သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တရားစီရင်ရေးစနစ်


 Wa Lone, center front, and Kyaw Soe Oo, centre back
Wa Lone, center front, and Kyaw Soe Oo, centre back
မြန်မာ့တရားစီရင်ရေးစနစ်
please wait

No media source currently available

0:00 0:05:35 0:00
တိုက်ရိုက် လင့်ခ်

မြန်မာ့တရားစီရင်ရေးဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ် ဖြစ်ခဲ့တာကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုကို ဖိနှိပ်ညဉ်းပမ်းတဲ့ ယန္တရားတခုလို ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲနိုင်သူ အစိုးရဖွဲ့တဲ့ စနစ် ကျင့်သုံးတော့လည်း အကျင့်ဟောင်းကို စွန့်လွှတ်ဖို့ ခက်ခဲနေပုံရပါတယ်။ ဒါကြောင့် တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေတာကို ပြန်လည်တည့်မတ်လာအောင်လုပ်ဖို့ တရားလွှတ်တော်ချုပ်ကို တိုက်တွန်းကြောင်း လွန်ခဲ့နှစ် မတ်လက ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းကြပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာဟာ တရားရုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ မထီမဲ့မြင်ပြုမှုလို ဖြစ်နေကြောင်း တရားလွှတ်တော်ချုပ် တရားသူကြီးတဦးဖြစ်တဲ့ ဦးစိုးညွှန့်က တုံ့ပြန်ပါတယ်။ တရားရုံးကို ဝေဖန်တာကို မထီမဲ့မြင် မလေးမစားလုပ်မှု အဖြစ်သတ်မှတ်တာဟာ တရားဌာန ဝန်ထမ်းတွေရဲ့ အကျင့်ဓလေ့ ဖြစ်နေပုံရပါတယ်။

နောက်နှစ်လကြာတော့မှ ဒီလိုတုံ့ပြန်ပြောဆိုမိတာကို ခွင့်လွှတ်ဖို့ ဦးစိုးညွှန့်က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တောင်းပန်ပြန်ပါတယ်။ အခြေခံဥပဒေပုဒ်မ (၃၀၁) အရ လွှတ်တော်ကိုယ်စားလှယ်တွေက တရားလွှတ်တော်ချုပ် တရားသူကြီးတဦးဦးကို စွပ်စွဲပြစ်တင်နိုင်တာကို သတိရပြီး တရားစီရင်ရေးဌာနကို ဝေဖန်တာဟာ မထီမဲ့မြင်ပြုရာ မရောက်ကြောင်း ရှင်းပြသွားတာပါ။

အကျင့်ပျက်တရားသူကြီးကို စွပ်စွဲပြစ်တင်နိုင်အောင် အခြေခံဥပဒေက ဖန်တီးထားတာ ဖြစ်ပါတယ်။ စွပ်စွဲပြစ်တင်မှုဟာ မှန်ကန်တဲ့အတွက် တရားလွှတ်တော်ချုပ် တရားသူကြီးရာထူးမှာ ဆက်ပြီးထမ်းဆောင်ဖို့ မသင့်လို့ လွှတ်တော်ကဆုံးဖြတ်ရင် အဲဒီတရားသူကြီးကို ရာထူးရပ်စဲဖို့ သမ္မတက ဆောင်ရွက်ရမယ်လို့ အခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တရားလွှတ်တော်က တရားသူကြီးတွေကိုလည်း လွှတ်တော်အသီးသီးက စွပ်စွဲပြစ်တင်ပိုင်ခွင့် ရှိပါတယ်။ တိုင်းပြည်နယ် တရားလွှတ်တော်မှာ တရားသူကြီး (၅၇) ဦး ရှိတဲ့အနက် အမျိုးသမီးက (၂၁) ဦး (သို့မဟုတ်) (၄၀) ရာခိုင်နှုန်း ပါဝင်ပါတယ်။ သူတို့အောက်မှာ ခရိုင်တရားသူကြီး (၂၁၇) ယောက်နဲ့ မြို့နယ်တရားသူကြီး (၇၈၇) ယောက် ရှိကြောင်း (၁၃၇) စာမျက်နှာရှိတဲ့ ၂၀၁၇ တရားရုံး နှစ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နာမည်အကြီးဆုံးအမှုကတော့ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အမျိုးသမီးတရားသူကြီးကို အမှုစစ်ဆေးနေတုန်း ရှေ့နေဦးဇော်ဝင်းက ဖိနပ်နဲ့ ပစ်ပေါက်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ ၂၀၁၁ ကတည်းက စတင်ခဲ့တဲ့အမှုဖြစ်လို့ အမှုသက်တမ်း (၆) နှစ်အကြာမှာ တရားသူကြီး ဖိနပ်နဲ့ အပေါက်ခံရတာ ဖြစ်ပါတယ်။ တရားစီရင်မှု နှောင့်နှေးတာဟာ တရားမျှတမှုကို ငြင်းပယ်ရာ ရောက်တယ်လို့ ဥပဒေဆိုရိုး ရှိပါတယ်။ နောက် (၂) လအကြာ ၂၀၁၇ သြဂုတ်လ (၂) ရက်နေ့မှာ မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ် ဆိုတဲ့ (၁၈) မျက်နှာ ညွှန်ကြားလွှာကို တရားလွှတ်တော်ချုပ်က ထုတ်ပါတယ်။ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ မြန်မာ့တရားခွင်ကို အဖက်ဆယ်တဲ့သဘော ဖြစ်တယ်လို့ မြင်ကြပါတယ်။

