှုအခင်းတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် ဖြေရှင်းဖို့ ဆက်လက်ကြိုးပမ်းကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘက်လိုက်မှု ကင်းရှင်းပြီး ယုံကြည်ကိုးစားနိုင်တဲ့စရိတ်၊ သင့်လျှော်တဲ့ နည်းလမ်းများ ကျင့်သုံးသင့်ကြောင်း MyJustice ရဲ့ မတ်လ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG