သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေးနဲ့ တရုတ်အရေး


ငြိမ်းချမ်းရေးနဲ့ တရုတ်အရေး
please wait

No media source currently available

0:00 0:05:00 0:00
တိုက်ရိုက် လင့်ခ်

ကျောက်ဖြူ-ယူနန် ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်း၊ သယံဇာတထုတ်ယူရေးနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေမှာ တရုတ်အရင်းအနှီးဟာ အများဆုံး ဖြစ်နေပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်နဲ့ ရပ်ဝန်းလမ်းကြောင်း စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုဟာ ပိုမိုများပြားလာဖွယ် ရှိပါတယ်။ တရုတ် အရင်းအနှီးများလာလေလေ ယူနန်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးဟာလည်း တရုတ်အတွက် အရေးကြီးလာလေလေ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ နယ်စပ်အခြေစိုက် တိုင်းရင်းသားတပ်ဖွဲ့ (၇) ဖွဲ့ နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံကို တက်နိုင်အောင် တရုတ်က ကြားဝင်ဆောင်ရွက်ပေးပါတယ်။

သွားလာရေးနဲ့ လုံခြုံရေးကို တရုတ်က တာဝန်ယူတဲ့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ ကုမင်ကနေ နေပြည်တော်ကို အထူးလေယာဉ်နဲ့ သွားခဲ့ပါတယ်။ ဝ၊ မိုင်းလား၊ ကိုးကန့်၊ မြောက်ပိုင်းရှမ်း၊ ကချင်၊ တာအင်းနဲ့ ရခိုင်တပ် ပါဝင်လာတဲ့ မဟာမိတ်အဖွဲ့တွေ ဇူလိုင်လ ညီလာခံတက်နိုင်တာဟာ တရုတ်ရဲ့ ထင်ရှားတဲ့ ဆောင်ရွက်ချက်တခု ဖြစ်ပါတယ်။ ဗမာအစိုးရနဲ့ရော နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ရော ဆက်ဆံရေးအဆင်ပြေဖို့ တရုတ်က အဓိက ဦးစားပေးနေပုံ ရပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လေ့လာသူအဆင့်လောက်မှာ ပါဝင်ခဲ့တဲ့ တရုတ်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ဆွေးနွေးပွဲတက်နိုင်အောင် ကူညီထောက်ပံ့သူ ဖြစ်လာပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ပါဝင်မှု တဖြည်းဖြည်းကျယ်ပြန့်လာတာနဲ့အတူ သြဇာအရှိန်အဝါလည်း တက်လာတယ်လို့ ခန့်မှန်းကြပါတယ်။ ဝ၊ ကိုးကန့်၊ မိုင်းလား စတဲ့ တပ်ဖွဲ့တွေကိုရော၊ အစိုးရတပ်ကိုရော လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတာ တရုတ် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြန်မာ၊ တရုတ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့စတဲ့ အကျိုးစီးပွား (၃) ခုတို့ ပါဝင်နေလို့ အပြင်လူကို တရုတ်က လက်မခံပါဘူး။ ၂၀၁၃ ရောက်မှ ကုလသမဂ္ဂကို လေ့လာသူအဖြစ် လက်ခံပါတယ်။ ကချင်၊ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တရုတ်သဘောထားဟာ ရှုပ်ထွေးလွန်းတယ်လို့လည်း ဝေဖန်ကြပါတယ်။

