သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားကြွေးဆပ်နိုင်ရည် ရှိ၊မရှိ


နိုင်ငံခြားကြွေး ဆပ်နိုင်ရည် ရှိမရှိ
please wait

No media source currently available

0:00 0:05:24 0:00
တိုက်ရိုက် လင့်ခ်

လွန်ခဲ့တဲ့ စက်တင်ဘာလကုန်အထိ NLD အစိုးရ ပေးဆပ်ရမယ့် ပြည်ပကြွေးမြီဟာ အမေရိကန်ဒေါ်လာ သန်း (၉၅၀၀) ကျော်ရှိကြောင်း သိရပါတယ်။ ကြွေးမြီအများစုဟာ အရင်အစိုးရတွေ လက်ထက်က ရယူခဲ့တဲ့ ချေးငွေတွေ ဖြစ်ပါတယ်။ ဒီအထဲက တရုတ်၊ ဂျပန်နဲ့ ဂျာမဏီပါဝင်တဲ့ Paris Club ငွေချေးအဖွဲ့ဝင် နိုင်ငံတွေနဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကို ပေးဆပ်ရမှာ ဖြစ်ပါတယ်။ တရုတ်ကို ဒေါ်လာသန်း (၄၀၀၀) နီးပါး ပေးဆပ်ရမှာမို့ ပြည်ပချေးငွေ (၄၄) ရာခိုင်နှုန်းဟာ တရုတ်ကို ပြန်ဆပ်ရမယ့် ကြွေးမြီဖြစ်ပါတယ်။ NLD လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားကြွေးကို ပြန်ဆပ်နိုင်တာ တွေ့ရပါတယ်။

ပြည်ပချေးငွေ တဝက်နီးပါးဟာ တရုတ်ကို ပေးဆပ်ရမယ့် အကြွေးတွေ ဖြစ်နေပြီး တရုတ်ရဲ့  အတိုးနှုန်းကလည်း အများဆုံးဖြစ်နေတာကြောင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လွန်ခဲ့တဲ့ ဇွန်လက ဆွေးနွေးသွားပါတယ်။ အခြားကြွေးမြီကို (၁၀) နှစ်ကြာမှ ပြန်ဆပ်ရမှာ ဖြစ်ပေမယ့် တရုတ်ကိုတော့ (၅) နှစ်အတွင်း ပြန်ဆပ်ရမှာမို့ ကြွေးပူလို ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ဘဏ္ဍာနှစ် (၂၀၁၆/၁၇) မှာ ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ (၆၁၃) သန်းကို မြန်မာက ပြန်ဆပ်ပါတယ်။ ဒီအထဲမှာ တရုတ်ကို ဒေါ်လာ (၄၂၆) သန်း ပေးဆပ်ရပါတယ်။

ပြန်ဆပ်တဲ့ငွေထဲမှာ အတိုးကတင် ဒေါ်လာသန်း (၂၀၀) လောက် ဖြစ်နေပါတယ်။ ဒါပေမဲ့ ပြည်ပချေးငွေရယူပြီး အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေဟာ မျှော်လင့်သလို အောင်မြင်တာမဟုတ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်း က ဇန်နဝါရီလ (၃၁) ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောကြားသွားပါတယ်။ ချေးငွေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေဟာ ပြည်သူ့အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမှသာ ကြွေးတင်ရကျိုးနပ်မယ်လို့ ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးသွားတာကို အလွန်မှန်ကန်ကြောင်း ဒုဝန်ကြီးက ထောက်ခံပါတယ်။ အရင်ကတော့ ဝန်ကြီးဌာနတွေနဲ့ ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေးကော်မတီတွေက နိုင်ငံခြားမှ ငွေချေးလေ့ရှိပါတယ်။ ဒါပေမဲ့ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၆) ပြဌာန်းပြီးတဲ့နောက်ပိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်ရဲ့  အတည်ပြုချက်နဲ့ ပြည်ပချေးငွေကို ရယူဖို့ စီစဉ်ထားပါတယ်။

