သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း စစ်တမ်း


တိုက်ရိုက် လင့်ခ်

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမယ့် အခြေအနေတွေကို အစိုးရက အများဆုံးဖန်တီးပေးနိုင်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်း အသေးစားနဲ့ အလတ်စားတွေ ဖွံ့ဖြိုးလာအောင် ဗဟိုအစိုးရ၊ ပြည်နယ်နဲ့ တိုင်းအစိုးရတွေဟာ အဲဒီနေရာကနေ ပါဝင်ပါတယ်။ ဒါကြောင့် ဝန်ဆောင်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ရေးမှာ ပါဝင်နေကြတဲ့ ပုဂ္ဂလိကလုပ်ငန်း အသေးစားနဲ့ အလတ်စား (၄၈၇၄) ကို အာရှဖောင်ဒေးရှင်းအဖွဲ့က စစ်တမ်းကောက်ယူပြီး (၁၃၂) မျက်နှာစာတမ်း မကြာမီက ထုတ်ဝေပါတယ်။ Business Environment Index လို့ ခေါ်ပေမယ့် ဒီအထဲမှာ စိုက်ပျိုးရေး၊ သစ်တော၊ ငါးလုပ်ငန်းနဲ့ သတ္တုတွင်းတွေ မပါဝင်ပါဘူး။

ရှေ့နှစ်မှာ ဒုတိယကြိမ် စီးပွားရေးလုပ်ငန်း စစ်တမ်းကောက်ယူဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ရင်းနှီးမြုပ်နံှမှုကို ဆွဲဆောင်ရာမှာနဲ့ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍနဲ့ ဆွေးနွေးရာမှာ စီးပွားရေးလုပ်ငန်းစစ်တမ်းဟာ အစိုးရအတွက် အသုံးကြတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗိယက်နမ်နဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ဒီလိုစစ်တမ်းမျိုးသုံးပြီး ပြုပြင်ရေးလုပ်ကြပါတယ်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာလည်း အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ တိုင်းနဲ့ပြည်နယ်အဆင့်မှာရော မြို့နယ်အဆင့်မှာရော ကောက်ယူထားတဲ့ အချက်အလက်တွေနဲ့ ဝန်ကြီးဌာနတွေရဲ့ စာရင်းဇယားကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိကလုပ်ငန်း စလုပ်တဲ့ စရိတ်စကနဲ့ အခက်အခဲ၊ လိုအပ်တဲ့ အခြေခံအဆောက်အအုံ၊ လုပ်ငန်းဆိုင်ရာ ဥပဒေ စတာတွေမှာ အခြေအနေကောင်းမကောင်း စမ်းစစ်ထားပါတယ်။ ဒီနေရာမှာ တိုင်းနဲ့ပြည်နယ်တွေဟာ တဦးနဲ့တဦး ပိန်မသာ၊ လိမ်မသာတွေ ဖြစ်တဲ့အတွက် ထူးခြားမှုမရှိဘူးလို့ ဆိုပါတယ်။ တိုင်းနဲ့ပြည်နယ်မှာ လုပ်ပိုင်ခွင့်အပြည့်အဝ မရသေးတာကို ရောင်ပြန်ဟပ်နေပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာကိုတော့ စိုးရိမ်ပူပန်ကြတာ တွေ့ရပါတယ်။ စီးပွားရေးအမြတ်အစွန်းကို ဦးစားမပေးဘဲ သူတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ဦးစားပေးတာဟာ အံ့သြစရာပဲလို့ ဆိုပါတယ်။ အခက်အခဲအမျိုးမျိုးကြားက လုပ်ကိုင်နေရတယ်ဆိုပေမယ့် အနာဂတ်ကာလမှာ ကောင်းမွန်လာလိမ့်မယ်လို့ လုပ်ငန်းရှင်တွေက ယုံကြည်နေကြပါတယ်။

ပုဂ္ဂလိကလုပ်ငန်း (၈၅) ရာခိုင်နှုန်းမှာ လုပ်ငန်းခွင်လိုင်စင် အထောက်အထားရှိကြပြီး (၁၅) ရာခိုင်နှုန်းကတော့ လုပ်ပိုင်ခွင့် စာရွက်စာတမ်းရော၊ မှတ်ပုံတင်ရော မရှိကြဘူးလို့ ဆိုပါတယ်။ လုပ်ငန်းလိုင်စင်ရပြီး သုံးလအတွင်း လိုအပ်တဲ့ စာရွက်စာတမ်းရဖို့ အခက်အခဲ ရှိတယ်လို့ ပြောတဲ့ကုမ္ပဏီက (၁၀) ရာခိုင်နှုန်း ရှိပါတယ်။ ပုဂ္ဂလိကလုပ်ငန်း အသေးစား၊ အလတ်စားတွေအဖို့ ဆက်ကြေး (သို့မဟုတ်) လာဘ်ထိုးရတာ မထူးဆန်းပါဘူး။ ဝင်ငွေရဲ့ (၂) ရာခိုင်နှုန်း ဆက်ကြေးပေးရပါတယ်။ ဒါပေမဲ့ စီးပွားရေးမူခင်းတွေမှာ တရားရုံးတွေဟာ ဥပဒေအတိုင်း ဆုံးဖြတ်တယ်လို့ လုပ်ငန်းရှင် (၈၅) ရာခိုင်နှုန်းက ယုံကြည်ပါတယ်။ ဒီလို ယုံကြည်တာဟာ စီးပွားရေးလုပ်ငန်းအတွက် အလားအလာကောင်းတယ်လို့ ဆိုပါတယ်။ လုပ်ခွင့်လိုင်စင်ရပြီး ဆက်လုပ်ရတဲ့ ရုံးလုပ်ထုံးလုပ်နည်းဟာ နိုင်ငံတကာစံချိန်နဲ့ကြည့်ရင် သိပ်မများဘူးလို့ ဆိုပါတယ်။

