သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

NLD နဲ့ လွှတ်တော်နိုင်ငံရေး


လွှတ်တော် တက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်များ။
NLD နဲ့ လွှတ်တော်နိုင်ငံရေး
please wait

No media source currently available

0:00 0:05:39 0:00
တိုက်ရိုက် လင့်ခ်

မြန်မာပြည်မှာ သမ္မတသစ်နဲ့ လွှတ်တော်ဥက္ကဋ္ဌသစ် ရွေးတာကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေမှာ အများဆုံး ဖော်ပြကြပါတယ်။ အထူးသဖြင့် ကြံ့ဖွံ့ပါတီအဖြစ် နှစ်ပေါင်းများစွာ အသုံးချံခဲ့ရတဲ့ ဦးတီခွန်မြတ်ကို NLD ကိုယ်စားလှယ်တွေက လွှတ်တော်ဥက္ကဋ္ဌအဖြစ် တညီတညွှတ်တည်း ထောက်ခံကြတာဟာ ပြောစမှတ်ဖြစ်နေပါတယ်။ ဒီိကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီမှာ မကျေနပ်သူတွေ ရှိပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ NLD ခေါင်းဆောင်ပိုင်းက စီမံတာကို နာခံကြပါတယ်။ NLD အမတ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ လုပ်စဉ်က ကြံ့ဖွံ့ပါတီဝင် ဦးတီခွန်မြတ် က ဒုတိယဥက္ကဋ္ဌ ဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီက နုတ်ထွက်ပြီး (၇) လအကြာမှာ ဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး NLD အမတ် ဦးထွန်းထွန်းဟိန်ကို ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ပါတယ်။ ကြံ့ဖွံ့ပါတီကို အတိုက်အခံလို့ ဒေါ်စု က သဘောမထားပါဘူး။ နိုင်ငံ့အကျိုးကိုကြည့်ပြီး မတူကွဲပြားတဲ့ပါတီတွေကို လက်တွဲသင့်တဲ့အခါ လက်တွဲရမယ်၊ ကူညီသင့်တဲ့အခါ ကူညီရမယ်၊ ဝေဖန်သင့်တဲ့အခါ ဝေဖန်ရမယ်လို့ ဒေါ်စုက ဒုတိယအကြိမ် လွှတ်တော် (၂) နှစ်မြောက် အခမ်းအနားမှာ ပြောသွားပါတယ်။ အခြားပါတီနဲ့ အစုအဖွဲ့တွေကို ရန်သူလိုသဘောမထားဘဲ စုစည်းနိုင်တာဟာ ဒီမိုကရေစီစိတ်ဓါတ်လို့ ဆိုပါတယ်။

ပြောင်းလဲချိန်ရောက်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲနိုင်ခဲ့တဲ့ NLD ပါတီဟာ အာဏာရပြီး မကြာမီ ပါတီတွင်း အပြောင်းအလဲတွေ လုပ်ရပုံကို ‘သိန်းအေး’ ဆိုသူက ဖေဖေါ်ဝါရီ (၂) ရက်နေ့ထုတ် မြန်မာတိုင်းမ်နေ့စဉ်မှာ စုစည်းဖော်ပြထားပါတယ်။ ပထမဦးဆုံး နုတ်ထွက်သွားသူဟာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတဦး နုတ်ထွက်ကြပြီး မကွေးတိုင်းဒေသကြီးမှာ ဝန်ကြီး (၂) ဦးနဲ့ ပဲခူးတိုင်းဝန်ကြီး (၂) ဦး နုတ်ထွက်ကြပါတယ်။ တာဝန်ဖယ်ရှားခံရသူတွေလည်း ရှိပါတယ်။ ရှမ်းပြည်နယ် NLD ခေါင်းဆောင် (၆) ဦး အရင်ဆုံးတာဝန်ရပ်စဲ ခံကြရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် (၃) ဦး၊ ဒုဝန်ကြီးတဦးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးတဦး တာဝန်က ဖယ်ရှားခံရပါတယ်။ အမျိုးသားလွှတ်တော် ကော်မတီဥက္ကဋ္ဌ (၂) ဦးကိုလည်း တာဝန်က ဖယ်ရှားလိုက်ပါတယ်။

ပါတီက သတ်မှတ်ထားတဲ့အတိုင်း NLD လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ဆောင်နိုင်ဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌက ကျောင်းသွားတွေလို ကြီးကြပ်ကွပ်ကဲပုံကို ပြည်သစ်ပညာရှင် ‘ရေးနော့အီဂါတူ’ က လွန်ခဲ့တဲ့ မတ်လ (၅) ရက်နေ့ထုတ် DVB website မှာ ရေးထားပါတယ်။ အာဏာရပါတီမှာ စည်းလုံးညီညွှတ်မှုနဲ့ စည်းကမ်းရှိမှုဟာ တာဝန်သိအစိုးရရဲ့  လိုအပ်ချက်တခု ဖြစ်ပါတယ်။ လိုအပ်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်အားလုံး ထောက်ခံမဲပေးဖို့ကိစ္စဟာ ခေါင်းဆောင်ပိုင်းရဲ့  တာဝန် ဖြစ်ပါတယ်။ အခုအချိန်အထိ သဘောထားကွဲလွဲနေတဲ့ NLD အမတ် မရှိသေးပါဘူး။ ဖျားနာမှု (သို့မဟုတ်) ခရီးလွန်နေမှုကြောင့် မဲမပေးနိုင်သူလောက်ပဲ ရှိပါတယ်။ ဘယ်နိုင်ငံမှာမဆို အာဏာရပါတီဟာ ပါတီလိုင်း မလိုက်နာသူကို အပြစ်ပေးနိုင်ပါတယ်။ NLD ကလည်း သဘောထား ကွဲလွဲမှုမရှိအောင် ကြိုးပမ်းတာတွေ့ရပါတယ်။

