သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန်ဆောင်မှု နဲ့ အခွန်ရှောင်မှု


တိုက်ရိုက် လင့်ခ်

အစိုးရကို ပေးစရာရှိတဲ့ အခွန်ကို မပေးဘဲ တိမ်ရှောင်နေသူတွေကို အရေးယူပြီး စနစ်တကျ အခွန်ကောက်ယူဖို့ မေလ (၁၇) ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးသွားကြပါတယ်။ အခွန်ဆောင်ရမှာကို သိရက်သားနဲ့ ရှောင်နေတာဖြစ်လို့ ပညာပေးစည်းရုံးတာမျိုး မလုပ်တော့ဘဲ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဖို့ကိုလည်း ပြောဆိုကြပါတယ်။ လုပ်ငန်းရှင်တွေက အစိုးရကို အယုံအကြည်မရှိလို့ အခွန်မဆောင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘာလုပ်ငန်းမှ မပြနိုင်ဘဲ ချမ်းသာနေသူတွေကိုလည်း စစ်ဆေးပြီး အခွန်ကောက်ယူဖို့ လိုအပ်တယ်လို့ အကြံပေးကြပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း မှတ်ပုံတင်ထားပြီး အခွန်မဆောင်တဲ့ ကုမ္ပဏီ တစ်သောင်းကျော်ရှိကြောင်း သိရပါတယ်။ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားပြီးမှ အလုပ်မလုပ်တဲ့ ကုမ္ပဏီတွေလည်း ဒီထဲမှာ ပါဝင်နိုင်ပါတယ်။ ကုန်သွယ်လုပ်ငန်းခွင်နဲ့ ဝင်ငွေခွန်ကို ရှင်းပြတဲ့ အခွန်အကောက်ဥပဒေကို ၂၀၁၄ ခု၊ မတ်လ (၂၈) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ NLD အစိုးရတက်လာတော့ ၂၀၁၇ မတ်လ (၁) ရက်နေ့မှာ အခွန်အကောက် ဥပဒေကို ပြဌာန်းပြန်ပါတယ်။ အဲဒီနောက် အခွန်ဆိုင်ရာ ကြေညာစာ (၁၃) ခု ထုတ်ပြန်ပြီး ၂၀၁၈ မတ်လ (၃၀) ရက်နေ့မှာ အခွန်အကောက်ဥပဒေကို ပြဌာန်းလိုက်ပါတယ်။

ဒါပေမဲ့ ဥပဒေတွေ ပြဌာန်းတိုင်း ရသင့်ရထိုက်တဲ့ အခွန်အကောက်ကို ရလိမ့်မယ်လို့ အာမ မခံနိုင်ပါဘူး။ အခွန်အကောက်ဆိုတာ အစိုးရနဲ့ ပြည်သူလူထုအကြားထားရှိတဲ့ လူမှုပဋိညာဉ် သဘောတူညီချက်တခု ဖြစ်နေတာမို့ အပြန်အလှန်တာဝန်သိဖို့လိုကြောင်း မကြာမီက ထုတ်ဝေတဲ့ Asia Foundation စာတမ်းမှာ ဖော်ပြထားပါတယ်။ အခွန်အကောက်ဆိုင်ရာ ပြည်သူ့သဘောထားကို James Owen နဲ့ ဟေမန်ထွန်းတို့က တင်ပြထားတာ ဖြစ်ပါတယ်။ ရန်ကုန်၊ ဖားအံ့ နဲ့ တောင်ကြီးတို့က မြို့သူမြို့သား ၁၄၀၀ ကို မေးမြန်းစုံစမ်းပြီး အခွန်နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထားကို ဖော်ပြထားပါတယ်။ ရန်ကုန်နိုင်ငံရေးသိပ္ပံနဲ့ Asia Foundation တို့ ပူးတွဲထုတ်ဝေတဲ့ ၂၀၁၇ မြို့ပြလူနေမှုဘဝစစ်တမ်းပါ အချက်အလက်တွေကို အခြေခံပြီး ရေးသားထားတဲ့ 'အခွန်အကောက်နဲ့ ပြည်သူ့အမြင်' စာတမ်း ဖြစ်ပါတယ်။

တိုင်းသူပြည်သားက အခွန်ဆောင်ဖို့ တာဝန်ရှိသလို အစိုးရကလည်း အခြေခံဝန်ဆောင်လုပ်ငန်းတွေ လုပ်ပေးဖို့လိုပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ နှစ်ဘက်စလုံးက တာဝန်မကျေသလို ဖြစ်နေပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာရတဲ့ အခွန်ပမာဏဟာ အလွန်နည်းနေပါတယ်။ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွင်နဲ့ ပစ္စည်းခွန်နဲ့ ပတ်သက်တဲ့ ပြည်သူ့သဘောထားကိုသာ စာတမ်းမှာ ဖော်ပြပြီး အခွန်အကောက်အပေါ် စီးပွားရေးလုပ်ငန်းရှင်နဲ့ ကျေးလက်လူထုထားရှိတဲ့ သဘောထားကိုတော့ ချန်လှပ်ထားပါတယ်။ ဝင်ငွေခွန်ကို ဝင်ငွေအနည်းအများကိုလိုက်ပြီး ပြည်တွင်းအခွန်ဦးစီးဌာနက ကောက်ယူပါတယ်။