အသေးစားနဲ့ အလတ်စား ပုဂ္ဂလိကလုပ်ငန်း (၈၀) ရာခိုင်နှုန်းဟာ မိသားစုပိုင်မြေပေါ်မှာ လုပ်ငန်းတည်ထောင်ကြတာမို့ နေရာရရှိရေး ပြဿနာမရှိဘူးလို့ ဆိုပါတယ်။ လုပ်ငန်းနေရာ ဝယ်ယူရတာမျိုးနဲ့ အစိုးရဆီက ငှားရတာမျိုးဟာ အလွန်နည်းပါးပါတယ်။ ဒါပေမဲ့ လုပ်ငန်းအမည် မှတ်ပုံတင်တဲ့ကိစ္စမှာ (၃) လလောက် ကြာတာမို့ နိုင်ငံတကာစံချိန်နဲ့ကြည့်ရင် အလွန်ကြညောင်းနေပါတယ်။ လမ်းမကောင်းတာနဲ့ မီးမလာတာကြောင့် စီးပွားရေးထိခိုက်တယ်လို့ လုပ်ငန်းရှင် (၅၀) ရာခိုင်နှုန်းက ပြောပါတယ်။ တယ်လီဖုန်းသုံးရတာတော့ အဆင်ပြေတယ်လို့ လုပ်ငန်းရှင် (၇၀) ရာခိုင်နှုန်းက ပြောပါတယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့ အချက်အလက်တွေကို သိရဖို့လည်း ခက်ခဲနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရအသုံးစရိတ်နဲ့ စီမံကိန်းတွေကို သိရှိသူတွေဟာ ပုဂ္ဂလိကလုပ်ငန်းရဲ့ (၄) ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။

အစိုးရပွင့်လင်းမြင်သာမှု နည်းပါးတာဟာ ရင်းနှီးမြုပ်နံှမှုကို နည်းပါးစေပါတယ်။ အစိုးရဘက်က ပွင့်လင်းမြင်သာမှုရှိမှ ကုမ္ပဏီတွေအနေနဲ့ ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ အာဏာရှိသူတွေနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တွေကို အခွင့်ထူးပေးတဲ့အကျင့် ရှိနေတုန်းပဲလို့ ယုံကြည်ကြပါတယ်။ ငွေချေးငှားရာမှာ မျက်နှာလိုက်မှုရှိသလို လုပ်ငန်းတည်ထောင်ဖို့နေရာ ရှာရာမှာလည်း အဆက်အသွယ်မှာ မူတည်နေတယ်လို့ ဆိုပါတယ်။ ရုံးလုပ်ထုံးလုပ်နည်းအတိုင်း လိုက်လုပ်ရာမှာလည်း အသိရှိရင်ရှိသလို အလုပ်ဖြစ်တယ်လို့ လုပ်ငန်းရှင် (၂၅) ရာခိုင်နှုန်းလောက်က ယူဆပါတယ်။

အရည်အချင်းရှိတဲ့လုပ်သား ရဖို့ကတော့ ခက်ခဲနေတုန်းပါ။ ကျွမ်းကျင်လုပ်သား၊ စာရင်းစစ်၊ ကြီးကြပ်ရေးမှူး၊ မန်နေဂျာ၊ စာတွေရဖို့ ခက်ခဲတယ်လို့ လုပ်ငန်းရှင် (၅၀) ရာခိုင်နှုန်းက ဆိုပါတယ်။ သာမန်အလုပ်သမားကောင်းရဖို့ ကုန်ကျတာဟာ လုပ်ငန်းစရိတ်ရဲ့ (၅) ရာခိုင်နှုန်းလောက် ရှိပါတယ်။ စီးပွားရေးအင်အားစုတွေကို အစိုးရက စီမံကွပ်ကဲရာမှာ ပုဂ္ဂလိကလုပ်ငန်းစစ်တမ်းဟာ အများကြီးအသုံးဝင်မယ်လို့ အာရှဖောင်ဒေးရှင်း က ယူဆပါတယ်။ စစ်တမ်းမှာ ဖော်ပြထားတဲ့ ပြဿနာတွေကို အစိုးရ၊ လုပ်ငန်းရှင်နဲ့ အရပ်သားအသင်းအဖွဲ့တွေ ကိုင်တွယ်နိုင်ရင် လုပ်ငန်းအခြေအနေ ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG