သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ် အခြေအနေ


KNPP and PC meeting
KNPP and PC meeting

ကယားပြည်နယ် လွိုင်ကော်မြို့မှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့ ဒေသခံပြည်သူလူထုကို ဖေဖေါ်ဝါရီလက ရဲကအကြမ်းဖက်နိမ်နင်းတဲ့အတွက် ဆန္ဒပြသူ (၂၀) ကျော် ဒဏ်ရာ ရရှိတဲ့ဆိုတဲ့သတင်းကြောင့် ကယားပြည်နယ်ကို အာရုံစိုက်လာကြပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကရင်နီလူငယ် (၆) ဦးကို မေလ (၃၁) ရက်နေ့မှာ ရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဆန္ဒပြပွဲမှာ လူပေါင်း (၅၀၀၀) ကျော် ပါဝင်ပါတယ်။ ၂၀၁၂ မှာ ဦးသိန်းစိန်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ KNPP ကရင်အမျိုးသားတိုးတက်ရေးပါတီကလည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ကန့်ကွက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာတွေရဲ့ခေါင်းဆောင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဖြစ်ပေမယ့် တိုင်းရင်းသားခေါင်းဆောင် မဟုတ်ဘူးလို့ ကရင်အမျိုးသမီးအဖွဲ့က ဆိုပါတယ်။ နေရပ်မှာ မနေနိုင်အောင် တိုင်းရင်းသားတွေကို အနှစ် (၇၀) လောက် အကြမ်းဖက်ခဲ့တဲ့ စစ်တပ်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုနိုင်ဘူးလို့ ကရင်အမျိုးသမီးအဖွဲ့က ဆိုပါတယ်။ တိုင်းရင်းသားအရေးထက် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်က ပိုအရေးကြီးတယ်လို့ From War to Peace in Kayah State ဆိုတဲ့ စာတမ်းမှာ Tom Kramer, Oliver Russell နဲ့ Martin Smith တို့က သုံးသပ်ထားပါတယ်။

ပြည်နယ် (၇) ပြည်နယ်ထဲမှာ ကယားပြည်နယ်က အသေးဆုံးဖြစ်ပြီး လူဦးရေ (၃) သိန်းကျော်လောက်သာ ရှိပါတယ်။ ကရင်၊ ကရင်နီ၊ ကယား၊ ကယန်း၊ ပအို့ စတဲ့ လူမျိုးစုတွေရဲ့ နေထိုင်တဲ့ဒေသ ဖြစ်ပါတယ်။ ကရင်အမျိုးသားခေါင်းဆောင် ‘ဦးဘီတူးရယ်’ သတ်ဖြတ်ခံရတဲ့ ၁၉၄၇ သြဂုတ်လ (၉) ရက်နေ့ဟာ ကရင်နီတော်လှန်ရေးနေ့ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်မှုကြောင့် ကရင်နီပြည်နယ်ကို ၁၉၅၁ မှာ ကယားပြည်နယ်အဖြစ် အစိုးရက အမည်ပြောင်းခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ ကရင်နဲ့ ကွဲပြားသွားအောင် ကရင်နီကို ကယား လုပ်ပြစ်တာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ အစဉ်အလာရှိတဲ့ ကရင်နီကို ကယားလို့ပြောင်းလိုက်ရင် အစဉ်အလာလည်း မှေးမှိန်းသွားလိမ့်မယ်လို့ တွက်ထားပုံရပါတယ်။ ကယားဟာ လူများစု ဖြစ်ပေမယ့် ကရင်နီပြည်နယ်လို့သာ အသိအမှတ်ပြုကြတာ များပါတယ်။

ကရင်နီဒေသကို အရင်ဆုံး ဒုက္ခပေးတာကတော့ လောပိတရေအားလျှပ်စစ်စက်ရုံပါ။ ဘီးလူးချောင်းကို ဆည်ပိတ်ပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူတာမို့ ဘီးလူးချောင်းလျှပ်စစ်စက်ရုံလို့လည်း ခေါ်ပါတယ်။ ပေါ်ထွက်လာတဲ့ ရေလှောင်ကန်ကို မိုးဗြဲဆည်လို့ ခေါ်ပါတယ်။ ရှမ်းနဲ့ကယားပြည်နယ်ကြားမှာ တည်ရှိပြီး အနံ (၃) မိုင်၊ အလျား (၃၇) မိုင်ရှိတဲ့ ဆည်ကြီးဖြစ်ပါတယ်။ ကရင်နီကျေးရွာ တစ်ရာကျော် ရွှေ့ပြောင်းပေးရပေမယ့် လိုအပ်တဲ့ ပံ့ပိုးမှုနဲ့ လျှော်ကြေး မရရှိပါဘူး။ လောပိတရေအားလျှပ်စစ်ဟာ ဒေသခံတွေကို ကောင်းကျိုးမပေးပါဘူး။ မိုးခေါင်လို့ ရေအားလျှပ်စစ်စက်ရုံ ပုံမှန်လည်ပတ်ဖို့ အခက်အခဲ ဖြစ်လာတာနဲ့ စက်ရုံအထက်ပိုင်းမှာ ချောင်းရေသုံးခွင့်ကို အမိန့်ထုတ်ပြီး ကန့်သတ်လိုက်ပါတယ်။ မဆလအစိုးရအဖို့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးဟာ ဒေသခံလယ်သမားတွေရဲ့ လိုအပ်ချက်ထက်ပိုပြီး အရေးကြီးတယ်လို့ ဆိုပါတယ်။

ပထမဦးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ခွဲထွက်သွားတဲ့ ကယားလက်နက်ကိုင်တပ်ဖွဲ့ (၅) ဖွဲ့လောက် ရှိပါတယ်။ စစ်အစိုးရဟာ ဒီတပ်ဖွဲ့လေးတွေနဲ့ အပစ်ရပ်ပြီး ‘ကယားပြည်နယ် အထူးဒေသ’ (၃) ခု သတ်မှတ်ပေးခဲ့ပါတယ်။ ဒီအဖွဲ့တွေကို အမျိုးသားညီလာခံ တက်ရောက်ခွင့်ပြုပြီး ကြံ့ဖွတ်ပါတီဟာ ကယားပြည်နယ်မှာ အကြီးအကျယ် စည်းရုံးရေးဆင်းခဲ့ပါတယ်။ ကယားပြည်နယ်ဟာ စစ်တပ်နဲ့ ကြံ့ဖွတ် လွှမ်းမိုးတဲ့ နယ်မြေဖြစ်လာပါတယ်။ နောက်တော့ ဒီအဖွဲ့တွေကို နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်အဖြစ် စစ်အစိုးရက အသွင်ပြောင်းလိုက်ပါတယ်။ ကယားအပစ်ရပ်အဖွဲ့တွေဟာ စီးပွားရေးကို အဓိကလုပ်ကိုင်ကြတာမို့ ပြည်သူလူထု ယုံကြည်မှုကို မရရှိကြပါဘူး။ တကယ်တော့ အပစ်ရပ်စဲပြီး စီးပွားရှာကြတဲ့သဘောပဲ ဖြစ်ပါတယ်။

၂၀၁၂ မှာ အစိုးရနဲ့ KNPP အပစ်ရပ် သဘောတူညီမှု ရယူပြီးတဲ့နောက်ပိုင်း ကယားပြည်နယ် အခြေအနေဟာ အရင်လောက် မဆိုးတော့ပါဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အရင်ကလဲ အပစ်ရပ်သဘောတူညီချက် ပျယ်ပြယ်ဖူးတာကြောင့် စိတ်မအေးနိုင်ဘဲ ဖြစ်နေရပါတယ်။ ဒုက္ခသည်အများအပြား နယ်စပ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ အပစ်ရပ်ထားပေမယ့် ငြိမ်းချမ်းမှု ကင်းမဲ့နေပါတယ်။ အစိုးရတပ်ရင်း (၂၄) ရင်း နေရာချထားတဲ့အပြင် စစ်လက်အောက်ခံ ကယားပြည်နယ်လက်နက်ကိုင်တွေလည်း ရှိပါတယ်။ စစ်သင်တန်းကျောင်း ဖရူဆိုမြို့နယ်မှာ ဖွင့်လှစ်ထားတာကိုကြည့်ရင် စစ်တပ်လွှမ်းမိုးဖို့ ရည်ရွယ်တဲ့သဘော ရှိပါတယ်။

ဒီလိုအခြေအနေမှာ ပြင်ပက ရင်းနှီးမြုပ်နံှမှုတွေ ကယားပြည်နယ်ထဲ လှိမ့်ဝင်လာပါတယ်။ ဒုက္ခသည်တွေလည်း ထောင်နဲ့ချီနေဆဲ ဖြစ်ပါတယ်။ မြေယာသိမ်းပိုက်မှုတွေ များပြားလာပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်သူတွေ စီးပွားရေး လုပ်ကြပြီး ကြီးပွားချမ်းသာနေကြပါတယ်။ ဖယ်ဒရယ်နည်းနဲ့ နိုင်ငံရေးအဖြေရှာမယ်လို့ အားလုံးက ပြောနေပေမယ့် လက်တွေ့မှာ ပြောင်းလဲမှုတွေ မတွေ့ရပါဘူး။ ပြည်သူ့ဘဝကတော့ မပြောင်းမလဲ အရင်အတိုင်း ဖြစ်နေပါတယ်။ ဒါကြောင့် ကယားပြည်နယ်မှာ အပစ်ရပ်ထားတဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေသာ အကျိုးခံစားနေရပါတယ်။

XS
SM
MD
LG