ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ပထမအဆင့်ကို မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူလိုက်ကြပါပြီ။ ဒီစီမံကိန်းကို အကောင်အထည် ဖော်လာရင် မြန်မာအတွက် ကြုံတွေ့လာရမယ့် အရင်းအနှီးပြဿနာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်လာမယ့် ပြဿနာ စတာတွေကို တရုတ်တို့အနေနဲ့ ဘယ်လောက် အလေးထားစဉ်းစားပါသလဲ။ သူတို့လိုချင်တာရရင် ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေသလား ဆိုတာတွေကို အမေရိကန်ပြည်ထောင်စု Stimson သုတေသနအဖွဲ့က တရုတ်မူဝါဒရေးရာ ပူးတွဲ ညွှန်ကြားရေးမှူး Yun Sun နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ နောက်ဆုံး တရုတ်နဲ့မြန်မာ နှစ်နိုင်ငံကြားမှာ သဘောတူညီမှုတခု ရလိုက်ကြပါပြီ။ တကယ်တော့ ဒါဟာ ပထမအဆင့်သာ ဖြစ်ပါတယ်။ သဘောတူညီမှုကို အတော်ကြာကြာ ညှိနှိုင်းယူခဲ့ကြရတယ်ဆိုတော့ ဒီသဘောတူညီမှုကို ဆက်လက်အကောင်အထည်ဖော်မယ့်ကိစ္စအားလုံး ဖြောင့်ဖြူးသွားပြီလို့ ဆိုနိုင်ပါလား။
Ms. Yun Sun ။ ။ ဒီလက်တွေ့အကောင်အထည် ဖော်ယူရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဖြေရှင်းရမယ့်ကိစ္စ နှစ်ရပ် ရှိပါလိမ့်မယ်။ ကျောက်ဖြူရေနက်စီမံကိန်းက မူလက အဆင့်လေးဆင့် ရှိပါတယ်။ အခု ရှင်ပြောတဲ့ ၁.၃ ဘီလီယံ က ပထမအဆင့်ပဲ ဖြစ်ပါတယ်။ ဒီပထမအဆင့်ကလည်း ၁.၆ ဘီလီယံကနေ ၁.၃ ဘီလီယံအထိ လျှော့ချပြီးတော့ ပိုင်ဆိုင်မှုကိစ္စမှာလည်း အစက တရုတ်က (၈၅) ရာခိုင်နှုန်း၊ မြန်မာက (၁၅) ရာခိုင်နှုန်း ရှိခဲ့ပြီ။ အခု မြန်မာက (၃၀) ရာခိုင်နှုန်းအထိ ရယူဖို့ တိုးမြှင့်လိုက်တာပါ။ (၃၀) ရာခိုင်နှုန်းထဲမှာဆို (၁၅) ရာခိုင်နှုန်းက မြေအတွက် ဖြစ်ပြီးတော့ ကျန်တဲ့ (၁၅) ရာခိုင်နှုန်းကတော့ ငွေစိုက်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ဒီငွေတွေကို သူတို့ကိုယ်တိုင်ရှာမလား။ ဒါမှမဟုတ် တရုတ်ဘက်က ချေးမလားဆိုတာကို စောင့်ကြည့်ရအုံးမှာပါ။ နောက်ပြီးတော့ လက်တွေ့အကောင်အထည်ဖော်တဲ့ အခါမှာလဲ အရင်တရုတ်စီမံကိန်းတွေ အတွေ့အကြုံအရဆိုရင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှု့ပတ်ဝန်းကျင်ထိခိုက်မှု၊ အလုပ်အကိုင် ဖန်တီးပေးမယ့်အခြေအနေ၊ ဒါတွေကို ဒေသခံတွေက အထူးပဲ စိုးရိမ်နေကြတာပါ။ ဒီကိစ္စတွေကို ဒေသခံမြန်မာတွေမကဘဲနဲ့ ပြည်ပလေ့လာသူတွေလည်း စောင့်ကြည့်နေပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဒီကိစ္စ နှစ်ခုအနက် ပထမအချက်ဖြစ်တဲ့ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ အရင်တုန်းကတော့ သီရိလင်္ကာမှာဖြစ်တဲ့ နမူနာကိုကြည့်ပြီးတော့ တရုတ်ရဲ့ ကြွေးမြီးဝန်ထုပ်ဝန်ပိုး ပိပြီးတော့ နလန်မထူနိုင်အောင်ဖြစ်မယ်ဆိုတာကို မြန်မာဘက်က အမြဲတမ်းစိုးရိမ်တကြီး ဖြစ်ခဲ့ပါတယ်။ ဆိုတော့ အခုမြန်မာဘက်က အရင်းအနှီးတိုးတယ်။ လက်ရှိတန်းဖိုးကိုလည်း အတော်အသင့် လျှော့ချလိုက်တယ်ဆိုတော့ တရုတ်ရဲ့ ကြွေးမြီးပြဿနာက မြန်မာတွေ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားပြီလို့ ဆိုနိုင်မလား။