နိုင်ငံခြားအကြွေး အများဆုံးတင်နေတဲ့ဌာနဟာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး ဒေါ်လာသန်း (၃၀၀၀) ကျော် ကြွေးဆပ်စရာ ရှိပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ဒေါ်လာသန်း (၂၂၀၀) ကြွေးတင်နေလို့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနမှာ နိုင်ငံခြားက ယူထားတဲ့ချေးငွေ ဒေါ်လာသန်း (၁၅၀၀) ရှိပါတယ်။ ဖွံ့ဖြိုးရေးအကူအညီဆိုပြီး ငွေချေးခဲ့ပေမယ့် စီမံကိန်း အကောင်အထည် မပေါ်တဲ့အခါမှာ ပြဿနာ ဖြစ်လာပါတယ်။ ဒါကြောင့်မို့ စီမံကိန်း စီစစ်ရေးနဲ့ တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနက တာဝန်ယူပြီး စီမံကိန်းတွေကို စနစ်တကျ စစ်ဆေးနေတယ်လို ဆိုပါတယ်။ နိုင်ငံနဲ့ပြည်သူအတွက် အကျိုးရှိမရှိဆိုတာကို အဓိကထား စစ်ဆေးနေပါတယ်။

ပြည်ပကြွေးမြီ အလွန်များလာတာဟာ တိုင်းပြည်စီးပွားရေးကို ထိခိုက်စေတယ်လို့ ယုံကြည်ကြပါတယ်။ အကြွေးစုပြုံလာတဲ့ အခြေအနေကိုမရောက်ဘဲ ကတိပေးထားတဲ့အတိုင်း အတိုးမှန်မှန်ဆပ်နိုင်ရင် ကြွေးဆပ်နိုင်ရည် ရှိတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က သတ်မှတ်ထားပါတယ်။ ပြည်ပကြွေးမြီဟာ တိုင်းပြည်ပို့ကုန် တန်းဖိုးနဲ့တူလာပြီး တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့  (၃၀) ရာခိုင်နှုန်း ဖြစ်လာရင် ကြွေးဆပ်နိုင်ရည် ကျဆင်းလာတယ်လို့ ဆိုပါတယ်။ အာရှတိုက်မှာတော့ ပြည်ပကြွေးမြီ (၃၀) ရာခိုင်နှုန်းကျော်တာ များပါတယ်။ တောင်အမေရိကတိုက်နဲ့ အရှေ့ အလယ်ပိုင်းမှာတော့ (၄၀) ရာခိုင်နှုန်းကျော်ပါတယ်။ တရုတ်ပြည်မှာသာ ပြည်ပကြွေးမြီဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့  (၁၃) ရာခိုင်နှုန်းသာရှိတာ တွေ့ရပါတယ်။

ပြည်ပကြွေးမြီတိုးပွားတဲ့နှုန်းဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှု တိုးပွားနှုန်းထက် မြန်ဆန်စွာ တိုးလာတာကို နိုင်ငံ့အတော်များများမှာ တွေ့ရပါတယ်။ မြန်မာပြည်မှာ ကြွေးဆပ်နိုင်ရည် ရှိမရှိ သိနိုင်ဖို့အတွက် IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က Debt Sustainability Analysis မနှစ်က လုပ်ပါတယ်။ ပြည်ပကြွေးမြီဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့  (၁၆) ရာခိုင်နှုန်းရှိနေပြီး ကြွေးမြီစုစုပေါင်းကတော့ တိုင်းပြည်အသားတင်ထုတ်လုပ်မှုရဲ့  (၃၅) ရာခိုင်နှုန်း ရှိနေတဲ့အတွက် ကြွေးဒုက Debt Distress ဖြစ်နိုင်တဲ့ အခြေအနေမရှိဘူးလို့ IMF ငွေကြေးရန်ပုံငွေအဖွဲ့က သုံးသပ်ပါတယ်။

ဒါပေမဲ့ ပြည်ပကြွေးမြီဟာ ပို့ကုန်နဲ့ ငွေဖလှယ်နှုန်း ပြောင်းလဲလာတဲ့အပေါ်မှာလည်း မူတည်နေတာမို့ ပို့ကုန်ဈေးကွက်နဲ့ ငွေဖလှယ်နှုန်းကို မျက်ချေမပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။ အခြေအနေ ပြောင်းလဲလာရင် ကြွေးဒုက္ခဖြစ်တဲ့အဆင့်ကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ပို့ကုန်အမျိုးအစား များပြားလာအောင်လုပ်ဖို့ တိုက်တွန်းထားပါတယ်။ တိုင်းပြည်စီးပွားရေး မတိုးတက်ရင် ကြွေးမြီအချိုးအစား ကြီးမားလာနိုင်တာကြောင့် ကြွေးဒုက္ခဖြစ်တဲ့ အခြေအနေကို မနှေးမမြန် ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားကြွေးဆပ်နိုင်တဲ့ အရည်အသွေးဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။

XS
SM
MD
LG