ကချင်အရေးမှာ နိုင်ငံခြားအဖွဲ့အစည်းတွေ ပါဝင်ပတ်သက်လာမှာကို တရုတ်က အလွန်စိုးရိမ်နေပုံ ရပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေတဲ့ ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့တွေကို ယူနန်-မြန်မာ နယ်စပ်အထိ လာခွင့်မပြုဖို့ မြန်မာအာဏာပိုင်တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကို တရုတ်က တိုက်တွန်းထားကြောင်း လွန်ခဲ့တဲ့ သြဂုတ်လထုတ် Fortify Rights အဖွဲ့ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။ စစ်ဘေးဒုက္ခသည်တွေက ကချင်အရပ်သား တသိန်းကျော်ကို လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေ မပေးနိုင်အောင် ဟန့်တားသူတွေဟာ ဗမာအစိုးရတပ်၊ ဗမာအစိုးရနဲ့ တရုတ်အာဏာပိုင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရထိန်းချုပ်တဲ့ဒေသက ဒုက္ခသည်စခန်းကို သွားရောက်ကူညီဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက တနှစ်အတွင်း အကြိမ်ငါးရာကျော် လျှောက်ထားပေမယ့် (၅) ရာခိုင်နှုန်းသာ ခွင့်ပြုပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းကို တရုတ်နယ်စပ်မှာ အသိအမှတ်မပြုတဲ့အတွက် KIA ထိန်းချုပ်တဲ့ဒေသကို တရုတ်ဘက်ကတဆင့်သွားရင် အချိန်မရွေး အဖမ်းခံရနိုင်တယ်လို့ ဆိုပါတယ်။ ကချင်ဒုက္ခသည်နဲ့ ပတ်သက်ရင် မြန်မာနဲ့တရုတ် သဘောထားချင်းတူတယ်လို့ ကချင်ကယ်ဆယ်ရေးအဖွဲ့က ယူဆပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ဌာနချုပ်ဟာ တရုတ်-မြန်မာ နယ်စပ်ပေါ်က လိုင်ဇာမြို့မှာ အခြေစိုက်ပါတယ်။ လိုင်ဇာမြို့တဝက်ဟာ တရုတ်ပြည်ဖြစ်ပြီး ယူနန်မှာ ကချင်ကို ဂျိန်းဖောလို့ ခေါ်ပါတယ်။ ဒါကြောင့် တရုတ်အစိုးရ ကိုင်တွယ်ရခက်ခဲတဲ့ ပြဿနာတွေထဲမှာ ကချင်ကိစ္စဟာ ရှေ့တန်းက ပါဝင်နေပါတယ်။ သယံဇာတ ထုတ်ယူမှုကြောင့် ချမ်းသာလာတဲ့ ယူနန်နယ်သားတွေဟာ ကချင်ပြည်နယ်တခုလုံး ဗမာအစိုးရတပ် လက်အောက်ရောက်သွားမှာကို မလိုလားကြောင်း သိရပါတယ်။

ဒါပေမဲ့ ကချင်ပြည်နယ် မတည်မငြိမ်ဖြစ်နေရင် တရုတ်အစိုးရရဲ့ စီးပွားရေးစင်္ကြန်စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ အများကြီး တွေ့နိုင်ပါတယ်။ မြန်မာအစိုးရကိုရော ကချင်ခေါင်းဆောင်ပိုင်းကိုရော အဆင်ပြေအောင် ဆက်ခံပြီး မိမိအကျိုးစီးပွားကိုမြှင့်တင်ဖို့ တရုတ်အစိုးရ ရည်ရွယ်နေပုံ ရပါတယ်။ ဒါကြောင့် တရုတ်အစိုးရအဖို့ကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲစရာ မလိုပါဘူး။ အရင်လို နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲနိုင်ရင် လုံလောက်ပြီလို့ ယူဆပုံရပါတယ်။ မြောက်ပိုင်းမဟာမိတ်ဟာ တရုတ်ရဲ့ အာမခံချက်နဲ့ အပစ်အခတ် ရပ်စဲနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

ရပ်ဝန်းလမ်းကြောင်းနဲ့ နှစ်နိုင်ငံစီးပွားရေးစင်္ကြန်အတွက် အခြေခံအဆောက်အအုံ တည်ဆောက်ဖို့ မြန်မာပြည်မြောက်ပိုင်းမှာ တည်ငြိမ်အေးချမ်းဖို့ လိုပါတယ်။ ဒါကြောင့်လဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်အောင် တရုတ်က ထောက်ခံအားပေးနေတာ ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ လုပ်စရာရှိတာကို ဆက်လုပ်ဖို့သာ တရုတ်က အာရုံစိုက်နေပုံ ရပါတယ်။ မူဆယ်-မန္တလေး အမြန်ရထားလမ်း ဖောက်လုပ်ဖို့အတွက် လေ့လာရေးလုပ်ဖို့ မြန်မာနဲ့ တရုတ် အောက်တိုဘာလက သဘောတူညီလိုက်တာကိုကြည့်ရင် တရုတ်ဟာ တခုပြီးတခု မလုပ်ဘဲ အားလုံးကို တပြိုင်တည်းလုပ်ဖို့ ကြိုးပမ်းနေတာ ထင်ရှားပါတယ်။

XS
SM
MD
LG