Ms. Yun Sun ။ ။ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ မူလငွေကြေးပမာဏက အမေရိကန်ဒေါ်လာ (၇.၂) ဘီလီယံ ရှိပါတယ်။ ဒီအထဲမှာ မြန်မာဘက်က (၃၀) ရာခိုင်နှုန်း စိုက်မယ်ဆိုရင် (၂) ဘီလီယံ အရင်းအနှီး ပြုရပါလိမ့်မယ်။ စိုက်ထားတဲ့မြေကို နှုတ်လိုက်ရင်တောင်မှ ဒေါ်လာ (၁) ဘီလီယံ ကျန်ပါသေးတယ်။ ဆိုတော့ မူလရည်ရွယ်ထားတဲ့ (၇.၂) ဘီလီယံ စီမံကိန်းကို ဆက်လုပ်သွားမလားဆိုတာကို ကျမ မသိနိုင်ပါဘူး။ အခုလောလောဆယ် လုပ်လိုက်တာကတော့ မြန်မာဘက်က ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး သက်သာမှု ရရှိသွားစေပါတယ်။ ဒါပေမဲ့လဲ အပြည့်အဝ ဆက်လုပ်လာမယ်ဆိုရင်တော့ ဝန်ထုပ်ဝန်ပိုး ပိုပြီးတော့ ကြီးလာမှာ သေချာပါတယ်။
ဦးကျော်ဇံသာ ။ ။ တရုတ်ရဲ့ ကျောက်ဖြူစီမံကိန်းဟာ မြန်မာအနောက်ဘက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယအတွက်လည်း အဓိက တွန်းအားတရပ် ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အိန္ဒိယက အခုဝန်ကြီးချုပ် Narendra Modi လက်ထက်မှာ Act East Policy မူဝါဒအရ အရှေ့တောင်အာရှနိုင်ငံတွေကို ထိုးဖောက်ပြီး၊ စီးပွားရေးလုပ်ဖို့ စဉ်းစားတဲ့ကိစ္စမှာ မြန်မာက အဓိကကျပါတယ်။ ဒါကြောင့်လဲ မြန်မာမှာ ရင်းနှီးမြုပ်နံှတဲ့ကိစ္စကို အရှိန်အဟုန်မြှင့်ဖို့ - တရုတ်က သိပ်မြှင့်နေပြီ၊ ငါတို့ နောက်ကျလို့ မဖြစ်ဘူးဆိုပြီးတော့ အိန္ဒိယဘက်က တွန်းအားပေးတာတွေ၊ တိုက်တွန်းတာတွေကို အများကြီးတွေ့လာရပါတယ်။ ဒီနှစ်ခုကို ဘယ်လိုနှိုင်းယှဉ်ပြောလိုပါလဲ။ သူတို့ရဲ့ ရှေ့အလားအလာ။
Ms. Yun Sun ။ ။ အိန္ဒိယဘက်ကနေ ရင်းနှီးမြုပ်နံှမှု ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် နိုင်ငံရေးစနစ်အရ အိန္ဒိယရဲ့ ဗျူရိုကရေစီယန္တရား၊ ဒါမှမဟုတ်လဲ ဒီမိုကရေစီစနစ်က တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ချမှုစနစ်ထက် အများကြီးပိုပြီးတော့ ကြန့်ကြာပါတယ်။ တရုတ်ဘက်ကတော့ တပတ်အတွင်း ဆုံးဖြတ်ချက်ချပြီးတော့ ငွေစိုက်နိုင်ပါတယ်။ အိန္ဒိယက ဒီလိုမဖြစ်နိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကျနော် ကြားဖြတ်ပြီးမေးပါရစေ။ ဒါက ဒီမိုကရေစီစနစ်ထက် အာဏာသုံးစနစ်က ပိုကောင်းတယ်လို့ ပြောလိုတဲ့သဘောလား။