အလုပ်သမားတွေဆီက ရတဲ့အခွန်ကို ကုမ္ပဏီပြည်တွင်းအခွန်ဦးစီးဌာနကို လွှဲပြောင်းပေးရပါတယ်။ ဒါပေမဲ့ တနှစ်ဝင်ငွေ သိန်း (၂၀) အောက်မှာ ရှိသူတွေဟာ ဝင်ငွေခွန် ကင်းလွတ်ခွင့် ရပါတယ်။ သိန်း (၂၀) ကျော်လာရင် တဖြည်းဖြည်းတိုးမြှင့်ကောက်ယူတာမို့ ဝင်ငွေရဲ့ (၂၅) ရာခိုင်နှုန်းအထိ ကောက်ယူပါတယ်။ ကုန်သွယ်လုပ်ငန်းအခွန်ကတော့ စားသုံးကုန် ရောင်းရငွေနဲ့ ဝန်ဆောင်မှုကရတဲ့ ငွေအပေါ်မှာ စည်းကြပ်တဲ့အခွန်ဖြစ်လို့ ယေဘုယျအားဖြင့် ကျသင့်ငွေရဲ့ (၅) ရာခိုင်နှုန်းကိုသာ ကောက်ခံပါတယ်။ ကုန်သွယ်လုပ်ငန်းခွန်ကို နိုင်ငံအတော်များများမှာ တပြေညီ ကောက်ခံလေ့ရှိပါတယ်။ မြန်မာပြည်မှာတော့ မြို့ပြလုပ်ငန်းတွေမှာသာ စည်းကြပ်ပြီး ပြည်သူ့ရောင်းဝယ်မှုမှာ ကောက်ခံလေ့မရှိပါ။ ကုန်ပိုင်အိမ်မြေနဲ့ အိမ်မြေငှားရမ်းရင် ပစ္စည်းခွန်ဆောင်ရပါတယ်။ ပေးရမယ့် ကျသင့်ဝင်ငွေခွန်ရဲ့ (၁၀) ရာခိုင်နှုန်းဟာ ပစ္စည်းခွန် ဖြစ်ပါတယ်။

မေးမြန်းခံရသူ (၅၀) ရာခိုင်နှုန်းကျော်ဟာ ဝင်ငွေခွန်ကို ကြားဖူးကြပြီး (၇၀) ရာခိုင်နှုန်းဟာ ကုန်သွယ်လုပ်ငန်းခွန်ကို သိကြပါတယ်။ ပစ္စည်းခွန်ပေးသူဦးရေကတော့ နေရာဒေသလိုက်ပြီး အနည်းအများရှိပါတယ်။ ရန်ကုန်မှာ (၅၀) ရာခိုင်နှုန်းကျော်ရှိပြီး တောင်ကြီးမှာ (၃၀) ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ အခွန်မဆောင်ရင် အပြစ်ဒဏ်ခံရမယ်ဆိုတာကိုလည်း အများစုက နားလည်သဘောပေါက်ကြပါတယ်။ ဒါပေမဲ့ အခွန်ပေးရတဲ့အကြောင်းရင်းနဲ့ အခွန်ငွေကို အစိုးရက ဘယ်လိုသုံးစွဲတယ်ဆိုတာကို မေးမြန်းခံရသူ (၉၀) ရာခိုင်နှုန်းက သိချင်ကြပါတယ်။ အခွန်ဆောင်ရမယ့်တာဝန်ကို အများစုက နားလည်ကြပါတယ်။

ဒါကြောင့် အခွန်ဆောင်ဖို့ တာဝန်ရှိကြောင်း အစိုးရဘက်က ပြောဆိုနေတာဟာ အကျိုးမရှိဘူးလို့ ဆိုပါတယ်။ အခွန်ဆောင်ချင်လာအောင် ရှင်းလင်းတင်ပြပြီး ပြည်သူလူထု ယုံကြည်လာအောင် လုပ်တာက ပိုပြီးထိရောက်တယ်လို့ ဆိုပါတယ်။ ကျေးလက်လူတန်းစားဟာ အခွန်ဆောင်ရတာကို သဘောကျပုံ မရပါဘူး။ မြို့နေလူတန်းစားကတော့ အခွန်ဆောင်မှုကို မဆန့်ကျင်ပေမယ့် အစိုးရကို မယုံမကြည် ဖြစ်နေပုံ ရပါတယ်။ အခွန်အကောက်ဆိုင်ရာ သတင်းအချက်အလက်တွေကို ပြည်သူက သိလေလေ အစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်လေလေမို့ ပညာပေးတာ ပိုပြီးသင့်တော်ကြောင်း James Owen နဲ့ ဟေမာန်ထွန်းတို့ရဲ့ အခွန်ဆိုင်ရာ ပြည်သူ့သဘောထားစာတမ်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG