သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲတပ်ဖွဲ့ ဘယ်လဲ


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ စစ်ဆေးနေစဉ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ စစ်ဆေးနေစဉ်။
ရဲတပ်ဖွဲ့ ဘယ်လဲ
please wait

No media source currently available

0:00 0:05:18 0:00
တိုက်ရိုက် လင့်ခ်


NLD ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို အမျိုးမျိုးဝေဖန်သုံးသပ်ကြပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်နိုင်ရည် ညံ့ဖျင်းမှုကို အရင်ကလည်း ဝေဖန်ခဲ့ကြပေမယ့် ဦးကိုနီကိစ္စမှာတော့ အသိုင်းအဝိုင်းမျိုးစုံက ရဲတပ်ဖွဲ့ကို ဝိုင်းဝန်းဝေဖန် ရှုတ်ချကြတာ တွေ့ရပါတယ်။ ၂၀၀၈ မှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ကျောက်မျက်သူဌေးအိမ်က (၅) လောင်းပြိုင် လူသတ်မှုကို ရဲတပ်ဖွဲ့ ဘာမှမလုပ်နိုင်သေးပါဘူး။ မနှစ်ကဖြစ်ပွားတဲ့ မင်္ဂလာဒုံမြို့နယ် ရဲဝန်ထမ်းဟောင်းအိမ်က လေးလောင်းပြိုင် လူသတ်မှုမှာလည်း ရဲတပ်ဖွဲ့ဟာ ဘာမှ မပြောနိုင်သေးပါဘူး။

လွန်ခဲ့တဲ့နှစ်က ဖြစ်ပွားတဲ့ ရာဇဝတ်မှုကြီးတွေထဲမှာ လူသတ်မှုအများဆုံးဖြစ်ပြီး (၁၃၀၀) ကျော်တယ်လို့ ပြည်ထဲရေးဌာန ဒု-ဝန်ကြီးက ပြည်သူ့လွှတ်တော်မှာ ဖြေကြားပါတယ်။ ရာဇဝတ်မှုတွေ တိုးပွားလာပေမယ့် ရဲတပ်ဖွဲ့ ရဲစွမ်းရည်ကတော့ ကျဆင်းနေပါတယ်။ အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ မိန်းကလေးနှစ်ဦးကို (၅) နှစ်လောက် ညှဉ်းပန်းနှိပ်စက်တဲ့အမှုမှာ ရဲစခန်းက အရေးယူဆောင်ရွက်တာမျိုး မလုပ်နိုင်တာဟာ လျစ်လျူရှုမှု ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူနေမှုဘဝဟာ အလွန်အမင်း ဆင်းရဲလွန်းတာကြောင့် တာဝန်ထမ်းဆောင်တဲ့နေရာမှာ စိတ်မပါကြတာလို့ မြင်ကြပါတယ်။

အဓိကရုဏ်းတွေ ဖြစ်ပြီဆိုရင် ရဲတပ်ဖွဲ့မှာ လက်နက်အင်အား၊ လူအင်အား၊ တက်ကျွမ်းမှု စတာတွေ လုံလုံလောက်လောက် မရှိတဲ့အတွက် ပဋိပက္ခဟာ ပိုပြီးကြီးထွားလာတယ်လို့ ဆိုပါတယ်။ စစ်တပ်ကို ခေတ်မီအောင် လုပ်နေချိန်မှာ ရဲတပ်ဖွဲ့ဟာ ခေတ်နောက်ကျသလို ဖြစ်နေပါတယ်။ ရဲတပ်ဖွဲ့ဟာ ရှိရမယ့် အင်အားရဲ့ (၄၇) ရာခိုင်နှုန်းကိုသာ ခန့်ထားနိုင်သေးတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးက ဆိုပါတယ်။ နိုင်ငံတကာ စံနှုန်းအရ လူဦးရေ (၄၀၀) မှာ ရဲသားတဦး ရှိရမှာဖြစ်ပေမယ့် ရန်ကုန်တိုင်းမှာ လူဦးရေ (၁၂၀၀) မှာ ရဲသားတယောက်သာ ရှိပါတယ်။ ဒါတောင် ရန်ကုန်မှာ ရှိသင့်တဲ့အင်အားရဲ့ (၈၀) ရာခိုင်နှုန်းကို ခန့်ထားတာလို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာတော့ လူဦးရေ (၁၅၀၀) မှာ ရဲသားတယောက်၊ မန္တလေးတိုင်းမှာ လူဦးရေ (၁၃၀၀) မှာ ရဲသားတယောက်သာရှိကြောင်း သိရပါတယ်။