Ms. Yun Sun ။ ။ ဒါက အစိုးရယန္တရားချင်း ကွဲလွဲမှုလို့ပဲ ထင်ပါတယ်။ တရုတ်ဘက်ကတော့ ဒါက နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း။ နိုင်ငံပိုင်ဘဏ် အားလုံးက အစိုးရက ပိုင်တာပါ။ ဆိုတော့ အစိုးရက ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတာနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ ဘဏ်တိုက်တွေကို လုပ်ခိုင်းလို့ရပါတယ်။ အိန္ဒိယမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှမှုတခု လုပ်နိုင်ဖို့အတွက် အဲဒီစီမံကိန်းအတွက်ကို ပြည်သူ့အခွန်ဘဏ္ဍာကို သုံးမယ်ဆိုရင် ပါလီမန်ကတဆင့် သွားရပါလိမ့်မယ်။ ဒါက စီးပွားရေးအားဖြင့် လုပ်သင့်သလား။ အောင်မြင်နိုင်မယ့်အလားအလာ ရှိမလား။ နိုင်ငံရေးအားဖြင့် လုပ်ထိုက်သင့်သလား ဆိုတာတွေကို ဆွေးနွေးရပါတယ်။ အခြေအတင် ပြောရပါလိမ့်မယ်။ ဆိုတော့ တရုတ်ဘက်မှာ State-Dominated Approach နိုင်ငံတော်က ထိန်းချုပ်ချဉ်းကပ်မှုက အဆုံးအဖြတ်ကို ပိုပြီးတော့ ထိရောက်စေတယ်ဆိုပြီး တနည်းအားဖြင့် ကျမ ပြောချင်ပါတယ်။ နောက်တချက် သိထားဖို့လိုတာက အိန္ဒိယရဲ့ စီးပွားရေးအင်အားက တရုတ်စီးပွားရေးအင်အားကို မယှဉ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီလောက်ပမာဏကြီးတဲ့ ရင်းနှီးမြုပ်နံှမှုကို တရုတ်လုပ်သလိုမျိုး၊ အိန္ဒိယက မလုပ်နိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီတရုတ်စီမံကိန်းပေါ်မှာ အမေရိကန်နဲ့ အနောက်တိုင်းနိုင်ငံတွေက ဘယ်လိုသဘောထားမယ် ထင်ပါသလဲ။
Ms. Yun Sun ။ ။ ရိုဟင်ဂျာပြဿနာရဲ့ ဂယက်ရိုက်ခတ်မှုကို အသေးစိတ်ရှင်းပြဖို့ ပြောတာတော့ မဟုတ်ဘူးထင်ပါတယ်။ အခု နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်တို့ရဲ့ ရိုဟင်ဂျာပြဿနာအပေါ်မှာ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီးတော့ အနုတ်လက္ခဏာ သဘောထားရှိနေကြတာကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီလောက်ကြီးမားတဲ့ ပမာဏနဲ့ ရင်းနှီးမြုပ်နံှဖို့ အခုအချိန်မှာ ဘယ်အနောက်နိုင်ငံကမှ စိတ်ကူးကြလိမ့်မယ် မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခု လူတွေသိချင်နေကြတဲ့ ကိစ္စက ဒီကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ဘယ်လိုဆက်စပ်နေလဲဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ တချို့ကတော့ အခုကျောက်ဖြူစီမံကိန်းဟာ မြစ်ဆုံစီမံကိန်းကို ရပ်ပြစ်လိုက်တဲ့အတွက် အစားထိုးပေးတာလို့တောင် သုံးသပ်နေကြပါတယ်။ ဆိုတော့ တရုတ်ဘက်က ကျောက်ဖြူစီမံကိန်းကို ရသွားပြီဆိုပြီးတော့ မြစ်ဆုံစီမံကိန်းကို မေ့ဖျောက်မယ်လို့ ယူဆပါလား။