ပါတီဝင်နိုင်ငံရေးသမားတဦးရဲ့  အနာဂတ်ကို အာဏာရပါတီက ထိန်းချုပ်တာဟာ လွှတ်တော်နိုင်ငံရေးရဲ့  အခြေခံတခု ဖြစ်တာမို့ NLD ပါတီကလည်း မကင်းနိုင်ပါဘူး။ သစ္စာရှိတဲ့ အမာခံတွေကို အခွင့်အရေးနဲ့ ရာထူးအဆင့်အတန်းတွေ ပေးနိုင်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနိုင်တဲ့ NLD အမတ်တွေဟာ ၂၀၁၆ မှာ အစိုးရဖွဲ့တဲ့အခါမှာ ရာထူးကြီးငယ် ရကြပါတယ်။ ပြဿနာလုပ်သူတွေကို ဖယ်ရှားတဲ့နည်းလမ်းနဲ့လည်း ပါတီစည်းလုံးရေး တည်ဆောက်တယ်လို့ ‘ရေးနောအီဂါတူ’ က ဆိုပါတယ်။ ပါတီဝင်တဦးဟာ ပါတီလိုင်းကိုလိုက်ဖို့ တာဝန်ရှိတာမို့ မလိုက်နိုင်သူဟာ ဖယ်ရှားခံရဖို့ များပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို NLD သပိတ်မှောက်စဉ်က ပါတီတွင်း သဘောထားကွဲလွဲတာမျိုး မဖြစ်ရအောင် နာခံမယ့်လူငယ်တွေကိုသာ NLD ခေါင်းဆောင်ပိုင်းက ဦးစားပေးတာတွေ့ရတယ်လို့လည်း ဒေါက်တာအီဂါတူ က ဆိုပါတယ်။

ပါတီလိုင်းကို သွေဖယ်ချင်တဲ့ လွှတ်တော်အမတ်တွေကို ထောက်ပံ့မှုရပ်ဆိုင်းတဲ့နည်းနဲ့ ထိန်းချုပ်နိုင်တယ်လို့ ရေးနော့အီဂါတူ က ဆိုပါတယ်။ လွှတ်တော်အမတ်တွေရဲ့  နိုင်ငံခြားခရီးစဉ်နဲ့ ပြည်တွင်းလုပ်ငန်းစဉ်တွေကို NLD ခေါင်းဆောင်ပိုင်းက ရပ်ဆိုင်းလေ့ရှိပါတယ်။ ဒါတင်မကသေးပါဘူး NLD အမတ်ဟာ ရရှိတဲ့လစာ (၁၀) သိန်းထဲက (၂) သိန်းခွဲကို ပါတီရန်ပုံငွေ ထည့်ဝင်ရပါတယ်။ အခြားပါတီဝင်တွေပေးရတဲ့ ရန်ပုံငွေထက် အများကြီး ပို့ပေးရတယ်လို့ ဆိုပါတယ်။ ရေတိုကြည့်ရင်တော့ စည်းကမ်းနည်းလမ်းတွေ တင်းကျပ်တာဟာ NLD ပါတီရဲ့  လွှတ်တော်နိုင်ငံရေးကို ထိခိုက်စရာအကြောင်း မရှိပါဘူး။

ဒါပေမဲ့ အစွမ်းအစ ထုတ်ပြခွင့်မရဘဲ အမိန့်နာခံတဲ့ဘဝမှာ အနေကြာလာရင် နိုင်ငံရေးကို စိတ်ကုန်ပြီး NLD ပါတီကိုရော လွှတ်တော်ကိုရော စွန့်ခွာသူတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော်မှာ ဝါရင့်အမတ်တွေနည်းပြီး အတွေ့အကြုံမရှိတဲ့ အမတ်တွေ များပြားလာတာဟာ မြန်မာ့ဒီမိုကရေစီအရေးမှာ ကျော်လွှားရမယ့် အခက်အခဲတခု ဖြစ်လာပါတယ်။ အတွေ့အကြုံနဲ့ အရည်အချင်းရှိတဲ့ လွှတ်တော်အမတ်တွေကို လက်လွှတ်လိုက်ရတာ NLD ပါတီအတွက် ဆုံးရှုံးမှုဖြစ်ရုံသာမကဘဲ မြန်မာ့လွှတ်တော်နိုင်ငံရေးဓလေ့ကိုလည်း အားနည်းစေကြောင်း ပြင်သစ်ပညာရှင် ဒေါက်တာရေးနော့အီဂါတူ က သုံးသပ်ထားပါတယ်။

XS
SM
MD
LG