စစ်တပ်လက်အောက် ရဲတပ်ဖွဲ့ ရောက်သွားပြီး စစ်ဗိုလ်တွေ ဦးဆောင်ချိန်မှာ အမိန့်နာခံတဲ့ အဖွဲ့အစည်း ဖြစ်သွားတဲ့အတွက် ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ပျောက်ဆုံးသွားပုံ ရပါတယ်။ ဝမ်ပေါင်တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ထားတဲ့ လက်ပံတောင်းတောင် လူထုဆန္ဒပြပွဲ နှိမ်နင်းတဲ့ ဖြစ်ရပ်ဟာ ရဲတပ်ဖွဲ့ကို နာမည်ပျက်စေပါတယ်။ ကြေးနီစီမံကိန်းကို ၂၀၁၀ ကတည်းက ဒေသခံတွေ ဆန္ဒပြကန့်ကွက်ခဲ့တာမို့ အဲဒီကတည်းက အကြမ်းဖက်ဖြိုခွင်းတာတွေ ရှိခဲ့ပါတယ်။ ၂၀၁၂ မှ ဆန္ဒပြတော့ ပါဝင်တဲ့ သံဃာတွေ မီးလောင်ဗုံးဒဏ်ခံကြရပြီး ၂၀၁၅ မှာ ပစ်ခတ်နှိမ်နင်းမှုကြောင့် လယ်သူမကြီး ဒေါ်ခင်ဝင်း သေဆုံးသွားပါတယ်။ ဆန္ဒပြပွဲကို နှိမ်နင်းပြီး ဝမ်ပေါင်တရုတ်ကုမ္ပဏီကို ရဲတပ်ဖွဲ့က ကာကွယ်စောင့်ရှောက်တယ်လို့ ဒေသခံတွေက မြင်ပါတယ်။

ကိုလိုနီခေတ် (၁၉) ရာစုမှာ ရဲတပ်ဖွဲ့ကို တည်ထောင်ပါတယ်။ အင်္ဂလိပ်လို Police လို့ ခေါ်တာမို့ ပုလိပ်လို့ မြန်မာက ခေါ်ပါတယ်။ လစာမလုံမလောက်နဲ့ အမှုထမ်းရတဲ့ မြန်မာပြည်သား ပုလိပ်ဟာ လာဘ်စားတဲ့နေရာမှာ နာမည်ကြီးပါတယ်။ အဂတိလိုက်စားသူကို အလုပ်ဖြုတ်ပြီး သန့်ရှင်းတဲ့ ပုလိပ် ဖြစ်လာအောင် ကိုလိုနီခေတ်က ကြိုးစားပေမယ့် မအောင်မြင်ပါဘူး။ မှုခင်းများလာလို့ ဖြုတ်ပစ်တဲ့ ပုလိပ်ကို ပြန်ခန့်ရတဲ့အဖြစ် ရောက်သွားပါတယ်။ ပုလိပ်မနိုင်တဲ့အလုပ်ကို စစ်တပ်က ဝင်လုပ်တဲ့အကျင့်ဟာ ကိုလိုနီခေတ်ကတည်းက စခဲ့တာ ဖြစ်ပါတယ်။ ကိုလိုနီခေတ်မှာ ပုလိပ်၊ စစ်ပုလိပ် နဲ့ စစ်တပ်ဆိုတဲ့ နှိမ်နင်းရေးအဖွဲ့ (၃) ခု ရှိပါတယ်။ ပုလိပ်အဖွဲ့မှာ လက်နက်ကိုင်သူရှိသလို၊ လက်နက်မကိုင်သူလည်း ရှိပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုနဲ့ မှုခင်းတွေကို နှိမ်နင်းဖို့အတွက် ရည်ရွယ်ပြီး တည်ထောင်ထားတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

ပုလိပ်ကို ရဲတပ်ဖွဲ့လို့ အမည်ပြောင်းလိုက်ပေမယ့် ပုလိပ်အကျင့်က ပျောက်သွားတာ မဟုတ်ပါဘူး။ ဒါကြောင့် ရဲတပ်ဖွဲ့ရဲ့ အဓိက လိုအပ်ချက်ဟာ ရဲသားတွေ စိတ်နေစိတ်ထား ပြောင်းလဲရေး ဖြစ်တယ်လို့ အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်က (၅၂) နှစ်မြောက် ရဲတပ်ဖွဲ့နေ့မှာ မနှစ်က ပြောသွားပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ပေးပေး၊ ဒီမိုကရေစီစံနှုန်းနဲ့ညီအောင် ဥပဒေတွေကို ဘယ်လောက်ပဲပြင်ပြင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓါတ်အခြေခံ မပြောင်းလဲရင် တိုးတက်မှုရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ရဲအဖွဲ့အတွက် အရေးအကြီးနဲ့ အခက်အခဲဆုံး အဆီးအတားဟာ စိတ်ဓါတ်ပြောင်းလဲရေး ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့အင်အားကို လာမယ့် (၃) နှစ်အတွင်း တသိန်းခွဲအထိ တိုးချဲ့ဖို့ ရည်ရွယ်တာမို့ အလုပ်များလာမှာ သေချာပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းလုပ်ကိုင်တဲ့ ပူးပေါင်းလုပ်ကိုင်တဲ့ အစဉ်အလာလည်း ကြီးမားပါတယ်။ စစ်တပ်က ခန့်ထားတဲ့ ပြည်ထဲရေးဝန်ကြီးလက်အောက်မှာ ရဲတပ်ဖွဲ့ ရှိနေတာဟာလည်း NLD အရပ်သားအစိုးရရဲ့ ပြုပြင်ရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေပါတယ်။ ရဲတပ်ဖွဲ့ဟာ တရားဥပဒေ စိုးမိုးရေးကို အဓိကထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ စစ်တပ်လို အမိန့်နာခံတဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ ဒါကြောင့် စစ်တပ်အောက်မှာ ရဲတပ်ဖွဲ့ရောက်နေတာဟာ သစ္စာ၊ သမာဓိ၊ သတ္တိဆိုတဲ့ ဆောင်ပုဒ်ကို ပျက်ရည်ပြုသလို ဖြစ်နေပါတယ်။

XS
SM
MD
LG