Ms. Yun Sun ။ ။ မြစ်ဆုံစီမံကိန်းအတွက် ရင်းနှီးမြုပ်နံှဖို့ လုပ်ခဲ့တဲ့လူတွေ အထူးသဖြင့် တရုတ် State Power Investment Corporation (SPIC) ကုမ္ပဏီအနေနဲ့ သူတို့ရင်းနှီးမြုပ်နံှထားတဲ့ ငွေကြေးတွေကို မေ့ဖျောက်လိုက်ပြီလို့ ကျမ မထင်ပါဘူး။ အခုလောလောဆယ်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိစ္စကို သိပ်ပြီးတော့ ဦးစားပေးနေတော့ မြစ်ဆုံကိစ္စကို နောက်တန်းပို့ထားတယ်လို့ ထင်ပါတယ်။ ဒါက တရုတ်ဘက်က မြစ်ဆုံကိစ္စကို ပစ်ပယ်လိုက်ပြီလို့ မဆိုနိုင်ပါဘူး။ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်အစိုးရတွေက ဒါကို လုံးဝစွန့်ပစ်လိုက်ပြီလို့ ကြေညာပြီးတော့ စိုက်ထုတ်ထား အရင်းအနှီးတွေကိစ္စကိုလည်း အပြီတိုင်းမဖြေရှင်းနိုင်သေးသမျှ ဒီပြဿနာက ရှိနေအုံးမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော် နောက်ဆွေးနွေးချင်တဲ့ ကိစ္စကတော့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ ဆက်စပ်နေပါတယ်။ တရုတ်နိုင်ငံ ယူနန်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်က ကျောက်ဖြူ ဆက်သွယ်တဲ့လမ်းဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ နယ်မြေအများအပြားကို ဖြတ်သန်းပြီး သွားရပါတယ်။ ဆိုတော့ ဒီလမ်းကြောင်းကို စိတ်ချဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေး ရလာအောင် တရုတ်ဘက်က ပိုပြီးဖိအားပေးလာနိုင်တယ်လို့ ယူဆပါလား။
Ms. Yun Sun ။ ။ ဒီနေရာမှာ မေးစရာက တိုင်းရင်းသားလက်နက်ကိုင်တွေကို ဘာလုပ်ဖို့ ဖိအားပေးရမှာလဲဆိုတာပါ။ လက်နက်ချကြဖို့ ဖိအားပေးဖို့ဆိုတာကတော့ ဖြစ်လာလိမ့်မယ်လို့ ကျမ မထင်ပါဘူး။ မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားအင်အားစုတွေ လက်နက်ချဖို့ တရုတ်က ဖိအားပေးသည့်တိုင်အောင် ဒီတိုင်းရင်းသားတွေက သူတို့ဆက်ပြီးတော့ ရပ်တည်နိုင်ရေးအတွက် စိုးရိမ်ကြပါတယ်။ ဆိုတော့ တပ်မတော်နဲ့ ဘယ်လိုမျိုး သဘောတူညီမှုမျိုး ရနိုင်ပါလဲ။ တပ်မတော်ဆီက ဘယ်လိုဆက်ဆံမှုမျိုး သူတို့ရနိုင်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြပါတယ်။ ဒီတော့ တရုတ်အစိုးရက ကျောက်ဖြူစီမံကိန်းကို လုပ်ခွင့်ရသွားလို့ ဒီတိုင်းရင်းသားတွေကို ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဒီတိုင်းရင်းသားတွေ ငြိမ်းချမ်းရေးကိစ္စမှာ ဆွေးနွေးဖို့ တောင်းဆိုချက်တွေကိုလည်း ဂရုစိုက်စရာ မလိုတော့ဘူးလို့ မြန်မာဘက်က ထင်နေရင်တော့ မိုက်ရာကျပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားအင်အားစုတွေက ကျောက်ဖြူ - ယူနန် ကူးလူးဆက်သွယ်ရေးလမ်းကြောင်းအတွက် လုံးဝအနှောင့်အယှက် မဖြစ်စေရပါဘူးလို့ ပြောရုံနဲ့ပဲ စိတ်ချလက်ချ စီမံကိန်းတွေကို ဆက်လုပ်သွားမယ်ဆိုတဲ့ သဘောလား။
Ms. Yun Sun ။ ။ ဒီလိုမျိုး စောဒကတက်တဲ့ စကားမျိုး မြန်မာဘက်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မေးခဲ့တယ်လို့ ကျမ ကြားဖူးပါတယ်။ တရုတ်ပြည်ကို ပိုက်လိုင်းဖောက်မယ့်ကိစ္စမှာ ဒီလိုမျိုး ပိုက်လိုင်းအတိုက်ခံရရင် တရုတ်ဘက်က အများကြီးနစ်နာနိုင်ပါတယ်။ အခုအချိန်အထိတော့ ဒီတိုင်းရင်းသားတွေ တရုတ်ပိုက်လိုင်းကို တိုက်ခိုက်တာ မတွေ့ရသေးပါဘူး။ ဒီတိုင်းရင်းသားအင်အားစုတွေက မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထိန်းကွပ်မှုအောက်မှာ ရှိနေသမျှ တရုတ်ရဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်ထိပါးစေလိမ့်မယ်လို့ ကျမ မထင်ပါဘူး။ သူတို့ကို တရုတ်က ထောက်ပံ့ပေးထားတာပါ။ သူတို့ရပ်တည်ရေးအတွက် တရုတ်ကို သူတို့ လိုအပ်ပါတယ်။ သူတို့ကို ထမင်းကျွေးတဲ့လက်ကို သူတို့ ဘယ်လိုပြန်ပြီးတော့ ကိုက်မလဲ။
ဦးကျော်ဇံသာ ။ ။ အဲဒီလိုဆိုရင် ဒီတိုင်းရင်းသားတွေက သူတို့အကျိုးစီးပွားကို မထိခိုက်သရွေ့တရုတ်က ကျေကျေနပ်နပ်ကြီး ဒူးနန့်ပြီး နေသွားမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ သူတို့ကို မတိုက်ရင်ပြီရောဆိုပြီး မြန်မာနိုင်ငံတပြည်လုံး ငြိမ်းချမ်းရေးရရှိဖို့ကိစ္စကိုတော့ ထည့်မတွက်တော့ဘူးဆိုတဲ့ သဘောမျိုး မဖြစ်နေဘူးလား။
Ms. Yun Sun ။ ။ ဒါက ဒီလိုပါ မြန်မာအပါအဝင် အရှေ့တောင်အာရှ ကုန်တွင်းနိုင်ငံတွေမှာ တရုတ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် တည်ငြိမ်မှု မရှိခြင်းက ဘယ်တော့မှ သတင်းကောင်းမဟုတ်ပါဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသား ပဋိပက္ခတွေကို မဖြေရှင်းနိုင်သမျှ စစ်ရေးပဋိပက္ခတွေ ရှိနေသမျှ တရုတ်အကျိုးစီးပွားအတွက် သတင်းဆိုးတွေပဲ ဖြစ်ပါတယ်။ ဆိုတော့ ရှင်မေးတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် တရုတ်က ဒီတိုင်းရင်းသားအင်အားစုတွေကို လက်လွှတ်လိုက်မယ်ဆိုတာလဲ မဟုတ်ပါဘူး။ လက်မလွှတ်ဘဲ ထားဖို့ဆိုတာလဲ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လဲ ထောက်ခံမထောက်ခံဖို့လဲ မဟုတ်ပါဘူး။ နှစ်ခုစလုံးနဲ့ ဆန့်ကျင်ဘက်သဘောပါ။ တရုတ်ကတော့ ပိုက်လိုင်းကို ဆက်လုပ်မယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဆက်လုပ်မယ်။ ရထားလမ်းစီမံကိန်းကို ဆက်လုပ်မယ်ဆိုတာသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရပ်တန့်စေမယ့် တစုံတခုဖြစ်အောင် လုပ်မယ်ဆိုတဲ့သဘောလဲ မဟုတ်ပါဘူး။ တရုတ်က မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်လို့တော့ ကျမ ထင်ပါတယ်။ တရုတ်မပါရင်ကော မြန်မာ အဆင်ပြေမလား။ တရုတ်မပါဘဲနဲ့ ဖယ်ဒရယ်စနစ်နဲ့ ပတ်သက်လို့ တပ်မတော်က တိုင်းရင်းသားတွေနဲ့ အပေးအယူ လုပ်နိုင်မလား။ ဒါတွေက ပြည်တွင်းပြဿနာ၊ မြန်မာ့ပြည်တွင်းရေးကိစ္စပါ။ ဒီပြဿနာတွေအတွက် ပြည်ပကို အပြစ်တင်နေလို့ မြန်မာပြဿနာတွေ ပြေလည်မှာ မဟုတ်ပါဘူးရှင့်။