တရားလွှတ်တော်ချုပ်နဲ့ ပြည်နယ်နဲ့တိုင်း တရားလွှတ်တော် (၁၄) ခု ရှိပါတယ်။ သူတို့အောက်မှာ ခရိုင်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ဒေသ တရားရုံး (၇၂) ရုံး နဲ့ မြို့နယ်တရားရုံး (၃၃၀) နဲ့ အခြားတရားရုံး (၂၂) ခု စုစုပေါင်း (၄၂၄) ရုံး ရှိပါတယ်။ တရားရေးရာအရာထမ်း (၁၂၉၁) ဦးမှာ အမျိုးသမီးက (၅၃) ရာခိုင်နှုန်း ရှိပါတယ်။ စာရေးစာချီစတဲ့ တရားရုံးအမှုထမ်း (၄၄၄၄) ဦး ရှိပါတယ်။ တရားရေးရာအမှုထမ်း (၆၃၄) နေရာ လစ်လပ်နေတာကို ဖြည့်ဆည်းဖို့ လိုပါတယ်။ တရားလွှတ်တော်ချုပ် တရားသူကြီးတဦးဟာ တနှစ် (၁၈၉) မှု ဆုံးဖြတ်ကြောင်း သိရှိရပါတယ်။ တရားရုံး အဆင့်တိုင်းကို ရောက်လာတဲ့ အမှုအရေအတွက်ဟာ တရားသူကြီးတဦးစီရဲ့ စွမ်းဆောင်နိုင်မှု ပမာဏထက် ပိုများနေတယ်လို့ သိရပါတယ်။

မြန်မာ့တရားလွှတ်တော်ချုပ်ကို ၂၀၁၇ မှာ အမှုပေါင်း (၄၃၄၄) ရောက်ရှိလာလို့ တရားသူကြီးတဦးကို (၄၃၄) မှု နှုန်းနဲ့ စစ်ဆေးကြောင်း သိရပါတယ်။ အမေရိကန် တရားလွှတ်တော်ချုပ်ကို ရောက်လာတဲ့ အမှုပေါင်းဟာ နှစ်စဉ် (၇၀၀၀) လောက်ရှိပေမယ့် (၂) ရာခိုင်နှုန်းကိုသာ တရားသူကြီး (၉) ဦးက ကြားနာတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်လောက်ပဲ နိုင်နိုင်နင်းနင်း လုပ်နိုင်တယ်လို့ ဆိုပါတယ်။ တိုင်းနဲ့ပြည်နယ် တရားသူကြီးတဦးဟာ တနှစ် (၂၁၅) မှု လက်ခံစစ်ဆေးပြီး၊ ခရိုင်တရားသူကြီးက (၁၅၃) မှု လက်ခံစစ်ဆေးပါတယ်။ မြို့နယ်တရားသူကြီးကတော့ တနှစ် အမှုပေါင်း (၅၀၀) လောက် လက်ခံစစ်ဆေးပါတယ်။

သိက္ခာရှိရှိ၊ တာဝန်သိသိနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့ ငါးနှစ် မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၂) ကို စတင် အကောင်အထည် ဖော်နေပါတယ်။ တရားစီရင်ရေးဌာန ဝန်ထမ်းတွေ အရည်အသွေးတိုးတက်လာပြီး အမှုကို အချိန်မီ စစ်ဆေးဆုံးဖြတ်နိုင်ဖို့ မဟာဗျူဟာစီမံကိန်းက ရည်ရွယ်ပါတယ်။ လက်ရှိ အခြေအနေမှာလည်း လက်ခံစစ်ဆေးတဲ့အမှုနဲ့ ဆုံးဖြတ်ချက်ပေးတဲ့အမှု အရေအတွက်ဟာ သိပ်ကွာခြားတာ မဟုတ်ပါဘူး။ တနှစ် အမှု (၅၀၀) လက်ခံစစ်ဆေးတဲ့ မြို့နယ်တရားသူကြီးတဦးဟာ (၄၈၂) မှု ဆုံးဖြတ်နိုင်တာကြောင့် (၉၆) ရာခိုင်နှုန်း ပြီးစီးတယ်လို့ ပြောနိုင်ပါတယ်။

XS
SM
MD
LG